Pages

Monday, July 12, 2010

ပလပ်စတစ် ဒိုင်ယာရီ

ကောင်မလေးရယ်...
အဆုံးမဲ့တဲ့ သံယောဇဉ်နဲ့
အကြင်နာတွေ ယိုဖိတ်
ဒီရင်က အချစ်စိတ်တွေကို
တိက်တိက်လေး ၀န်ခံ
ကိုယ့်စိတ် ကိုယ်ပြန်ဝေဖန်ရင်း
ခြေလှမ်းတွေ နောက်ဆုတ်ခဲ့ရတာ..........

တကယ်ဆို
ငါ့ရဲ့ စိတ်တွေကိုက
မြေကြီးကို ထိုးခွဲထွက်ရတဲ့
မှိုတစ်ပွင့်ရဲ့ ထိပ်ဖူးလို
ပျော့မလိုလိုနဲ့ မာရင်း...
မာသယောင်ယောင်နဲ့ ပျော့နေခဲ့တာ..

မိုးကုပ်စက်ဝိုင်းထဲက
မြက်ရိုင်းတစ်ပင်ရဲ့ ပိုင်ဆိုင်မှုမှာ
ကောင်းကင်ကို နမ်းရှိုက်ခွင့်မပါလို့
ခပ်ဖွဖွ ပင့်သက်ရှိုက်သံတွေကြားမှာ
မြစ်တစ်စင်းနဲ့ပဲ......ငါ
စကားတွေ ပြောနေခဲ့ရတာ......

ကောင်းကင်ဆီကနေ ရုန်းထွက်လို့မရနိုင်တဲ့
မျက်ဝန်းနက်နက်တွေရဲ့ အဆုံး
ထစ်ချုန်းလို့ ရွာချလိုက်တဲ့ မိုးက
ပြဇာတ်တစ်ပုဒ်ရဲ့ နိဂုံးကို
အရှုံးတွေနဲ့ အဆုံးသတ်လိုက်တာ........

ကောင်မလေးရေ...
မတူညီတဲ့ အခြေခံနဲ့
သံယောဇဉ် ထပ်ညွှန်းလေးတွေရဲ့ အကြောင်း
ကဗျာလေးတွေအဖြစ် ပြောင်းရင်း..
ခပ်သော့သော့ လက်ရေးတစ်ချို့...
မပို့ဖြစ်သော စာအိတ်တွေ....
လက်ဖျံနားက အမာရွတ်တစ်ခု...
ဆီမရှိတော့သော မီးခြစ်တစ်လုံး....
........တို့နဲ့အတူ
တစ်နေ့မှာတော့ မင်းကိုငါ..
မေ့ကောင်းမေ့သွားမှာပါ.........

..............
..............
..............

သို့တည်းမဟုတ်
ဆုံဆည်းခွင့် မရသည့်တိုင်အောင်
ကောင်းကင်နဲ့ ထာဝစဉ်
မျက်နှာချင်းဆိုင်ခွင့်တော့ ရှိတာပဲလို့
နှစ်သိမ့်တွေးလေး တွေးရင်း..
မသောက်ဖြစ်ခဲ့သော...
စီးကရက်တို့နဲ့အတူ.....
အသက်ရှုတိုင်းမှာ..... နင့်ကိုငါ..
လွမ်းကောင်းလွမ်းနေမှာပါ..။ ။

ပလပ်စတစ်

No comments: