ဟယ်လို… ကျေးဇူးပြုပြီး
ဒီဖုန်းနံပါတ်က ဘယ်ရောက်နေတာလဲ ဆိုတာ သိလို့ရမလားရှင်..
……..
သြော်.. ဘီယာဆိုင်လား..
ဒါဆို အဲ့ဆိုင်မှာ ဇူးဇူး ဆိုတဲ့နာမည်နဲ့ အမျိုးသမီးများ ရှိနေလား မသိဘူးနော်..
…….
ဟုတ်ကဲ့ ကျွန်မ
သူနဲ့ စကားပြောခွင့်ရချင်ပါတယ်ရှင်…
…….
အခုပြောနေတာ ဇူးဇူးလား
ညီမလေး..
……..
သြော်.. အစ်မ နန်းနုပါ
ညီမလေး မန်းလေးက ဆက်တာပါ…
…….
အဟင်း အစ်မလဲ ညီမလေးကို
မသိပါဘူးကွယ်….
…….
သြော်.. အစ်မ အမျိုးသားရဲ့
ဖုန်းထဲမှာ ဇူးဇူး ဆိုတဲ့နာမည်နဲ့ ဒီဖုန်းနံပါတ်ကို
တွေ့လို့ ဆက်ကြည့်လိုက်တာပါ…
……
အင်းပေါ့
အင်းပေါ့.. လူတွေ ဒီလောက်များတာ ဘယ်မှတ်မိနိုင်ပါ့မလဲ အစ်မ နားလည်ပါတယ်.. ဒါနဲ့ ညီမလေး
နေမကောင်းဘူးလား အသံတွေ နာလို့ပါ့လား…
……
အို..
ဟုတ်လား.. ညတိုင်း အဲ့အချိန်ထိ သီချင်းဆိုကြရတာလား… အင်း… ကိုယ့်ကျန်းမာရေးကိုတော့
ဂရုစိုက်ပါ ညီမလေးရယ်…
……
ဟင့်အင်း
မဟုတ်ပါဘူး.. အစ်မ အမျိုးသားက အဲလိုတွေ မရှုပ်ထွေးတတ်ပါဘူး.. ဖုန်းနံပါတ်မှတ်ထားတယ်
ဆိုတော့ သူ့မိတ်ဆွေ၊ သူငယ်ချင်းပဲ ဖြစ်မှာပါဆိုပြီးလေ.. အစ်မလဲ အိမ်မှာ တစ်ယောက်တည်း
ပျင်းနေတာနဲ့ စကားပြောရအောင် ဆက်ကြည့်တာပါ…
…….
သူက
ရုံးသွားတယ်လေ ညီမလေးရဲ့… အစ်မကတော့ ကိုယ်ဝန်နဲ့ဆိုတော့
အိမ်မှာပဲ နားနားနေနေ နားနေတာ…
……..
ဒါပေါ့
ညီမလေးရယ် ဘာပဲပြောပြော ဒီအချိန်က မိန်းမသားတိုင်း အားငယ်ဝမ်းနည်းတတ်ကြတာမလား ယောင်္ကျားက
ကိုယ့်နားမကပ်ရင် ပိုဆိုးရော..
……
သူလား…………
ညီမလေး သူငယ်ချင်းက အစ်မကို ဂရုစိုက်ပါတယ်. တစ်ခါတစ်လေ အိမ်ပြန်နောက်ကျတတ်တာနဲ့ နောက်ကျတဲ့အခေါက်တိုင်း
သောက်လာတတ်တာကလွဲလို့ပေါ့ .. အဟင်း…
……
သြော်
ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ ညီမလေးရယ်.. အစ်မမှ သူ့ကို ပြုစုယုယမှု မပေးနိုင်သေးတာဆိုတော့
သူလဲ အိမ်မှာနေရတာ ငြီးငွေ့ရှာမှာပေါ့ကွယ် .. အစ်မ နားလည်ပါတယ်…
…….
ဒါတော့ဒါပေါ့
ညီမလေးရယ်.. ဒါပေမယ့် အစ်မဗိုက်ထဲက ကလေးရဲ့ အဖေ အဖြစ်၊ အစ်မရဲ့ တရားဝင် ခင်ပွန်းယောင်္ကျားအဖြစ်
သူ ရပ်တည်နေပေးတာနဲ့တင် အစ်မက ကျေနပ်ပါတယ်.. ဘယ်လောက်ပဲ အိမ်လည်လည် အချိန်တန်ရင် အိမ်ပြန်လာတတ်ကြတာပဲ
အိမ်ပြန်လာရတာပဲ ညီမလေးရဲ့ ဘယ်လိုအကြောင်းကမှ သူ့ရဲ့ တရားဝင်ဇနီးမယားကြီး ဆိုတဲ့ နေရာကနေ
အစ်မကို ဖယ်ဆင်းခိုင်းလို့မှ မရတာ..
……..
အင်း…
အပြင်က ပျော်ရွှင်မှုတွေက ဘယ်လောက်ပဲ သာယာမှုပေးနိုင်ပစေ.. မိသားစုရဲ့ နွေးထွေးမှုဆိုတာကတော့
အိမ်မှာပဲ ရနိုင်တာလေ.. ဘယ်လိုပဲ သာယာပါတယ်ပြောပြော
ဒါက အချိန်ပိုင်းပဲ မဟုတ်လား ညီမလေးရဲ့
…..
ဒီလိုလေ
ညီမလေးရဲ့ အပြင်က သာယာမှုတွေ ရနိုင်တယ်ဆိုတာ အချိန်ရော၊ ငွေရော ပေးဆပ်နိုင်မှ ရတာမလား..
တစ်ခုခု ပျက်ကွက်တာနဲ့ ဘယ်သာယာနိုင်ပါတော့မလဲ.. အစ်မတို့ မိသားစုမှာတော့ အဲလို မဟုတ်ဘူးလေ
ရှိလဲအတူ၊ မရှိလဲအတူ မျှဝေခံစားနိုင်ကြတယ်… ပျက်ကွက်မှုတွေ ရှိလာရင်လဲ နားလည်မှုနဲ့ အတူ
ခွင့်လွှတ်နိုင်ကြတယ်… အဲလိုလေးတွေ ရှိတာပေါ့…
…..
အင်း…
ဥပမာ… သူ မကျန်းမာဘူးဆိုပါတော့နော်.. အပြင်မှာ သူ့ကို ဘယ်သူ စောင့်ရှောက်မလဲ ညီမလေးရဲ့
ပိုက်ဆံပေးငှားလို့ရတဲ့ နာ့စ် ဆိုရင်တောင် နေလို့ကောင်းအောင် ပြုစုပေးရုံပဲ ရှိမှာပေါ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျတော့ ဘယ်ဖြည့်တင်းနိုင်ပါ့မလဲ..
……
အင်းပေါ့…
အစ်မကတော့ သူ့အပေါ်မှာ ထားရှိတဲ့ အစ်မရဲ့ မေတ္တာတရားကို ယုံကြည်တယ် အဲလိုပဲ သူ့ရဲ့ သစ္စာတရားကိုလဲ
ယုံကြည်တယ်… ယောင်္ကျားလေးဆိုတော့ တစ်ခါတစ်ရံမှာ စောင့်ထိန်းနိုင်မှု ကင်းလွတ်ချင် ကင်းလွတ်လိမ့်မယ်..
ဒါလည်းပဲ ယောင်္ကျားတိုင်း ဖြစ်လေ့ဖြစ်ထ ရှိတာပဲလေ သူတစ်ယောက်တည်းမှ မဟုတ်တာ ညီမလေးရ…
……
အယ်..
