Pages

Monday, July 5, 2010

စာရေးသူ



သူမသည် အပျော်တမ်း ဝါသနာရှင်အဆင့် စာရေးသူတစ်ယောက်သာဖြစ်သည်။ မျိုးရိုး၊ ဗီဇ တစ်ခုတစ်လေမှ မရှိပဲနှင့် စာရေးသားခြင်းကို နှစ်သက်စွဲလမ်းသူ ဖြစ်သည်။ နေထိုင်ကြီးပြင်းရာ ဒေသနှင့် ပါတ်ဝန်းကျင် ဌာနတို့က စာပေနှင့် နီးစပ်ရာ ဖြစ်နေသဖြင့် ဒီလမ်းကြောင်းပေါ် ရောက်ခဲ့ခြင်းလား သူမ တွေးကြည့်မိသည်။ သို့ဆိုလျှင် တစ်အိမ်တည်းနေ ညီမငယ် ဖြစ်သူက အဲလောက် ဝါသနာ မပြင်းထန်။ သူမသည်သာ စာမရေးရရင် မနေနိုင်လောက်အောင် ပိုးက ကပ်ညိတွယ်ခဲ့သည်။

သူမ၏ မိဘများ ဖွင့်ထားသော “လေပြေနု” ဟုသော စာအုပ်အငှားဆိုင်လေး၏ မှိန်ပျသော အလင်းရောင် အောက်တွင် သုံးတန်းကလေးအရွယ် နှင့် မလိုက်ဖက်စွာ စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် လောဘတကြီး ဖတ်ခဲ့ရာမှ ယခုအသက်အရွယ်အထိ စာဖတ်ခြင်းကို အလုပ်တစ်ခုလို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ စာဖတ်ရင်းဖြင့်ပင် စာရေးချင်စိတ် ပေါ်ပေါက်လာသည်လား သူမ မဝေခွဲနိုင်။ အဘယ်ကြောင့်ဆိုသော် မြင်ကွင်းတစ်ခု၊ ယပ်တောင်တစ်ချောင်း ဖြင့်လဲ သူမအတွက် ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်း ဖြစ်လာခဲ့ဖူးသောကြောင့် ဖြစ်သည်။

စာရေးသည်၊ ကဗျာရေးသည် မှန်သည်။ သူမ ရေးသော စာ၊ ကဗျာများမှာ မည့်သို့သော အမျိုးအစားများ ဖြစ်ပါသနည်း။ ထိုမေးခွန်းကို မေးလာလျှင် သူမ ပြုံးပြီးပဲ ခေါင်းယမ်းပြမည် ထင်သည်။ သူမ ရေးခဲ့သည့် ကဗျာ ဆယ်ပုဒ် ရှိလျှင် ခုနှစ်ပုဒ်က အချစ်၊ အလွမ်း ကဗျာများသာ ဖြစ်သည်။ ထို့ကြောင့် သူမအား အချစ်ကဗျာရေးသူ သို့မဟုတ် အချစ်ဝတ္ထုရေးသူ ဟူ၍ ခေါင်းစဉ်တပ်ခဲ့သော် သူမ ငြင်းဆန်မည် မဟုတ်ပါ။ သို့အတူ လက်ခံမည်လဲ မဟုတ်ပါ။ သူမသည် ဝါသနာအရသာ စာရေးခြင်း ဖြစ်၍ သူမ၏ စာများကို ခေါင်းစဉ်တပ်လိုသော ဆန္ဒမရှိပါ။

