Pages

Friday, July 30, 2010

ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည်

    လွန်ခဲ့သော ခုနှစ်နှစ်ခန့် 2003 ဆီက ဖြစ်သည်။ ကျွန်မတို့ တွဲဖော်တွဲဖက် သူငယ်ချင်း လေးယောက်ဖြစ်တဲ့ မေကျော်၊ စန္ဒာ၊ အောင်လွင် နဲ့ ကျွန်မ (နန်းလေပြေနု) တို့ သင်တန်းတစ်ခုကို အတူတကွ တက်ဖြစ်ခဲ့သည်။ programming သင်တန်းတစ်ခု ဖြစ်သည်။ သင်တန်းဆရာများက ကျောင်းဆင်းခါစ ငယ်ငယ်ရွယ်ရွယ်လေးတွေ ဖြစ်ပေမယ့် နည်းပညာကျွမ်းကျင်ကာ စာသင်ကြားခြင်းမှာလဲ ထူးချွန်တက်မြောက်သူများ ဖြစ်သည်။
    သူငယ်ချင်းတွေ အတူတကွ တက်ခြင်း ဖြစ်သည်ကြောင့်ရော၊ ဆရာများ၏ သင်ကြားမှု ကောင်းမွန်သည်ကြောင့်ရော ကျွန်မတို့တတွေ အတော်လေး ပျော်ရွှင်ခဲ့ကြသည်။ ဆရာများက တခြားမြို့မှ လာရောက်ကာ သင်တန်းဖွင့်ခြင်း ဖြစ်သဖြင့် ငှင်းတို့၏ နာမည်မှ အပ ကျန်သည်ကို ကျွန်မတို့ မသိရှိကြပေ။ သိရှိဖို့ရန်လဲ မလိုအပ်ပေ။ အဓိက က ကိုယ်တက်ရောက်သည့် သင်တန်း အောင်မြင်စွာ ပြီးဆုံးဖို့ပင် ဖြစ်သည်။
    ထိုသို့ ကျောင်းမှာရော သင်တန်းမှာပါ တတွဲတွဲနေနေကြသည့် ကျွန်မတို့ လေးယောက်ကို သူများတွေ အားကျ မနာလိုဖြစ်သည့်အထိပင် ထိုသင်တန်း၏ သင်ကြားမှုက စိတ်ကျေနပ်စေခဲ့သည်။ ထိုအခါ အခြား သူငယ်ချင်းတစ်ယောက်ဖြစ်သော ရာရားကို ထိုသင်တန်းတက်ဖို့ ကျွန်မတို့တွေ တိုက်တွန်းကြလေသည်။ ငါးယောက်ဖြစ်သွားသော ကျွန်မတို့ အဖွဲ့ ပိုပြီးစုစည်းသွားကာ အိမ်ကလူတွေ မျက်စေ့နောက်သည့်အထိ လက်တွဲမြဲမြံ ချစ်ခင်ခဲ့ကြသည်။
    သင်တန်းလေးကိုလဲ တွယ်တာကာ ဆရာတို့ကိုလဲ လေးစားချစ်ခင်ခဲ့ရသည်။ ထို့ကြောင့်ပင် ဆရာများအတွက် ကျွန်မတို့ ငါးယောက်အဖွဲ့က အနီးကပ် တပည့်ရင်းတွေ ဖြစ်သွားကြသလို ကျွန်မတို့အတွက်လဲ ဆရာများသည် သူရဲကောင်းများ သဖွယ် ဖြစ်လာကြသည်။ လူတို့၏ သဘောသဘာဝ အရ လေးစားပြီ၊ ချစ်ခင်ပြီ ဆိုလျှင် အရာတော်တော်များများကို အကောင်းဖက်ကသာ ကြည့်မြင်ကြလေ ရှိသည်။
    ထိုအချိန်မှာပဲ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေကြသော ကျွန်မတို့ကို သင်ကြားပြသပေးနေသည့် ဆရာများသည် တဖြည်းဖြည်းနှင့် သတင်းဆိုးများ ထွက်စပြုလာသည်။ အဓိက အကြောင်းအရင်းမှာ ငှင်းတို့ သင်ကြားပေးနေသော တပည့်ကျောင်းသူများနှင့် ပါတ်သက်ရာမှ အစပြုခြင်း ဖြစ်သည်။ ထိုအခါ သင်တန်းမှ မဟုတ်သော သူငယ်ချင်းများက ကျွန်မတို့ အဖွဲ့အား မေးမြန်းစပ်စုကြသည်။  ဘကုန်းနှင့် စသော မေးခွန်းများ..။ လနှင့် ဆုံးသော မေးခွန်းများအကြားတွင် ကျွန်မတို့ သူငယ်ချင်း ငါးယောက် ခေါင်းမဖော်နိုင်အောင် အလူးအလဲ ဖြစ်ခဲ့ကြသည်။