မဟုတ်ရပါဘူး ညီမလေးရယ်.. မိန်းမတိုင်း မိန်းမတိုင်း ဒီလိုပဲ သဘောထားတတ်ကြတာပါ သဘောထားအမှန်ကို
ထုတ်ပြောတဲ့သူနဲ့ ကွယ်ဝှက်တဲ့သူပဲ ကွာတာပါ.. ညီမလေးလဲ ယောင်္ကျားတစ်ယောက်ရဲ့ ဇနီးတစ်ယောက်
ဖြစ်လာပြီဆိုရင် ဒီလိုပဲ ဖြစ်မှာပါ အစ်မ ပြောရဲပါတယ်…
……
ဒါပေါ့
သွေးရင်းသားရင်း မောင်နှစ်မထက် ရင်းလို့ သူစိမ်းကနေ အိမ်ထောင်တစ်ခု ဖြစ်ခဲ့ပြီပဲလေ…
ဘာကို စိတ်မချဖြစ်နေရဦးမှာလဲ… အစ်မကတော မဖြစ်ပါဘူး..
……
အို..
ဟုတ်ပါရဲ့ ညီမလေးက အသံချိုချိုလေးနဲ့ စကားပြောကောင်းတော့ အစ်မ အချိန်ကိုတောင် သတိမထားမိလိုက်ဘူး..
ညီမလေး နားနေချိန်တွေ ပဲ့ကုန်ပြီ အားနာလိုက်တာကွယ်…
…..
ဟုတ်ပါပြီရှင်
အစ်မကို အချိန်ပေးပြီး အဖော်လုပ် စကားပြောတဲ့ ငါ့ညီမလေးကိုလဲ အစ်မက ကျေးဇူးအများကြီး
တင်ပါတယ်နော်… အမျိုးသားပြန်လာရင်လဲ ညီမလေးရဲ့ ဖော်ရွေမှုတွေကို ပြောပြလိုက်ပါ့မယ်….
…..
ဟုတ်ပြီ
ဟုတ်ပြီ အသံနာနေတာ ငုံဆေးလေး ငုံထားလိုက်ဦးနော်.. ညီမလေး.. နောက်မှ အချိန်ရရင် စကားပြောကြတာပေါ့….
…..
။
…………………………………………………………………………………………………………………………………………
ဟယ်လို…
မောင်ရေ.. နေ့လည်စာ စားပြီးပြီလား…
…..
အော..
မိန်းမ ဒီနေ့ ကော်ဖီကို နည်းနည်းချိုထားတယ်နော်.. သောက်ရတာ အဆင်ပြေရဲ့လား…
…..
အင်း
မနေ့ညက မောင် အိပ်မပျော်ဘူး ပြောလို့လေ
……
သြော်…
မောင်က ဘီယာသောက်ရင် အညာပြောင်းဖူးကြော်မြည်းရတာ ကြိုက်တယ်မလား ဆိုင်တွေမှာက အဲဒါမျိုး
မရှိဘူးလေ ဒါကြောင့် မနက်က စောစောထကြော်ပေးထားတာလေ.. စက္ကူဗူးနဲ့ ထည့်ပေးလိုက်တာဆိုတော့
သယ်ရပြုရလဲ အဆင်ပြေပါတယ် မောင်ရဲ့…
…..
ဟုတ်သားပဲ
ဆိုင်တွေက ပြင်ပအစားအစာ ယူခွင့်မပြုဘူးဆိုတာ မိန်းမ မေ့သွားတယ်.. အင်း ဘယ်တက်နိုင်ပါ့မလဲ
မောင်ရယ်.. အိမ်ပြန်ရောက်မှသာ စားတော့ မိန်းမ ပြန်နွှေးပေးလို့ရတာပဲ…
……
အိမ်မှာပဲ
သောက်တော့ မောင့်တစ်ယောက်တည်း ပျင်းနေမှာပေါ့ ဆိုင်မှာကျ သူငယ်ချင်းတွေနဲ့ စကားစမြည်
ပြောလို့ရတယ်ဆိုတော့ မောင် မပျင်းဘူးလေ…
……
သြော်
မောင်ရယ် မိန်းမအတွက်က အိမ်မှာ တစ်ယောက်တည်းဆိုတာ ရိုးနေပါပြီ… မောင် အိမ်က ထွက်သွားကတည်းက
ပြန်လာတဲ့အချိန်ထိ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ ဖုန်းပြော၊ စာအုပ်ဖတ်၊ ဗိုက်ထဲက ကလေးကို
စကားပြောလိုက်၊ သစ်ပင်စိုက်လိုက်၊ သီချင်းနားထောင်လိုက်၊ လေ့ကျင့်ခန်းလုပ်လိုက်နဲ့
အချိန်က ကုန်သွားတာပဲလေ…
…..
ဒါတော့
မောင်ရယ်.. တစ်နေကုန် ရုံးမှာ ပင်ပန်းလာတော့ အိမ်ရောက်တာနဲ့ နားချင်တာပေါ့ မိန်းမသိပါတယ်
ဘာမှမဖြစ်ပါဘူး မောင့်လက်မောင်းပေါ် ခေါင်းအုံးလို့ရတာပဲ တော်ပါပြီ
…..
တကယ်လား
မောင်…
…..
မောင်
စောစောပြန်လာမယ်ဆို မိန်းမ ကိုက်လန်ခရုဆီ ကြော်ပေးထားမယ်လေ၊ ပြောင်းဖူးကြော်ရော ရှိတယ်ဆိုတော့
မောင် ကောင်းကောင်းမြည်းလို့ရပြီလေ နော်..
…..
တကယ်….။
အဲလိုသာဆို မိန်းမ ဒီည အိပ်လို့ ပျော်ပါ့မလားတောင် မသိဘူး ……
…..
ပျော်လို့ပေါ့
မောင်ရယ်… လင်ရယ်မယားရယ်လို့ စကားမပြောရတာ ဘယ်လောက်တောင် ကြာနေပြီလဲ မောင်ရဲ့ မောင့်အလုပ်တာဝန်တွေကို
သိနေ၊ နားလည်နေလို့သာ မိန်းမ အရမ်းအထီးကျန်တာ သိလား ပြီးတော့ ကိုယ့် ယောင်္ကျား အရက်၊ ဘီယာသောက်တာ ဘယ်မိန်းမက
သဘောကျမှာလဲ သြော်… ငါတားလိုက်ရင် ငါ့ယောင်္ကျား စိတ်ညစ်ရချည်ရဲ့ ငါကွယ်ရာမှာ ငါမသိအောင်
လုပ်ရချည်ရဲ့ ဆိုပြီးတော့ ငြိမ်နေရတာ…
….
ဟုတ်
မိန်းမကို ငဲ့ညှာတွေးပေးလို့ ကျေးဇူးတင်ပါတယ် မောင်ရယ်… သြော်.. မေ့နေတယ်.. မောင် ပြန်လာရင်
၃၈ဖြာမင်္ဂလာတရားတော် ပုံပြင်စာအုပ်လေး ဝယ်ခဲ့ပေးနော်…
….
သြော်..
မိန်းမအတွက်တော့ ဟုတ်ပါ့မလား မောင်ရယ်.. မောင့်သားက ခုဆို အထဲကနေ ကန်ကျောက်နေပြီ သိရဲ့လား…
အဲဒါ ခုကတည်းက သိမ်မွေ့အောင်၊ ယဉ်ကျေးလိမ္မာအောင် ပုံပြင်တွေ ပြောပြထားမလို့…
….
ရတယ်လေ
မောင်ရဲ့.. ဒါ အဖေ့အသံလား အမေ့အသံလားဆိုတာ သူ ခွဲပြီး နားလည်တယ်.. ဒီအချိန်မှာ စကားပြောပြီး
ရင်းနှီးမှုယူထားတာက မိဘနဲ့သားသမီး ပိုပြီး တွယ်တာစေတယ်လေ…
…..
မောင်
အချိန်များများပေးနိုင်လေ.. မောင့်သားက မောင့်ကို ပိုပြီး တွယ်တာလေ ချစ်လေပေါ့ မောင်ရယ်…
…..
ဟုတ်ပါပြီ..
ကဲပါ အိမ်ပြန်ရောက်မှ ဆက်ပြော မောင့်မိန်းမနဲ့ မောင့်သားက ဘယ်မှထွက်မပြေးဘူး ..
……။
…………………………………………………………………………………………………………………………………………
ကျနော့်အမေ ကျနော့်ကို ဂရုမစိုက်ပဲ တစ်မနက်လုံး
ဖုန်းပဲပြောနေတယ်… ခါတိုင်းဆို ကျနော့်ကို အသာအယာပွတ်သပ်ပြီး ပုံပြောတွေ ပြောနေကျပါ..
ဒီနေ့ ဘယ်လိုဖြစ်တာလဲ.. ကျနော် စိတ်ဆိုးဆိုးနဲ့ မေမေ့ကို ဒူးနဲ့တိုက်ပြီး မေးမိတယ်…
…………………………………………………………………………………………………………………………………………
သြော်…. ငါ့သားရယ်.. လူအိုတော့ ပန်းပန်၊
အိမ်အိုတော့ ကျားကန်ရတယ်တဲ့…. ခု အမေက အမေတို့ အိမ်လေး… မအိုခင်က မပြိုရအောင် တက်နိုင်သလောက်
ကျားကန်နေတာပါ… မေမေက ကျားအဖြစ်နဲ့ ငါ့သားက ကန်ထားနော်... ဒါမှ ငါ့သား လူ့လောကထဲ ရောက်လာရင် အဖေနဲ့၊ အမေနဲ့၊ အိမ်လေးနဲ့ နွေးထွေးမှာပေါ့…
ကဲ မေမေ ပုံပြင်ပြောပြမယ်နော်…
ပုံပြင်လေးနာမည်က အရက်သမား အမှားကြီးမှားတဲ့..။
သေရည်သေရက်ကို သောက်သုံးမိလို့ ယစ်မူးမိလို့ နတ်ရွာစံသွားရတဲ့ မင်းတရား ရွှေထီးအကြောင်းပေါ့
သားရယ်…
….
….။ ။
ရင်ငြိမ်းပန်း(ပခုက္ကူ)

5 comments:
ကောင်းချက် . . .
ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါပဲ။
ရေးတတ်ပါပေ့..... ရင်ငြိမ်းပန်းရယ်....
ရင်ဘတ်ကြီးနှင့်ခံစားသွားပါတယ်ဗျာ....
တကယ်ကောင်းတဲ့ပိုစ်လေးပါ။ ဖတ်ရတာ အရသာရှိပြီး
နှစ်မျှောသွားတယ်။ ကျေးဇူးတင်ပါတယ် ခုလိုစာပေ ဗဟုသုတလေးတွေ ဖတ်ရလို့။
ပျော်ရွှင်ပါစေ
ညီမလေး...
ဝတ္တုကောင်းလေးကို မျှဝေပေးတာ ကျေးဇူးတင်ပါတယ်...။
ပုံသဏ္ဍန်အသစ်လေးနဲ့ ရေးထားတာ ဖတ်သူကို ဆွဲခေါ်သွားတယ်။ အဆုံးသတ်လေးကို ဘ၀င်ကျမိတယ်..။
နန်းလေပြေနုစာတွေ မဖတ်ရတာကြာပြီ
စာရေးတာ သိပ်ကောင်းတာဘဲဗျာ
THIHA
Post a Comment