လေးလုံးစပ်ကဗျာရဲ့ စည်းမျဉ်းတွေကို ကောင်းမွန်စွာ နားလည်ခြင်း မရှိသလို မော်ဒန်ကဗျာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုလဲ သူမ ရှင်းလင်းစွာ သိရှိခြင်း မရှိပါ။ ဝတ္ထုရေးသည့်အခါ မည်သို့သော ရေးပုံမျိုးနှင့် ရေးရမည်။ မည်သို့သော အင်္ဂါ၊ အချက်အလက်တွေ ပါဝင်ရမည်။ သူမ တိတိကျကျ မကွဲပြားပါ။ သူမ နားလည်သည်မှာ ကဗျာဖြစ်စေ ဝတ္ထုဖြစ်စေ သူမ၏ ရေးချင်စိတ်မှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ မည်သည့်အချိန်တွင် ဝတ္ထုရေးမည်၊ မည်သည့်အချိန်တွင် ကဗျာရေးမည်။ မည်သို့သော ပုံစံ ဖြစ်ရမည် စသော သတ်မှတ်ချက်များ သူမတွင် အလျှင်းမရှိပေ။

အမျိုးအမည် တပ်၍ မရနိုင်သော စေ့ဆော်လှုံ့ဆောင်မှု တစ်ခု၏ တွန်းအားဖြင့် သူမ စာများရေးဖြစ်ခဲ့သည်။ ထို ရေးဖြစ်ခဲ့သော စာများ ကဗျာများသည် သူမ၏ အတွေ့အကြုံများလဲ ဖြစ်နေနိုင်သည်။ သူမ၏ ရင်တွင်းခံစားချက်များလဲ ဖြစ်နေနိုင်သည်။ သူမ၏ အတွေးထဲမှ စိတ်ကူးယဉ် သပ်သပ်မျှလဲ ဖြစ်နိုင်သေးသည်။ မြင်နေ ကြားနေရသော ပါတ်ဝန်းကျင်၏ အကြောင်းအရာများလဲ ဖြစ်နိုင်သည်။ အမှတ်တမဲ့ အတွေးစများလဲ ဖြစ်နိုင်သည်။ ဖတ်ခဲ့ဖူးသော စာများထဲမှ မှီငြမ်းကာ အဆိုပြု သို့မဟုတ် ငြင်းဆန်သည့် အချက်အလက်များလဲ ဖြစ်နိုင်သည်။

တစ်ခါတစ်ရံ ကဗျာတစ်ပုဒ် ရေးမည်ဟု တွေးမိသည်။ သို့သော် တကယ်တမ်း ချရေးဖြစ်သည်မှာ ဆောင်းပါးတစ်ပုဒ်လဲ ဖြစ်နေတတ်သည်၊  ဝတ္ထုတစ်ပုဒ်လဲ ဖြစ်နေတတ်သည်။ စိတ်ကူးထဲတွင် စီစဉ်ထားသည့် အကြောင်းအရာများဆီသို့ မရောက်ပဲ တခြားသော အတွေးများကို ပုံဖော်မိသည်လဲ ရှိသည်။ စိတ်ကူးနှင့် လက်တွေ့ ထပ်တူကျဖို့ ခဲယဉ်းသည့် အလုပ်တွင် စာရေးသားခြင်း ပါဝင်မည် ထင်သည်။ အရာရာမှာ ရည်မှန်းချက်ထားကာ ဖြစ်အောင်ဖော်ဆောင်တတ်သော သူမအတွက် စာရေးသားခြင်းတွင် ရည်မှန်းချက် ထားရှိ၍ မရခဲ့ပေ။

“စာရေးဆရာမ ဖြစ်ချင်တာလား” ဟု သူမကို မေးသူ ရှိခဲ့ဖူးသည်။ ထိုမေးခွန်းအတွက် သူမ “ ဟင့်အင်း စာရေးသူပဲ ဖြစ်ချင်တာ” ဟု အဖြေပေးခဲ့ဖူးသည်။ စာရေးသူဘဝသည် သူမ မျှော်လင့်ချက် ဖြစ်မည် ဆိုလျှင် ထိုမျှော်လင့်ချက် ပြည့်ဝသည်ဟု သူမ ယူဆသည်။ စာတွေကို ရေးသားသူသည် စာရေးသူပင် မဟုတ်ပါလား။ သူမ ရေးသည့်စာတွေကို အားပေးသူ၊ ထောက်ခံသူ၊ ကန့်ကွက်သူ၊ ဝေဖန်သူ တစ်ဦးတစ်ယောက်မျှ မရှိလျှင်တောင် သူမသည် စာရေးသူပင် ဖြစ်သည်။ သူမသည် မည်သို့သော စာရေးသူ ဖြစ်သည်၊ မည့်သို့သော စာပေကို ရေးသားသူ ဖြစ်သည် ဆိုသည်ကို သူမကိုယ်တိုင် အညွှန်းရေးသားရန် မလိုအပ်ပေ။

လူတစ်ယောက်တွင် ဦးခေါင်းတစ်လုံးသာ ပိုင်ဆိုင်သည့်အတွက် ဦးနှောက်တစ်ခုသာ ပါဝင်သည့်အတွက် အတွေးတစ်မျိုးတည်းပင် ရှိလိမ့်မည်ဟု သူမ ထင်မှတ်ယူဆခြင်း မရှိပါ။ ထိုသို့ ယူဆသူ ရှိခဲ့သော် သူမ၏ စိတ်ကျန်းမာရေးကို စစ်ဆေးဖို့ လိုမည် ထင်သည်။ တစ်ဦးတစ်ယောက်တည်း ဖြစ်လျှက်နှင့် မတူညီသော အတွေးများကို သူမ အမြဲလိုလို စဉ်းစားဆင်ခြင်လေ့ ရှိသည်။ သူမ၏ အတွေးတစ်ခုကို ကျန်အတွေးတစ်ခုက ထောက်ခံသည့်အခါလဲ ရှိသည်။ အပြင်းအထန် ငြင်းဆန်ကန့်ကွက်သည့်အခါလဲ ရှိသည်။

ထိုအချိန်မျိုးတွင် ကိုယ်ယုံကြည်ရာကို လွယ်လွယ်လက်မလွှတ်တတ်သော သူမ စိတ်ဒုက္ခ ရောက်ရသည်ချည်းသာ ဖြစ်သည်။ ညှိနှိုင်းယူလဲလို့ မရ၊ လက်လျှော့လို့လဲ မဖြစ်နိုင် နှင့် သူမသည် လူတစ်ကိုယ်တည်းနှင့် စိတ်နှစ်ခုကွဲနေသူ ဖြစ်သည်။ ထိုအခက်အခဲကို နာမည် ခွဲပစ်ခြင်းဖြင့် သူမ ဖြေရှင်းခဲ့သည်။ နာမည်မတူ၊ အတွေးကွဲသဖြင့် အရေးအသားလဲ မထပ်နိုင်တော့ပေ။ သူမ၏ စိတ်ဆန္ဒ၊ အာဟာရကို ဤသို့သော နည်းလမ်းဖြင့် ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက်၊ နာမည်နှစ်မျိုး၊ ဘဝနှစ်ခုနှင့် သူမ စာရေးသည်။ မည်သည့်နာမည်နှင့် ရေးလျှင် မည်သို့သော စာထွက်မည်မှာ ခန့်မှန်းနေစရာ မလိုအောင်ပင် သူမ၏ လက်များမှာ တစ်စုံတစ်ရာ စီးနင်းနေခဲ့သည်။ တစ်ချို့သော အချိန်များတွင် မိမိ၏ အတွေး နှင့် မိမိ၏ အရေးကို ပြန်လည်ကြောက်စိတ် ဝင်လာသည့် အထိ သူမ၏ လက်များက စေစားလွန်းသည်။ “ဘာဖြစ်လို့ ဒီလိုအတွေးမျိုး ဝင်ခဲ့တာလဲ.. ဘယ်လိုဖြစ်ပြီး ဒီလို ရေးခဲ့တာပါလိမ့်.. ” ဆိုသည့် မေးခွန်းများ သူမ၏ ဦးခေါင်းတွင်းဝယ် နေရာယူတတ်သည်။

ဝတ္ထုတစ်ပုဒ်ကို စရေးစဉ်ကတည်းက ဇာတ်သိမ်းကို ကြိုမြင်နေတတ်သလို .. ရေးရင်းနှင့်ပင် ဇာတ်သိမ်းမရသည့်အခါများ၊ ဇာတ်သိမ်းလိုက်ရသည့်အခါများ ဇာတ်ကြောင်းပြောင်းသွားသည်များ သူမ၏ စာရေးသည့်ကာလတစ်လျှောက်တွင် ခဏခဏ ကြုံခဲ့ရသည်။ စိတ်ကူးသာ ရှိလျှက် လုံးဝ ချရေးလို့ မရသည့် အချိန်မျိုးတွေလဲ ရှိသည်။ ထို အချိန်မျိုးတွင် စာတစ်ပုဒ်ကို နားလည်ရက်နှင့် အလွတ်ချမရေးနိုင်သည့် ကလေးငယ်တစ်ယောက်လို သူမ စိတ်လက်မှိုင်တွေ မိသည်။ စာမေးပွဲအတွက် အသည်းအသန် စာကျက်နေရသည့် အချိန်မျိုးတွင်မှ စာရေးချင်စိတ်က ထိန်းမရအောင် ပေါ်ပေါက်လာသည်လဲ ရှိသည်။

သေချာသည့် အကြောင်းအရာတစ်ခုတော့ ရှိသည်။ ဤသည်မှာ သူမသည် စာဖတ်ခြင်းနှင့် စာရေးခြင်းကို ရူးသွပ်သူ တစ်ယောက်ဖြစ်သည်။ အဘယ်ကဲ့သို့သော အကြောင်း၊ အချင်း၊ အရာ၊ အခက်အခဲ၊ အဟန့်အတား များ ရှိသည်ဖြစ်စေ သူမ၏ စာဖတ်လိုသော၊ စာရေးလိုသော ဆန္ဒကို ယုတ်လျော့စေမည် မဟုတ်ပါ။ သူမ ရေးသားသော စာများကို တခြားသူများသို့ တင်ပြဖတ်ရှုခွင့် မရှိသည့်တိုင်အောင် မိမိ ရေးသားထားသည်ကို မိမိ ပြန်လည်ဖတ်ရှု၊ ဝေဖန်၊ ပြင်ဆင်၊ တည်းဖြတ်ကာ စာရေးသူဘဝကို ခံယူပါမည်။

အထက်က ဆိုခဲ့ပြီးသလို သူမသည် ဝါသနာရှင်အဆင့် စာရေးသူသာ ဖြစ်၍ သူမ၏ စာများတွင် အမှားအယွင်းများ၊ လိုအပ်ချက်များ ရှိနေနိုင်သည်။ ဓမ္မဓိဌာန် ကျကျ၊ ယုတ္တိရှိရှိ တွေးတောမျှော်မြင် နိုင်စွမ်း သူမ အားနည်းနေနိုင်သည်။ အမြင်နှင့် အကြားကို အသိနှင့် ယှဉ်ကာ တွေးထင်ပြီး ရေးသားသဖြင့် သဘာဝတရားနှင့်လဲ ဆန့်ကျင်နေနိုင်သည်။ လူအများစုနှင့်လဲ သဘောထားကွဲလွဲနိုင်သည်။ မှေးမှိန်နိမ့်ကျသော အတွေးအခေါ်ဟောင်းများလဲ ဖြစ်နေနိုင်သည်။ အစွန်းရောက် အယူများလဲ ရောနေနိုင်သည်။

မိမိကိုယ် မိမိ စာရေးသူ အဖြစ် သတ်မှတ်ခံယူထားသော သူမတွင် အောက်ပါ ကိုယ်ပိုင်စည်းကမ်းချက်လေးများတော့ ရှိသည်။

၁။  တစ်ပါးသူ၏ စာကို အကိုးအကားလုပ်၍ ရေးလို့ရသည်။ သို့သော် ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင်အမြင်နဲ့ ပြန်လည်ဆန်းသစ် ရေးသားရမည်၊ ထပ်တူ ကူးမချရ။ ဤနည်းဖြင့် စာဖတ်သူကို စော်ကားခြင်း မပြုရ။

၂။ သူမရေးသားသော စာတစ်လုံး စကားတစ်ခွန်းသည် စာဖတ်သူအတွက် စကားလုံးပုံစံ အဆိပ်များ မဖြစ်စေရ။

၃။ သူမ ရေးသော စာသည် အများစုနဲ့ မသက်ဆိုင်ပဲ ကိုယ်ပိုင်ခံစားချက်မျှသာ ဖြစ်နေရင်တောင် ရသကို ပေးနိုင်ရမည်။

၎။ သူမသည် စာဖတ်သူအား ပညာတက်လေသံဖြင့် ဝေဖန်ပြောဆိုခြင်း မပြုရ။

၅။ သူမသည် စာဖတ်သူအား ဆွဲခေါ်ခြင်း၊ စည်းရုံးခြင်း၊ ကန့်ကွက်ခြင်း၊ တားမြစ်ခြင်း မပြုရ.. လမ်းကြောင်းပြရုံ၊ ပေးရုံသက်သက်သာ ဖြစ်ရမည်။

၆။ သူမရေးသားသော စာလုံးတစ်လုံးချင်းစီသည် အပြုသဘောကိုဆောင်ကာ ဆွေးနွေးတင်ပြသည့် ပုံစံသာ ဖြစ်ရမည်..။ ငါ့စကား နွားရ၊ ငါပြောတာ အမှန်၊
ငါလုပ်တာ လက်ခံ၊ ငါဆိုတာ လိုက်နာ၊ ဆိုပြီး စာဖတ်သူအား ရန်ဖက်တုပြိုင်မလုပ်ရ။

ဤသည်မှာ သူမ၏ ကိုယ်တိုင်လိုက်နာကျင့်ကြံသည့် ကိုယ်ပိုင် စည်းကမ်းမျှသာ ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ခြင်း မရှိပါ။ အဆုံးသပ်ရလျှင် သူမသည် စာရေးသားခြင်းကို ဝါသနာပါသော သာမန် ပုထုဇဉ်လူသားတစ်ဦးမျှသာ ဖြစ်သည်။ သူမ ရေးသားသော စာများနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်လိုသည် ရှိသော်၊ ပြောဆိုလိုသည် ရှိသော်၊ ငြင်းဆန်လိုသည် ရှိသော် လွတ်လပ်ပွင့်လင်းနွေးထွေးစွာ ပြုမူဆက်ဆံနိုင်ပါသည်။ သူမသည် စာရေးသူတစ်ဦးသာလျှင် ဖြစ်ပါသည်။

နန်းလေပြေနု
(9:54 AM၊ 5.7.2010)

2 comments:

ဆန်းဝင်း said...

ကိုယ့်လမ်းကြောင်းကို ပုံဖေါ် လျှောက်လှမ်းခြင်း နှင့်အတူ စာဖတ်သူအပေါ်ထားတဲ့ စိတ်စေတနာကို သဘောကျတယ်ဗျာ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်ပိုင်ဆိုင်ရာ စာမျက်နှာမှာ ရေးတယ်ဆိုပေမဲ့လို့ လာဖတ်သူတွေအပေါ် စေတနာနဲ့ စာရေးတဲ့စိတ်ကလေးကို လေးစားမိပါတယ်..
စိတ်စေတနာကောင်းရဲ့ ရလာဒ်ကောင်းကို ခံစားရမှာပါ..
ပျော်ရွှင်အဆင်ပြေပါစေ..