Pages

Wednesday, June 9, 2010

ကံကြမ္မာနဲ့ စကားစမြည်

ငါ မယုံကြည်တဲ့ ကံကြမ္မာက ငါ့ကို ခဏခဏ စိန်ခေါ်တယ်

ငါ လိုက်မသွားနိုင်တဲ့ နေရာကိုမှ သူ ရွေးခေါ်တယ်............

တော်ပါပြီ မသိချင်တော့ပါဘူး

နားမည်မှုနဲ့ မတန်တဲ့ အပေးအယူဆန်တဲ့ လက်တွေ့တွေ

ပန်းဆိုတာက ပွင့်မြဲပွင့်နေတာပဲ ကြွေပြီးသား ပန်းအတွက် ၀မ်းမနည်းတော့ဘူး

ဒီပန်းတွေ အပွင့်ကျဲသွားပေမယ့် နောက်ပန်းတွေ ဝေလာတာပဲလေ

ဘာအတွက် ပူဆွေးနေတော့မလဲ

ပါးစပ်ကသာ ပြောနေတာပါကွာ...... အလကားပါ

မင်းရဲ့ အားငယ်တတ်တဲ့စိတ်က ငါ ငါးညှီနံ့ရရနေတယ်

တော်ပြီ ဒီတစ်ခါ အနံ့ထွက်လာရင် စဉ်းတီတုံးပေါ်သွားတင်ပစ်လိုက်မယ်

ဟုတ်တယ်. တကယ်! (စိတ်ပေါက်စွာဖြင့်)

စိတ်ကသာ ကြိုးတစ်ချောင်းဖြစ်ခဲ့ရင် အခါခါတင်းရလွန်းလို့ ပြတ်ကြာလှပေါ့

ဘာမှစဉ်းစားမနေနဲ့ ခေါင်းရှုပ်တယ်

အသက်ကို ပြင်းပြင်းရှု၊ ဖြေးဖြေးချင်းထုတ် မေတ္တာသာ ပွားနေလိုက် အဲဒါ အေးချမ်းတယ်

တစ်ချို့စကားတွေက ပြောလို့သာ လွယ်တာ လိုက်နာဖို့ ခက်တယ်ဗျ


ပေးဦးမယ် ဆင်ခြေတွေက ဆင်တစ်ကိုယ်စာမက

ဒါဆိုလဲ မျှောသာချလိုက် ရေအေးအေးနဲ့ ဟုတ်ပလား

စကားလုံးဆိုးဆိုးတွေကို မျိုချလို့ အစာအိမ်မထိခိုက်ပါဘူးဆိုတာ ဘယ်အရူးက ပြောခဲ့တာလဲ

မမှန်လို့လား?

အစာအိမ်သာ မထိခိုက်တာကွ ပြည့်သိပ်ထည့်ထားရလို့ ရင်ဘတ်တစ်ခုလုံးလဲ အညိုအမည်းစွဲလို့

ခက်တယ်ကွာ ခံစားချက်ကို ရှေ့တန်းတင်လွန်းကြတယ်

မင်းကရော ဟေ့ကောင်...?

ဝန်ခံခြင်းလားတော့ မသိ ခဏမျှ တိက်ဆိတ်သွားသည်

ဆူးပင်ကို ခေါင်းအုံးလုပ်အုံးဖို့ ဘယ်နှာကြောင့် စဉ်းစားမိရသလဲ

ခြင်တစ်ကောင်ရဲ့ သွေးဆာမှုကြောင့်

ငါက ပါဏာတိပါတာကံ ကျူးလွန်ပေးရမှာလား

ဒါမှမဟုတ်

“သည်းခံခြင်းသည် အောင်မြင်ရာ၏” ဆိုတာကို ဆောင်ထားရမှာလား

မေးခွန်းတွေများလိုက်တာကွာ

စကားတတ်ခါစ ကလေးကျနေတာပဲ နောက်ဆို ဘယ်သွားသွားမခေါ်တော့ဘူး......

အဟက် ရယ်ချင်တယ်ဗျာ ကလိယားထိုးလှည့်စမ်းပါ

ခင်ဗျားခေါ်တိုင်း လိုက်ရအောင် ကျုပ်က အရူးမှမဟုတ်တာ

အေး ကိုယ့်ကိုကိုယ် မရူးသေးဘူးဆိုတဲ့ကောင်က အရူးပဲ

လူဆိုတဲ့သတ္တ၀ါတွေ တော်တော်ရယ်စရာကောင်းတယ်

အရူးချင်းအတူတူတောင် ခေါင်းစဉ်တွေခွဲနေသေးတယ် ဟ ဟ

ဆေးစက်ကျရာ အရုပ်ထင်ရမယ်တဲ့

ဟော ဟိုးမှာ ဝေါကနဲ သွန်ပစ်လိုက်တဲ့ ငါ့စိတ်တွေ

ဘာရုပ်တွေများ ထင်ဟပ်ခဲ့သလဲ ကြည့်ဦးမှ ကြည့်ဦးမှ

ဝေါ့..

ဆိုးပါ့ဟာ အချစ်ဆိုတာ ဘ၀တဲ့ ရူးလိုက်ပုံများ..........

ထင်ရာတွေ စွတ်ပြောမနေစမ်းနဲ့ နားထောင်ကြည့် တကျွိကျွိနဲ့ ဘာသံလဲ

အဲဒါ ခင်ဗျားဦးနှောက်ကို ကြွက်ဝင်ကိုက်နေတာ...

စိတ်အညစ်အကြေးတွေ ရှိနေရင်တော့ အင်း.. ဦး(အုန်း)ကိုက်ခံရမှာပဲဗျ

အ ညစ် အ ကြေး

အ ညစ် အ ကြေး

ရောင့်ရဲတယ်ဆိုတာ မျိုသိပ်ခြင်းရဲ့ ဝေါဟာရကွဲတစ်ခုလား....

မျိုသိပ်တာနဲ့ သိပ်မျိုတာကရော အမျိုးများတော်နေလား...

စကားမစပ် မနက်ဖြန် နေသာမလားဗျ

ဘာ.. အဲဒါ ငါ့အလုပ်မှ မဟုတ်တာ သိချင် မိုးလေ၀သဌာန မေးပါ့လား

ဒါဆို ခင်ဗျားအလုပ်က ဘာလဲ......

ငါလား... လူတွေကို အခက်အခဲတွေပေးပြီး

တောင့်တင်းခိုင်မာမှု ရှိမရှိ စမ်းတယ်လေ ဒါ ငါ့အလုပ်ကွ

တောင့်တင်းရင်....?

သူ့အလုပ်သူ ဆက်လုပ်မှာပေါ့ကွ ရှင်းနေတာပဲ

မတောင့်တင်းရင်ရော........?

ငါ့အလုပ်ငါ ဆက်လုပ်မှာပေါ့ကွ မင်းတော်တော်စကားများတဲ့ကောင်

တော်ပြီ ဟေ့ကောင် ... ငါက ကံကြမ္မာကွ

မင်းအမှီလိုက်နိုင်ရင် လိုက်ခဲ့................

မပြောဘူးလား

ငါ မယုံကြည်တဲ့ ကံကြမ္မာက ငါ့ကို ခဏခဏ စိန်ခေါ်တယ်

ငါ လိုက်မသွားနိုင်တဲ့ နေရာကိုမှ သူ ရွေးပြီးခေါ်တယ်............။ ။


ပလပ်စတစ် (ကလေကချေ)

No comments: