Pages

Monday, September 26, 2011

ဧရာဝတီပါပဲ... ဒါပေမယ့် လမ်းတော့ မချော်စေချင်

နတ်ဆိုးလေး အစပြုခဲ့တဲ့ Bloggers for Ayeyarwady မှာ ဧရာဝတီမြစ်ဆုံဆည်နဲ့ ပါတ်သက်ပြီး ပို့စ်ရေးပေးဖို့ သတ်မှတ်ထားတာ ပြီးခဲ့တဲ့ သောကြာနေ့ (၂၃.၉.၂၀၁၁) ကပါ။ ဒါပေမယ့် အဲ့ဒီရက်မှာ ကျွန်မ စာဖတ်လို့ မပြီးသေးတဲ့အတွက် မရေးတင်နိုင်ခဲ့ပါဘူး။ ခုလဲ အဆင်သင့်တော့ မဖြစ်သေးပါဘူး.. ဒါပေမယ့် ကျွန်မ တစ်ခုခုကို တွေးပြီး စိတ်ပူလာတဲ့အတွက် ဒီပို့စ်ကို ရေးပြီး တင်လိုက်တာပါ။

ကျွန်မ နန်းလေပြေနုကို ပခုက္ကူဆိုတဲ့ မြို့မှာ မွေးခဲ့တာပါ။ ပခုက္ကူဆိုတာက ပုဂံ၊ညောင်ဦး တစ်ဖက်ကမ်း၊ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းနဖူးကို မေးတင်ထားတဲ့ မြို့လေးတစ်မြို့ပါ။ ကျွန်မ ချက်ကို မြုပ်ခဲ့တဲ့ သစ်ပင်ဟာ ဧရာဝတီမြစ်ရဲ့ မြောက်ဖက် ပေငါးဆယ်လောက်ပဲ ကွာဝေးတာပါ။ ဒါတွေကို အကြောင်းမဲ့ ရေးနေတာ မဟုတ်ပါဘူး။ ကျွန်မ ဧရာဝတီနဲ့ ဘယ်လိုဘယ်ပုံ ရင်းနှီးခဲ့သလဲ၊ ကျွမ်းဝင်ခဲ့သလဲဆိုတာကို မြင်သာအောင်လို့ပါ။

ကျွန်မ ဧရာဝတီကို ချစ်ပါတယ်။ ဘယ်လောက်ထိလဲဆိုရင်.... အိမ်မှာ ဖေဖေနဲ့ မေမေ ရန်ဖြစ်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စိတ်ကောက်တဲ့အခါ၊ ချစ်သူနဲ့ အဆင်မပြေတဲ့အခါ၊ ဧရာဝတီကမ်းနဖူးမှာ ရှိတဲ့ ဘုရားဘေး သစ်ပင်အောက်ကနေ ဧရာဝတီ နဲ့ တစ်ဦးတည်း စကားပြောနေတတ်တဲ့ ကျွန်မပါ။ ဧရာဝတီကို အမြဲလိုလို ထိတွေ့ခွင့်ရနေတဲ့ ကျွန်မ ဧရာဝတီမြစ်ကြီး ကန်းသွားမှာ သိပ်ကိုကြောက်ပါတယ်။

ကျွန်မ ဖြတ်သန်းခဲ့သော မြစ်ပြင်များ ဆိုတဲ့ ပို့စ်လေးက ကျွန်မရဲ့ ဧရာဝတီ အတွေ့အကြုံအစစ်တွေပါ။ ကျွန်မ ဧရာဝတီကို သိပ်မြတ်နိုးပါတယ်။ Hot Topic တစ်ခုမို့ ကျွန်မ ဧရာဝတီကို ချစ်ခင်ခြင်း မဟုတ်ပါဘူး။ ကျွန်မလည်း ဧရာဝတီ ဘက်တော်သား တစ်ယောက်ပါ။ ဒါကြောင့် ကျွန်မ ဧရာဝတီ အတွက် စိုးရိမ်ပါတယ်။ စိုးရိမ်လို့ ဒီပို့စ်ကို ရေးပြီး တင်ပါတယ်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း

ဧရာဝတီရဲ့ အစတည်ရာ မေခ နဲ့ မလိခ မြစ်ဆုံနေရာမှာ ဆည်တည်ဆောက်မယ်။ ရေအားလျှပ်စစ် ထုတ်မယ်။ တရုတ်နဲ့ ခွဲဝေသုံးစွဲရမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေလိမ့်မယ်။ တရုတ်ရဲ့ ဂုတ်သွေးစုပ်တာ ခံရမယ်.... စသည်ဖြင့်.................

မြစ်ဆုံဆည်ကို ကန့်ကွက်ပါသည်

ဒီလို ကန့်ကွက်လိုက်ရုံနဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ရပ်တန့်သွားပါ့မလား????

ဒီမေးခွန်းက တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ စီမံကိန်းကို အုတ်မြစ်ချတဲ့သူတွေကတော့ သူတို့မှာ ဘယ်လိုမျိုး အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်၊ ဘယ်လိုမျိုး ရင်းနှီးမြုပ်နှံမှုတွေ ပိုင်ဆိုင်နိုင်ပါတယ်၊ .......... ဆိုပြီး အချက်အလက် ကိန်းဂဏန်းတွေနဲ့ ငြင်းချက်ထုတ်သွားတဲ့အချိန်မှာ ကျွန်မတို့ဖက်ကရော သာမန်အရပ်သားတွေလို ...............

မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး......... ဒို့အရေး ........... လို့ အော်ဟစ်နေရုံမျှနဲ့ လုံလောက်နိုင်ပ့ါမလား????

ဆည် အမျိုးအစား ဘယ်နှစ်မျိုး ရှိလဲ။ ဘယ်အမျိုးအစားက ဘယ်အတွက် သုံးတာလဲ။ ဆည်ကနေ ရနိုင်တဲ့ အကျိုးက ဘာလဲ အပြစ်က ဘာလဲ။ Dam Failures တွေ ရှိလာခဲ့ရင် ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲ၊ ဘယ်လောက်အထိ ဆုံးရှုံးမှုတွေ ဖြစ်လာမလဲ။ ဆည်တစ်ခု ဆောက်လုပ်ဖို့အတွက် အဓိက ထည့်သွင်းစဉ်းစားရတဲ့ အချက် နှစ်ချက် ဖြစ်တဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ မကိုက်မှု၊ Environmental Impact Statement (EIS) နဲ့ အဆင်ပြေခြင်း ရှိမရှိ ဆိုတာတွေကို လေ့လာမှု မရှိပဲ သက်ဆိုင်ရာ အချက်အလက်တွေကို ကိန်းဂဏန်းတွေနဲ့ အတိအကျ မထုတ်ပြန်နိုင်ပဲ..............


မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး......... ဒို့အရေး ........... လို့ အော်ဟစ်နေရုံမျှနဲ့ လုံလောက်နိုင်ပ့ါမလား????

နောက်တစ်ချက်က ပွဲလန့်တုန်း ဖျာဝင်ခင်းတတ်သူများ အကြောင်းပါ။ ထိုကဲ့သို့သော သူများကို ကျွန်မ အကြီးအကျယ် ရွံ မုန်းပါတယ်။

ရွှေဝါရောင် တော်လှန်ရေးရဲ့ သန္ဓေက ကျွန်မရဲ့ ဇာတိမြို့ ပခုက္ကူမှာ စတင်ခဲ့တာပါ။ ရွှေဝါရောင် တော်လှန်ရေး ဘာကြောင့် ဖြစ်ပွားခဲ့ရသလဲလို့ မေးလိုက်ရင် အစစ်အမှန် အကြောင်းရင်းကို ဖြေနိုင်တဲ့သူ တော်တော်ရှားပါလိမ့်မယ်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာတဲ့အတွက် ဒါယိကာ၊ ဒါယိကာမတွေ အဆင်မပြေဖြစ်၊ ဆင်းရဲကြတာကို မတွေ့မြင် မကြည့်ရက်ကြတဲ့ သံဃာတော်များက ကုန်ဈေးနှုန်းကျဆင်းစေဖို့၊ ရန်သူမျိုးငါးပါးကနေ ကင်းလွတ်ဖို့ ဒုက္ခဆင်းရဲက လွတ်ကင်းစေဖို့ အေးချမ်းသာယာစေဖို့ ရည်ရွယ်ပြီး ပခုက္ကူမြို့ကို ပတ်ကာ စီတန်းမေတ္တာပို့ ပရိတ်ရွတ်ကြတာပါ။

ဒါကို အာဏာရူးအချို့က လက်နက်သုံး ဖြေရှင်းခဲ့တဲ့အတွက် တစ်နိုင်ငံလုံး ရွှေဝါရောင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတာပါ။

ဒါပေမယ့် တော်လှန်ရေးကြီး တစ်မြို့ပြီးတစ်မြို့ ကူးစက်သွားတဲ့အခါ မူရင်းရည်ရွယ်ချက် ပျက်ယွင်းပြီး နိုင်ငံရေး အသွင်ကို ဆောင်ခဲ့ရပါတယ်။ အဲဒီ့အတွက် ကျဆုံးသွားတဲ့ ကျွန်မတို့မြိုက သံဃာတော်တွေ အစား ကျွန်မ ရင်နာပါတယ်၊ လုံးဝ မကျေနပ်ပါဘူး။ အခုချိန်ထိ သပိတ်ပြန်မလှန်သေးတဲ့ ကိုယ်တော်တွေ ကျန်ရှိနေသေးပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကောင်းမွန်စွာနဲ့ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှု တစ်ခုကနေ မသမာတဲ့ လူအချို့ကြောင့် ရည်ရွယ်ချက်လည်း ပျောက်ဆုံး တော်လှန်ရေးလဲ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။

ဒီအဖြစ်အပျက် နမူနာ ရှိနေတဲ့အတွက် .. အခု ကျွန်မ စိုးရိမ်ပါတယ်။

ဧရာဝတီကြီး ကောသွားမှာ စိုးရိမ်သလို မြစ်ဆုံဆည်စီမံကိန်းတော်လှန်ရေးကြီး လမ်းချော်သွားမှာ ကျွန်မ စိုးရိမ်ပါတယ်။

အုပ်ချုပ်သူ လူတန်းစားကို မုန်းတီးရုံမျှနဲ့ သူတို့လုပ်ရပ်တွေကို ရှုတ်ချချင်ရုံမျှနဲ့ မှန်းသမ်း၊ ရမ်းသမ်း အချက်အလက်တွေကို အသုံးချပြီး ကန့်ကွက်ပါသည် ထိုင်အော်နေမယ့်အစား............

မှန်ကန်မျှတတဲ့ သဘောထားအမြင်ပေါ်မှာ အခြေခံပြီး ခိုင်မာတဲ့ အချက်အလက်တွေကို ရှာဖွေကိုင်ဆောင်ကာ စွဲမြဲတဲ့ ယုံကြည်ချက်တို့နဲ့ မတိမ်းမချော်တဲ့ လမ်းကြောင်းမှန်ပေါ်မှာပဲ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သင့်တယ်လို့ ကျွန်မ ထင်မြင်ပါသည်။

(လူတစ်ကိုယ် စိတ်တစ်မျိုးမို့ စိတ်တိုင်းကျ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါသည်)

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

4 comments:

nyisaynaing said...

မင်္ဂလာပါ....နန်းလေပြေနု ။ လွဲချော်မသွားရအောင် အတွေးအမြင်ဆောင်းပါးကောင်းလေးတွေကို ဆက်ရေးနိင်ပါစေ....။ ကျေးဇူတင်ပါသည်..။

ဇော်သိင်္ခ said...

နန်းရေ..
ဧရာဝတီကြီး ကောသွားမှာ စိုးရိမ်သလို မြစ်ဆုံဆည်စီမံကိန်းတော်လှန်ရေးကြီးလည်း လမ်းချော်သွားမှာ စိုးရိမ်စရာ ကောင်းနေပါပြီ။ လမ်းကြောင်းမှန်သော မြစ်ဆုံ စီမံကိန်း ကန့်ကွက်မှုများပဲ ဖြစ်စေချင်ပါတယ်။
အခုလို သတိပေး ဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

မိုးခါး said...

ကျမတို့ ပြည်သူတွေ အားလုံး လိုအပ်နေတာက လွတ်လပ်မှုနဲ့ တရားမျှတမှုပါ .. ပြည်သူတွေရဲ့ လိုအပ်ချက်ကို သိနားလည်နိုင်ပြီး ကိုယ်ချင်းစာစိတ်ကိုယ်စီမွေးနိုင်ကြပါစေ ဆုတောင်းရင်း ..

maung ka ka said...

သယ် ၇င်းေ၇ -မွန် မွန် ကိုေ၇ မင်း ကို အား ကျ တယ် ဟာ- မင်း နဲ. ငါ တို. ဟာ အ.ထ.က (၂) ပခုက္ကူ မှာ အ တူ တူ တက် စဉ် တုန်း က အ တူတူ ဆို ပေ မဲ. အ ခု ချိန် မှာ တော. မင်း က အ ၇ာ၇ာ သာ လွန် နေ ပြီ ပေါ. ဟာ- အ ခု ပဲ ကြည်. ပါ လား ငါ က တော. မင်း လို မြန် မာ နိုင် ငံ အ နှံ. သိ အောင် မေ၇း နိုင် ဘူး ဟာ - ဒါ ပေ မဲ. ဧ၇ာဝတီ ကို ချစ် တာ ချင်း တော. အ တူ တူ ပါ ပဲ ဟာ- ငါ အ များ ကြီး မေ၇း တတ် ဘူး နော်- ကျေးဇူ့းအ ထူးတင် တယ် ဟာ- သယ် ၇င်း - ပခုက္ကူ သား ကျော် သူ ၇ိန် အောင်(ဘူမီဗေဒ)