Pages

Tuesday, July 6, 2010

တစ်လမ်းသွား

ချစ်သူ
ကိုယ်တိုင်က လိုလိုလားလား
မှားယွင်းခဲ့တာမို့
အပြစ်လို့လဲ မယူရက်ခဲ့ပါဘူး

ငါ့စိတ်၊ ငါ့ဝိဥာဉ်ကို
အပိုင်စားပေးခဲ့ပြီးပြီပဲ
ကျန်တာတွေလဲ အရေးမကြီးတော့ပါဘူး

မင်းဘ၀ရဲ့ ဘယ်အခန်းကဏ္ဍမှာ
ငါရှိနေမလဲ ငါမသိချင်ဘူး
မင်းပေးလာမယ့် ၀တ္တရားဆန်ဆန်
တာဝန်ကျေပွန်မှုကိုလဲ ငါ မရချင်ဘူး
ပုံဝေမူဝါဒတစ်ခုနဲ့
ခေါက်ရိုးကျိုး ဦးနှောက်တစ်စုံကိုလဲ
ငါ မရချင်ဘူး ချစ်သူ

မင်းဆီကထက်
မင်းဆီကိုပဲ ငါ စီးဆင်းချင်ခဲ့တာ
ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ထက်
မင်း အနမ်းတစ်ချက်ကိုပဲ ပိုမက်ခဲ့တာ
ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုထက်
မင်းဘေးနားမှာပဲ ရှိချင်ခဲ့တာ

တစ်ဦးတစ်ယောက်ကမှ
သွေးမဆောင်ပဲနဲ့
ငါကိုယ်တိုင်က
ဒီလမ်းကို လျှောက်ချင်ခဲ့တာ..

နောက်ပြန်လှည့်လို့ မရတဲ့
ဘ၀ရဲ့ တစ်လမ်းသွားစနစ်မှာ
ရလဒ်က ဖြူချင်ဖြူ၊ မဲချင်မဲ
ငါကတော့ ကျေနပ်လက်ခံသွားမှာပဲ

တန်ဖိုးဆိုတာ
ပိုင်ဆိုင်သူရဲ့ သတ်မှတ်ချက်တစ်ခုမို့
မင်းအတွက် ငါဟာ
သုညလည်း ဖြစ်နေနိုင်တယ်

ဘာပဲဖြစ်ဖြစ်ပါ
မင်းရဲ့ အတ္တနဲ့ ဆန္ဒအတွက်
ငါ့ရဲ့ အချစ်ကို စတေးခဲ့ပြီးပြီ
ဘ၀ရဲ့ ကျန်နေသေးတဲ့ အစိတ်အပိုင်းမှာ
ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့တင်
ငါ နေပျော်တယ်...
ပြီး သေပျော်ပါတယ် ချစ်သူရယ်............။

ရင်ငြိမ်းပန်း(ပခုက္ကူ)

3 comments:

မောင်ဘကြိုင် said...

ဇွတ်ပဲကွယ်
ဟူးးးး တူတူပဲ

အဖြူရောင်နတ်သမီး said...

အချစ်ဆိုတာ...
စွန့်လွှတ်အနစ်နာခံခြင်း တဲ့လား...
ပေးဆပ်ခြင်း တဲ့လား...

အင်းတော်ရှမ်း said...

အမှန်အတိုင်းဝန်ခံရရင် ဒီကဗျာလေးကို သိပ်နာမလည်ဖူး....