Pages

Monday, July 26, 2010

မည်သို့ပင်ဖြစ်စေ............. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

 27.12.2009 တွင် ရေးဖြစ်ခဲ့သော စာစုလေး ဖြစ်ပါသည်။

2008 ခုနှစ် ဒီဇင်ဘာလ 27 ရက် ကနေ ဒီနေ့ 2009 ခုနှစ် ဒီဇင်ဘာလ 27 ရက်နေ့အထိ ရက်ပေါင်း 365 ရက်တိတိ။ နာရီဖြင့်ဆိုလျှင် 8760 နာရီ၊ မိနစ်ဖြင့်ဆိုလျှင် 525600 မိနစ်၊ စက္ကန့်ဆိုပါက သုံးရာတစ်ဆယ့်ငါးသိန်းနှင့် သုံးသောင်း ခြောက်ထောင် စက္ကန့်ခန့် ကြာလေပြီ။ တစ်လလောက် ခွဲရတာလေးကိုတောင် မျက်ရည်ကျမိအောင် ၀မ်းနည်း တက်သော ကျွန်မဒီမျှအထိ သူနဲ့ ခွဲခွာနေနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဘူးပါ။ သို့သော် မယုံကြည် နိုင်လောက်အောင်ပင် သူနဲ့ ကျွန်မ ဝေးကွာခဲ့တာ တစ်နှစ်တင်းတင်း ပြည့်လေပြီ။

လေးနှစ်စာ တည်ဆောက်ခဲ့သော ချစ်ခင်မှု၊ ရင်းနှီးမှု၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ယုံကြည်မှု၊ လေးစားမှု၊ ကြင်နာမှုတို့ကို မေ့ ပစ်ဖို့ရာ တစ်နှစ်ဆိုသော အချိန်သည် လုံလောက်ပါရဲ့လား။ သူရော ကျွန်မကို မေ့ပစ်လိုက်နိုင်ပြီလား။ သို့တည်းမဟုတ် ကျွန်မလို မဟုတ်ရင်တောင် တိုက်ဆိုင်မှု ရှိတဲ့အခါတိုင်း ကျွန်မကို သတိရဖြစ်ပါရဲ့လား။ အရာရာကို လက်တွေ့ကျကျ ရှု့ မြင်တတ်သော သူသည် ကျွန်မလို အချိန်တိုင်း လွမ်းဆွတ်ခံစားနေမည့်သူ မဟုတ်တာ သေချာပါသည်။ သို့ဆိုလျှင် အပြီးတိုင် ဖျောတ်ဖျတ်၍ မရသော မှတ်ညဏ်အစိတ်အပိုင်းထဲမှ အပ သူ့ရင်ထဲတွင် ကျွန်မ ရှိမနေတော့မှာလဲ သေချာ ပါသည်။

ကျွန်မကတော့ လွမ်းဆွတ်မှုကို ရေလဲလို စားသုံးကာ သူနဲ့ ပါတ်သက်သမျှကို ရင်ထဲမှာ သိမ်းဆည်းပြီး ဝေဒနာကို ထမ်းပိုးနေသူဖြစ်သည်။ လွမ်းတယ်ဆိုတာ ရင်ထဲမှာ ဆို့နစ်လာအောင် သတိရတတ်တာမျိုး မဟုတ်လား။

သူနဲ့ ချစ်သူ စဖြစ်တဲ့နေ့ ကနေ ခွဲခွာခဲ့တဲ့ ဒီနေ့အထိ သူ့အကြောင်း၊ သူ့သတင်း၊ သူမှတ်ရာ အားလုံးကို စကားလုံး တစ်လုံးချင်းစီကအစ သတိရနေတုန်းပဲလေ။ “ ကိုယ် ဒိုင်ယာရီ ရေးစရာ မလိုတော့ဘူးကွ သိချင်တာရှိရင် မေလေးကိုပဲ မေးမယ် မေလေးက ပိုစုံတယ်” ဟု သူပြောယူရတဲ့အထိ သူ့အကြောင်းကို သူ့ထက် ကျွန်မ ပိုသိခဲ့ပါသည်။ ပို၍ အလေး အနက်ထားခဲ့ပါသည်။ သူပြောတဲ့ စကားတွေထဲမှာ ဘယ်လိုအရိပ်အငွေ့တွေ ပါဝင်နေသလဲ၊ သူရေးတဲ့ စာတွေမှာ ဘယ်လိုစိတ်ခံစားမှု တွေ ရောထွေးနေသလဲ ဆိုတာ ခံစားရိပ်မိသည့်အထိ ကျွန်မ သူ့ကို တစိမ့်စိမ့် ဖတ်ရှု့နားလည် ခဲ့သည်။

ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတွေ၊ အရာရှိတစ်ယောက်ရဲ့ တာဝန်တွေ၊ မိဘနှစ်ပါး၏ တစ်ဦးတည်းသာ ကျန်ရှိ သော လူပျိုလူလွတ်တစ်ယောက်ရဲ့ ၀တ္တရားတွေ၊ ရာထူးနေရာ အဆင့်အတန်း ခွဲခြားမှုတွေ၊ ဆန္ဒအချို့နဲ့ ငွေကြေး မပြည့်စုံမှုတွေ၊ မိသားစုပြဿနာတွေကို သူပြောပြသည့်အခါတိုင်း ကျွန်မက နားထောင်ကာ ဖြေရှင်းဖို့ နည်းလမ်း ကောင်း မပေးနိုင်ရင်တောင် နွေးထွေးစွာ နှစ်သိမ့်ခဲ့သည်လေ။ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေသော သူ့ကို ကျွန်မ၏ စကားလုံးများဖြင့် ထပ်ပြီး ၀န်မပိစေရန် နေ့ညမပျက် လွမ်းနေသည် အကြောင်း မပြောရက်လောက်အောင် ကျွန်မက သူ့ကို ချစ်ခဲ့သည်။

ကျွန်မမှာ ရှိတဲ့ အခက်အခဲမှန်သမျှကို တစ်ဦးတည်း သို့မဟုတ် ကျွန်မတစ်ယောက်တည်း ဖြေရှင်း၍ မရသောအခါတွင် သူငယ်ချင်းများ၏ အကူအညီနှင့် ဖြေရှင်းလိုက်သည်က များသည်။ ဤသည်မှာလည်း သူ့အခက်အခဲနှင့်သူ မနိုင်ရင်ကာ ဖြစ်နေသူအား ကျွန်မအတွက်နှင့် စိတ်မညစ်ညူးစေချင်သောကြောင့်သာ ဖြစ်သည်။ ထိုသည်ကို နားမလည်နိုင်သော သူက “ငါက မင်းအတွက် မင်း သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူးလား အားမကိုးလောက်ဘူးလား” ဟူ၍ အမြဲစကားနာထိုးလေ့ ရှိသည်ပင်။

ရိုးသားသည်ဟု မဆိုသာသော်လည်း ပွင့်လင်းစွာ ဆက်ဆံတတ်သော ကျွန်မမှာ မိန်းကလေး သူငယ်ချင်းများသာ မကပဲယောင်္ကျားလေး သူငယ်ချင်းများပါ ရင်းနှီးစွာ ပေါင်းသင်းတတ်သည်ကို တစ်မြို့စီ ခြားကာ နေရသော သူက စိတ်မချနိုင်စွာ ပူပန်ပြောဆိုတတ်လေသည်။ သူငယ်ချင်းများကို ခင်တွယ်တတ်လွန်းကာ အကျင့်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းသော ကျွန်မက ကျွန်မ၏ သိက္ခာကို ထိပါးသည်ဟု ယူဆကာ အမြဲလိုလို စကားများရလေ့ ရှိသည်။ သို့အချိန်တိုင်းတွင်“မင်းက မင်းသူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ငါ့ကို အမြဲတမ်း Against ပဲနော်” ဟု မနာလို ၀န်တိုမြဲပင်။

အလှမ်းဝေးဝေး၊ အနေစိမ်းစိမ်းသည် အချစ်ကို လျှော့ပါးစေပါသလား။

ကျောင်းစာကိုသာ မကပဲ အရာရာကို သိချင်၊ တက်ချင်လွန်းသည့် ကျွန်မ၏ သင်တန်းအချိန်ဇယားမှာ မနက်မိုးမလင်းမှီ
ကနေ တစ်နေ့တာ ကုန်ဆုံးချိန်အထိ အပြည့်ဖြစ်နေတတ်သည်။ ကိုယ့်ကိုကိုယ်မပိုင်သည့် ၀န်ထမ်းတစ်ယောက်၏ ရှားပါးလှသော အားလပ်ရက်များတွင် ကိုးနာရီခန့်ကားစီးရသော နေရာမှ နေ၍ ညအိပ်ခရီးဖြင့် ကျွန်မဆီ လာတွေ့ သောအခါ“ချစ်သူကလဲ ခက်တယ် ချိန်းတွေ့ ခိုးနမ်းဖို့တောင် အချိန် မရှိ” ဟု ဖွင့်ပြောရလောက်အောင်အထိ ကျွန်မ သူ့ကို အချိန်ပေးနည်းခဲ့သည်။

သို့သော် ကျွန်မဘက်မှ သူ့အတွက်နှင့် ပြောင်းလဲယူခဲ့ရသော အချက်ပေါင်း များစွာ ရှိခဲ့သည်ကိုလဲ သူအသိပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက စာရေး၊ စာဖတ်၊ စာကျက်သည်ကို အလုပ်တစ်ခုဟု ထင်မှတ်ကာ ပညာရေးကို အစဉ်တစိုက် လုပ်လာခဲ့သော ကျွန်မ၏ အိမ်မက်မှာ နိုင်ငံခြားတက္ကသိုလ် တစ်ခုခုတွင် ပညာဆက်လက် သင်ကြားရန် ပင် ဖြစ်သည်။ ထို့အတွက်လဲ အမြဲအားစိုက်ခဲ့သည်။ “အဲလောက် အကြာကြီး ကိုယ် ဘယ်လိုလုပ် ခွဲနိုင်မှာလဲ မသွားပါနဲ့ကွာ” ဟုသော သူ၏ နှုတ်မှစကားတစ်ခွန်းဖြင့်ပင် ငှင်းတက္ကသိုလ်ဝင်ခွင့်ကို ကျွန်မ လက်လွှတ်ခဲ့သည်။

ကွန်ပျုတာကီးဘုတ်နှင့် မောက်စ်တို့ကိုသာ အသားတကျ ကိုင်တွယ်လာသော လက်ချောင်းလေးများက သားလှီးဓါးကို ကိုင်ဆောင်ပြီး သူနှစ်သက်သော ဟင်းလျာတို့ကို ချတ်ပြုတ်တတ်အောင် သင်ယူဖို့ ကြိုးစားခဲ့သည်။လက်သည်းရှည်တို့ ကို တယုတယထား မွေးမြူထားသော ကျွန်မက အိမ်မှာ အ၀တ်ကို ကိုယ်တိုင်လျှော်မ၀တ်ရပေမယ့် သူ့အ၀တ် အစားများ ကို ဖြူစင်သည့်အထိ လျှော်ဖွပ်ပေးခဲ့ဖူးသည်။ မဟုတ်မခံ၊ မမှန်ပြန်ပြောတတ်သည့် ကျွန်မ၏ ကြွတ်ဆတ် ဆတ် စိတ်ထားကို ချိုးနှီမ်ကာ သု့အထက်အရာရှိကို ဟန်လုပ်ပြုံးပြဖို့လည်း ကျွန်မ ကြိုးစားခဲ့သည်။

“ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့ မိန်းမတွေက အိမ်ထောင်ပြုဖို့ မလိုအပ်လှပါဘူး” လို့ အမြဲ ကြွေးကြော်ခဲ့တဲ့ ကျွန်မလေ သူ့သွေးကနေ ကျွန်မသားဖြစ်လာမယ့် ကလေးတွေကို ချီပိုးထိန်းကျောင်းချင်လာသည့်အထိ ပြောင်းလဲလာတယ်ဆိုတာ သူ့ကို ချစ်တဲ့ စိတ်သပ်သပ်ကြောင့်မှန်း သူ သိနားလည်ခဲ့လိမ့်မည် ဟု ကျွန်မ ထင်ပါသည်။

ညီအစ်မနှစ်ယောက် ရှိသည့်အနက်တွင် အကြီးဖြစ်သော ကျွန်မက ရင့်ကျက်မှု ရှိသင့်သလောက် မရှိပဲ ကလေး ဆန်တတ်သည်မှာလဲ အမှန်ပင်။ ချစ်စ၊ ကြင်နာစတွင်တော့ ထိုကလေးဆန်မှုကိုက ချစ်စရာတစ်ခု ဖြစ်နေခဲ့သလောက် အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့ဖွယ်တစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်ကိုလဲ ကျွန်မက မသိသား၊ ဆိုးရွားစွာ နားမလည်ခဲ့။“မင်း ကလေးလို မတွေးနဲ့ ကလေးလို မပြောနဲ့ကွ ဒါ ကလေးကစားစရာ မဟုတ်ဘူး” ဆိုသော သူ၏စကားကို ၀မ်းနည်းစွာ ငိုရှိုက်ရုံကလွဲပြီး နာကျင်ဖို့ မတွေးမိခဲ့သူပဲ ဖြစ်သည်။

သူနဲ့ ကျွန်မအကြားတွင် ရှိသော အရာများထဲမှာ နားလည်မှုက နည်းပါးခဲ့ပါလိမ့်မည်။ သူက ကျောင်းသားတစ်ယောက် မဟုတ်သလို ကျွန်မကလဲ ၀န်ထမ်းတစ်ယောက် မဟုတ်ခဲ့သည့်အတွက် မတူညီသော နယ်ပယ်နှစ်ခုတွင် တည်ရှိနေကြ သူများပီပီ တွေ့ဆုံသောအခါတွင်လည်း ပြောစရာစကား ရှားပါးခဲ့သည်။ ခြားနားချက်များကို နည်းနိုင်သမျှ နည်းပါး အောင်ကြိုးစားခဲံ့ကြပေမယ့်လည်း လေးနှစ်ပြည့်ဖို့ရန် ရက်ပိုင်းအလိုတွင် သူကျွန်မကို ချန်ထားခဲံ့ရန် ဆုံးဖြတ်လိုက်သည်။

လူနှစ်ယောက် အတွက် ချစ်နေဖို့ရာက အထူးတလည် စဉ်းစားနေစရာ မဟုတ်သော်လည်းပဲ ဘ၀နှစ်ခုကို ပေါင်းစည်းရာ တွင် အစစအရာရာကို ထည့်သွင်းစဉ်းစားဖို့ လိုသည်ဆိုတာကို ကျွန်မ နားလည်ပါသည်။ ထို့သို့ နားလည်သည့်အတွက် ကြောင့်ပင် ကျွန်မ သူ့ကို အပြစ်မြင်မရခြင်းပင် ဖြစ်သည်။ ယောင်္ကျားတစ်ယောက်အတွက် အထူးသဖြင့် ဆန္ဒကို အတ္တဖြင့် ပုံဖော်တတ်သော သူ့အတွက် လိုအပ်သည်မှာ ပညာတတ်မိန်းမ တစ်ယောက် မဟုတ်ပေ။ အရာရာကို အလိုက်တသိဖြင့် ရိုကျိုးစွာ တောင်းပန်တတ်သော သာမန်မိန်းမ တစ်ယောက်သာ ဖြစ်သည်။

လူတစ်ချို့ အထင်အမြင်ကြီးလောက်စေသော ဘွဲ့လက်မှတ်များ၊ သာမန်မဟုတ်သော ခပ်ကြောင်ကြောင် အတွေး အခေါ်များ။ လှသည်ဟု မဆိုသာသော်လည်း လူအများကြား ထင်ရှားစေသော ရုပ်ရည်နှင့် လူလတ်တန်းစား ချမ်းသာ ကြွယ်ဝမှုထက်အနည်းငယ် ပိုလွန်သော မိဘတို့၏ ပံ့ပိုးမှုတို့မှ အပ ကျွန်မသည် ကျန်းမာရေး ပြည့်စုံသော အမျိုးသမီး မဟုတ်ခဲ့ဘူးလေ။ တနည်းအားဖြင့် ဆိုလျှင် သူ၏ မျိုးဆက်အား မွေးဖွားပေးနိုင်ရန်အတွက် အားအင်ချို့တဲ့သူ ဖြစ်နေခဲ့သည်လေ။

ဘယ်လောက်ပဲ သူ့ရင်သွေးကို ကျွန်မ ချီပိုးထိန်းကျောင်းချင်သော်လည်း “သားသမီးမရနိုင်တော့ပါ” ဟုသော မီးယပ်နှင့် သားဖွားဆရာဝန်မကြီး၏ စကားတစ်လုံး၏ အောက်တွင် ကျွန်မ၏ အတ္တ နှင့် သူ့၏ဆန္ဒများ သေဆုံးသွားခဲ့ရသည်။ ထူးချွန်ထက်မြတ်တဲ့ မိန်းမတွေကို ယောင်္ကျားတွေက သဘောကျတတ်သော်လည်း အနားမှာ ခေါ်ထားဖို့ ၀န်လေးသလိုပဲ ကျန်းမာရေး မပြည့်စုံတဲ့ သူတွေကို အသနားပိုတတ်ကြပေမယ့်လည်း တစ်သက်လုံးစာ ဘ၀နှင့် ယှဉ်လာသောအခါတွင် ချန်ထားရစ်ဖို့ ဆုံးဖြတ်တတ်ကြတာကို ကျွန်မ နားလည်ပါသည်။

နားလည်မှုနှင့်အတူ ချစ်မြတ်နိုးရသော သူ့ကို ကျွန်မ ခွင့်လွှတ်ပါသည်။ ခွင့်လွှတ်မှုနှင့်အတူ စာနာမိသော ကျွန်မသည် သူ့ကို မမုန်းရက်နိုင်လောက်အောင် တွယ်တာပါသည်။ သူ ဘယ်လိုပင် ဆုံးဖြတ်သွားခဲ့ပါစေ တစ်ချိန်က ကျွန်မအပေါ်မှာ ထားရှိခဲ့သော ချစ်ခြင်းနှင့် ကြင်နာမှုများကို ကျွန်မ မမေ့နိုင်စွာပင် ပြင်းပြင်းရှရှ သတိရ လွမ်းဆွတ်ပါသည်။ ကျွန်မ မဟုတ်သော အမျိုးသမီးတစ်ဦး၏ ခင်ပွန်းလင်ယောင်္ကျားအဖြစ် တည်ရှိနေသော သူ့ကို ပြန်လာစေလိုသော ဆန္ဒ မပါသဖြင့်၊ လွမ်းဆွတ်ခြင်းသပ်သပ် တစ်ခုသာ ဖြစ်သဖြင့် သတိရခြင်းအပေါ်မှာ ကျွန်မ လိပ်ပြာလုံပါသည်။

ကျွန်မက သူ့ကို ကျွန်မ၏ ဖြန့်ထားသော လက်ဖ၀ါးပေါ်သို့ ပျံလာနားနေခွင့် ပြုခဲ့သည်။ သူ့ကို ဖမ်းထားဖို့ ကျွန်မ လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မထားခဲ့။ ချစ်သူကို လိုရာသွားစေဖို့ ကျေနပ်စွာ ခွင့်ပြုလိုက်ရခြင်း၏ ပိတိကို ကျွန်မ နှစ်သက်စွာ စားသုံးပါမည်။ ကျွန်မ ဆုံးရှုံးခဲ့ရသည့် နုပျိုငယ်ရွယ်မှု နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတို့အစား သူ ချန်ထားရစ်ခဲ့သော သတိရစရာ အမှတ်ရစရာများကို ပွေ့ဖက်ကာ ကျွန်မ ဖြည့်ဆည်းမပေးနိုင်ခဲ့သော အရာများအား သူ့အား ပေးနိုင်ခဲ့သော ထို အမျိုးသမီးအား ကျေးဇူးတင်နေပါမည်။

မည်သို့ပင်ဖြစ်စေ............. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

2 comments:

ကိုဇော် said...

ဒီလောက်လေးနဲ့တော့ မဖြစ်သင့်ပါဘူးလေ။
သားသမီးဆိုတာက အချစ်ရဲ့ နောက်ဆက်တွဲတွေလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့လည်း လူကလည်း မတူဘူးပေါ့ဗျာ။

philip j cowel said...

ညီမရေ...ပခုက္ကူမှာမျိုးဆက်တစ်ခုပြတ်သွားပြီမှတ်တာ..ညီမဘလောက်လေးဖတ်မိတော့အရမ်းအားပြန်တက်မိပါတယ်...ဂျီစီစီနဲ့ပတ်သတ်ခဲ့ဘူးသူ...စာပေလောကမှာဘာအောင်မြင်မှုမှကိုယ့်မြို့လေးအတွက်ယူဆောင်မပေးနိုင်ခဲ့ပေမဲ့မျိုးဆက်တစ်ခု(တာဝန်ယူမဲ့)မမျှော်လင့်ပါပဲတွေ့လိုက်ရတာအထူးဝမ်းမြောက်မိပါကြောင်းးးး