    ကျွန်မ အပါအဝင် လူတော်တော်များများ၏ အကျင့်လေးတစ်ခုမှာ ကိုယ်ချစ်ခင်နှစ်သက်သည့် လူတစ်ယောက်ကို ကိုယ်ကသာ လက်ညှိုးထိုး အပြစ်ဆိုချင်ဆိုမယ် တခြားသူ အပြစ်ဆို ကဲ့ရဲ့ခြင်းကိုတော့ ဆက်ဆက်ထိ မခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အတွက် အဖွဲ့ထဲတွင် ခေါင်းဆောင်လို ဖြစ်နေသော လူမိုက်ဘွဲ့ခံ ကျွန်မနှင့် အောင်လွင်တို့မှ ဆရာတို့ဖက်မှ တက်နိုင်သမျှ ခုခံကာကွယ်ခဲ့ကြသည်။
    လူသားအချင်းချင်း ချစ်ခင်သက်ဝင်ကြသည်မှာ အပြစ်တစ်ခုဟု ကျွန်မ မထင်မြင်မယူဆချင်ပါ။ ကျောင်းသူဖက်က စသည်ဖြစ်စေ ဆရာ့ဖက်မှ စသည်ဖြစ်စေ လူနှစ်ယောက် ချစ်ခင်ကြသည်မှာ မုန်းတီးသည်ထက်တော့ ပိုပြီး နားဝင်ချိုပါသည်။ သို့သော်...................။
    ထို သို့သော်မှာ တာဝန်တော်တော်ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ နေထိုင်ကြီးပြင်းရာ မြန်မာမိသားစု အသိုင်းအဝိုင်းထဲမှာက လိုက်နာရမည့် စည်းကမ်းများ၊ လိုက်နာသင့်သော စည်းမျဉ်းများ၊ တစ်နည်းအားဖြင့် ဆိုသော် လူ့စည်း၊ ဘီလူးစည်း ဟု ဆိုရမည့် စည်းများ တော်တော်များများကို ရှိနေသည်။ လွတ်လပ်သော လူငယ်နှစ်ယောက် ချစ်ခင်ကြသည့် အဖြစ်မှာ ... ဆရာ နှင့် တပည့်ဟုသော စည်းလေး ရှိနေသည့်အတွက် အများအမြင်နှင့် အကြားအတွက် ကဲ့ရဲ့ပြစ်တင် အတင်းဆိုစရာ ဖြစ်နေသည်။
    ဆရာနှင့် တပည့် လက်ထပ်သည့် အဖြစ်အပျက်တွေ မရှိဘူး မဟုတ်ပါဘူး။ အများကြီး ရှိပါတယ်။ ကျွန်မရဲ့ ဖေဖေ နှင့် မေမေက အစ ဆရာတပည့်ယူထားခြင်း ဖြစ်သည်။ မတူညီသည့် အဆင့်အတန်းကို ညီမျှအောင် ညှိယူနိုင်မည်ဆိုလျှင် ပြဿနာ မရှိဟု ကျွန်မ ထင်မြင်သည်။ ဆရာက တပည့်ကို လက်ထပ်ယူသည့်အတွက် လူအများလေးစားခံရသည့် ဘဝမှာ နိမ့်ဆင်းပေးရကောင်း ပေးရလိမ့်မည်။ ဆရာဘဝကို စွန့်လွှတ်ကောင်း စွန့်လွှတ်ရလိမ့်မည်။ တပည့်မအနေနှင့်လဲ အနန္တောအနန္ဒ ဂိုဏ်းဝင် ဆရာသမားကို လက်ထပ်ယူသည့်အတွက် ဂိုဏ်းပြစ်သင့်သည် မသင့်သည်တော့ မသိ။ လူအများစု၏ ကဲ့ရဲ့ပြစ်တင်မှုကိုတော့ ခံယူရပေလိမ့်မည်။
    ကျွန်မ တွေးမိသည်မှာ ဆရာက တပည့်ကို ချစ်မိသည်မှာ အပြစ်တစ်ခုဟု မဆိုသာပေ။ သို့ပေမယ့် အားလုံးခံယူထားကြသည့် စည်းများမှ အစွန်းလွတ်စေရန် ဆရာဘဝကို စွန့်လွှတ်လိုက်။ ဆရာ မဟုတ်တော့သဖြင့် တပည့်ကျောင်းသူနှင့် ပါတ်သက်သည် မဟုတ်တော့ပဲ အခြေတူလူနှစ်ယောက် ချစ်ကြိုက်ခြင်းသာ ဖြစ်သွားမည်။ ထိုအနေအထားကို ကျွန်မသာ မဟုတ်ပဲ လူတော်တော်များများ လက်ခံနိုင်ကြသည် ဆိုသည်ကို ကျွန်မကိုယ်တိုင် လူ အယောက်နှစ်ဆယ်ကို လိုက်မေးကာ 72 : 28 အချိုးရရှိခြင်းဖြင့် သိရှိခဲ့သည်။
    သို့သော်.. မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ ထိုသည်မှာ ဆရာဘဝကို မစွန့်လွှတ်နိုင်သော ကျွန်မတို့၏ ဆရာက တပည့်ကျောင်းသူဖက်မှ စတင်ကာ မေတ္တာသက်ဝင်ခဲ့သဖြင့် ထိုသို့ ဖြစ်ရပါသည်ဟု ဆိုကာ လူအများ သမုတ်ကြသည့် ပြစ်တင်ဝေဖန်မှုများကို တာဝန်မယူပဲ မိန်းကလေးဖက်ကို လုံးလုံးလျားလျား လွှဲချခဲ့ခြင်း ဖြစ်သည်။
    တစ်ချိန်လုံး လေးစားအထင်ကြီးခဲ့ရသည့် ထိုဆရာကို ကျွန်မတို့ သူငယ်ချင်းတွေ စိတ်အကြီးအကျယ် ပျက်သွားခဲ့ရသည်။ မည်သူ့ ဖက်မှ စတင်သည်ဖြစ်စေ.. ချစ်သူရည်းစားဘဝကို တစ်ဦးတစ်ယောက်တည်းနှင့် ဖန်တီးယူလို့ မရဘူးဆိုတာ အလယ်တန်းကျောင်းသားအရွယ်တွေတောင် ရှင်းရှင်းလင်းလင်း သိနေသည့် ဒီခေတ်ကြီးမှာ ဘာအတွက် ထိုသို့ ဖန်တီးချင်ရသလဲဆိုတာ ကျွန်မ တွေးတောမရပါ။
    အခြားသော သင်တန်းသားများရှေ့ လူသိထင်ရှား လက်ဆောင်လဲလှယ်ခြင်း၊ ကဗျာရေးစပ်ခြင်း၊ စာအပြန်အလှန်ပေးပို့ခြင်း ..... စသည်ကို စိတ်ရှင်းရှင်း၊ လိပ်ပြာလုံလုံနှင့် ထိုဆရာ လုပ်ခဲ့သည်ကို ကျွန်မအပါအဝင် လူတော်တော်များများ သိမြင်ကြားခဲ့သည်။ ဤသည်မှာ ထိုတပည့်ကျောင်းသူ၏ ဖိတ်ခေါ်မှုဖြင့် လုပ်ဆောင်ခဲ့ရပါသည် ဆိုလျှင် ... သင်ကြားခဲ့ဖူးသည်ကို မထောက်ညှာပဲ ကျွန်မ ဝေဖန်ချင်ပါသည်။ ထိုဆရာ ဦးနှောက်မရှိသူ တစ်ယောက်ပေလား။ သို့တည်းမဟုတ်. ကလေးတစ်ယောက် စဉ်းစားဆင်ခြင်နိုင်သည့် ကိစ္စကို တွေးတောဆင်ခြင် နိုင်သည့် ညဏ်ရည်မျိုး မရှိသူ တစ်ယောက်လား။
    ကျွန်မတို့ သူငယ်ချင်းတွေ ဘယ်လောက်ပဲ ခုခံကာကွယ်ပေးချင်သော်ငြား ဖုံးဖိလို့ မရနိုင်သည့် အကျင့်ဆိုးကို ထိုဆရာ ပိုင်ဆိုင်ထားသည်မှာ ကျွန်မတို့အတွက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။ သင်တန်းသားတွေ တရုန်းရုန်းနှင့် ဝေစည်ပျော်ရွှင်စရာ သင်တန်းအဖြစ်ကနေ ခပ်ကျဲကျဲ ခပ်ပါးပါး သင်တန်း ဖြစ်လာသည်ကို ထိုင်ကြည့်ရင်း ကျွန်မ စိတ်တော်တော်မကောင်းပါ။ ကျွန်မတို့အနေနှင့် အဖတ်ဆည်လို့ မရနိုင်သည့် ထိုအဖြစ်အတွက် ဘယ်လိုမှတ်ချက်မျိုးမှလဲ မပေးချင်တော့ပါ။
    နင်တို့ ဆရာက အဲလိုကြီးဆို... ။ ဒါဆို နင်တို့ သင်တန်းက ဆရာတွေ အဲလိုလုပ်နေတာကို အကာအကွယ်ပေးထားတဲ့ သင်တန်းကြီးပေါ့... ။ နင်တို့သင်တန်းကြီးက ... ။ ... ။ ..........။ ......................။
    ကျွန်မရဲ့ ခေါင်းထဲတွင် ရှိသည်က ဆရာအဝတ်ကို လွှမ်းခြုံထားသ၍ ထိုသူသည် ဆရာတစ်ယောက်သာ ဖြစ်သည်။ သို့သော် ယခင်က ထားရှိခဲ့သည့် လေးစားမှု၊ အထင်ကြီးမှုများ မရှိသလောက် လျော့ပါးသွားမည်လားတော့ ကျွန်မ မသိနိုင်။ သည်လိုနှင့်ပင် ကျွန်မ သင်တန်းဆီသို့ အရောက်အပေါက်နည်းသွားသည်။ ဆရာ့အတွက်နှင့် ကျွန်မတို့ သူငယ်ချင်းတွေ ငြင်းရခုန်ရသည်။ အတွေးအမြင်တွေ ကွဲလွဲရသည်။ ကာယကံရှင် နှစ်ယောက်က နေသာသလို နေနေကြသည့်အချိန်တွင် သူတို့အတွက် ကျန်သူများ သွေးကွဲကြရသည်။
    ........................................................................................။
    ဆရာနှင့် တွဲဖက်ရေးသားနေသော ပရော့ဂျက် ကိစ္စအတွက် ဆရာနှင့် တွေ့ဆုံသည်၊ ပူးပေါင်းဆောင်ရွက်သည်၊ အောင်မြင်အောင် ကြိုးစားသည်။ ထိုသည်မှ လွဲ၍ ကျွန်မနှင့် ဆရာ့ အကြား ဘာမျှ မရှိတော့ပါ။ ကျွန်မကို သင်ကြားပြသခဲ့ဖူး၍ ဆရာဖြစ်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် တစ်ယောက် အဖြစ်သာ ကျန်ရှိတော့သည်။ ဒီလိုလူမှန်းသိနေတာတောင် တွဲပြီး လုပ်ကိုင်နေသေးလားဟု ကျွန်မ မေးခွန်း အထုတ်ခံရသည်။ သူ့ ပုဂိုလ်ရေးကိစ္စမှ လွဲလျှင် ကျွန်မအတွက်တော့ ဆရာသမားကောင်းတစ်ယောက်သာ ဖြစ်သည်။ ကျွန်မမသိသော နည်းပညာများနှင့် ပရော့ဂျက် ရေးသားနည်းများကို နည်းပြလမ်းညွှန်ခဲ့သော ဆရာသည် ဆရာပင်ဖြစ်သည်။
    သူတို့နှစ်ဦး ကိစ္စနှင့် ပါတ်သက်၍ မည်သူ့ဖက်ကမှ ကာကွယ်ပြောဆိုခြင်းမျိုးလဲ မလုပ်တော့ပါ။ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အကြောင်းရှိ၍သာ အကျိုးဖြစ်ခဲ့ရခြင်းပင် မဟုတ်ပါလား။ မည်သူပြောခဲ့မှန်း မသိပေမယ့် အိမ်အများစုမှာ ချိတ်ဆွဲထားလေ့ရှိသော စာသားလေးတစ်ခုကိုသာ ကြားယောင်မိသည်။
    ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည်။


ချစ်ခင်စွာဖြင့်
နန်းလေပြေနု

1 comment:

ကိုဇော် said...

ဟုတ်တာပေါ့. .သူ့ဖာသာ ဘာပဲ ဖြစ်နေနေ. .
ကိုယ်က သူ့ဆီက အကျင့်စရိုက်ကို သင်နေတာမှ မဟုတ်တာလေ။ လူဆိုတာ အရာရာတော့ ပြီးပြည့်စုံ မနေနိုင်ပါဘူးလေ။ သူ့ပြုသည့်ကံက သူ့ဆီကို သူ့ဖာသာ ပြန်ပါလိမ့်မယ်။