Pages

Wednesday, June 9, 2010

မျှော်လင့်ခြင်း အကာသားနဲ့ ထုဆစ်ထားသော စိတ်ကူးများ

လရောင်ခပ်ပါးပါး ဆမ်းထားတဲ့
ဘ၀ဆိုတဲ့ လမ်းမှာ
လေတစ်ချွန်ချွန်နဲ့
ငါဟာ နောက်ပြန်လျှောက်လာခဲ့တယ်။

စိတ်ကူးထဲမှာတော့...
မင်းဟာ ငါ့ရင်ဘတ်ထဲက ထွက်လာတဲ့
ကဗွီးပင်တစ်ပင်ပေါ့။

မင်းရဲ့ နုပျိုတဲ့အလှ
ဝေဆာတဲ့ စိမ်းလန်းမှုကို
ငါ ဂုဏ်ယူလို့မှ မဆုံးသေးဘူး
မင်းရဲ့ သမုဒယ အမြစ်တွေနဲ့
ပတ်နှောင်တွယ်ထားလိုက်တာများ
ငါ့နှလုံးသားတောင် ကျုံဝင်သွားခဲ့တယ်။

ဒါပေမယ့် ငါလို မြေကြီးက
မင်းရဲ့ ရိုးတံပြတ်တွေ၊ ပွင့်ဖတ်ဟောင်းတွေ
နောက်ဆုံး...
မင်းအနေနဲ့ ကြင်နာမှုနဲ့ ဝေမျှပေးလိုက်တဲ့
အသီးတစ်ချို့ရဲ့ နာကျင်မှုကိုတောင်
မက်မက်မောမော ခံယူမိမှာပါ
ဒါတွေကိုကလည်း မင်းကို မြှင့်တင်ပေးမယ့်
ငါ့အတွက်ကတော့ အားဖြည့်လောင်စာပဲပေါ့။

ထားပါလေ...
ခံယူချက်ခြင်းမှ မတူတာ
ခံစားချက်ခြင်းတူဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပ့ါမလဲ။

တကယ်တော့ မင်းနဲ့ငါဟာ
ဖဲပွင့်ပုံ ချည်ထားတဲ့ ကြိုးတစ်စလိုပဲပေါ့
တစ်ဖက်ဖက်က တင်းလိုက်တာနဲ့
အားလုံး ပြည်ကုန်မှာပဲနော်
အဲဒီအခါ....
ကြိုးစရဲ့ ထိပ်နှစ်ဖက်မှာ နေကြတဲ့
နင်နဲ့ငါ ဘယ်လိုများ ဆုံရှာမလဲလို့
ရင်နာနာနဲ့ တွေးမိသေးတယ်။

လရောင်နမ်းမှ ပွင့်လန်းတဲ့ ကုမုဒ္ဒြာလိုမျိုး...
အစာဝင်မှ အာသာပြေတဲ့ အစာအိမ်လိုမျိုး....
အကြွေစေ့ထည့်မှ ကစားလို့ ရတဲ့ ဂိမ်းစက်လိုမျိုး...
ငါ...
လရောင်၊ အစာ၊ အကြွေစေ့လေး မင်းကို မျှော်လင့်ချင်တယ်။

ငါရဲ့လမင်း . မင်းမှ မလင်းရင်
ကြယ်စင်ကုဋာ ထိန်ဝင်းသာလည်း
မုဒ္ဒြာငါက မလန်းနိုင်သူပါ..။

ဘာပဲဖြစ်ဖြစ်......
ရေသန့်မဟုတ်ရင်တောင် ရိုးရိုးရေတစ်ခွက်ကလဲ
အာသာပြေပါတယ်ဆိုပြီး မင်း မျှောချခဲ့တာလည်း
ငါက ကျေနပ်လက်ခံသွားမှာပါပဲ။

လက်သီးနဲ့ပဲထိုးထိုး၊ ကိုင်ပဲပေါက်ပေါက်
အချိန်တန်တော့ ငါ့ရင်ခွင်ထဲ ရောက်လာမှာပေါ့ လို့
မသမာတွေးလေး တွေးမိတာ
မင်း မရိပ်မိကောင်းပါဘူး အကြွေလေးရယ်။

မလိမ်တမ်း ပြောရရင်တော့...
ကိန္ဒရာမောင်နှံကို မကျေနပ်ဘူး.........
သူတို့ထားသွားလို့သာ အလွမ်းဆိုတာ ငါ ခံစားနေရတာ
ထားပါ ဒီအကြောင်းတွေးရရင်
သုညဟာ စုံလား၊ မလား မေးနေရဦးမယ်။

အားငယ်ရတယ် ဒဿမလေးရယ်
အမှတ်မရှိတဲ့ ငါ နင့်နောက်က ရပ်မိတော့
အားလုံးက ၀ိုင်းပြောကြတယ် ”သုံးမရဘူး”တဲ့။

ဘာတဲ့ လေးထပ်တိုက်၊ စက်ရိုက်ရွှေ
သိန်းရာချီတန်စိန် နဲ့ ထောင်ကျော်တန်ကား
သွားစမ်းပါ.....
ငါဆိုတဲ့ ကဗျာတပည့်က
(မှတ်ချက်၊ ၊ ကဗျာဆရာ အဆင့်မရှိသူမို့ပါ)
အဲဒါတွေထက် အနုပညာကို ပိုမက်ခဲ့တာ
အများအမြင်မှာတော့ ”ငပေါကြီး”တဲ့။

ရှိပါစေတော့လေ.....
ဆန္ဒနဲ့ ဘ၀ ထပ်တူမကျတဲ့ ဒီလောကကြီးမှာ
ဟာသဆိုတဲ့ ရသက နွမ်းလျလျနဲ့ ပြောလိုက်တယ်
နေရတာ ပျော်မောကြီးတဲ့။

ချစ်ခြင်းမေတ္တာတွေ မကျေနပ်ခြင်းသေတ္တာက
အပြိုင်အဆိုင် ခုန်ဆင်းတဲ့ အခါ
ငါ့ရင်ဘတ်ထဲမှာ ဗလာပဲ ကျန်ခဲ့တယ်
ဘုရားစူးရပါစေရဲ့ မျဉ်းကြောင်းလေးတောင် ပါမလာပါဘူး။
ဒါဟာလဲ မင်းစံနက်ပဲလားလို့
ငါ တွေးမိပါရဲ့ ပုံနှိပ်စက်မလေးရယ်။

နိဂုံးသို့ မတိုင်ခင် အဲဒီတုန်းမှာပဲ
လေရူးတစ်ချို့က ရုတ်ကနဲဆို
ငါ့စိတ်ကူးတွေ အလစ်သုတ်ပြေးသွားခဲ့တယ်။

ချစ်ရတဲ့ လေပြေလေးရယ်
ငါ့စိတ်ကူးတွေသာ နင်သုတ်မသွားရင်
ငါ့ကဗျာထဲမှာ နင့်ကို ဘုရင်လုပ်ခိုင်းမှာပါ။

ခုတောု့.......
လူကြမ်းလုပ်ပြီး နင် ရုတ်သွားတဲ့
စိတ်ကူးပိတ်စတွေအစား.....
မျှော်လင့်ခြင်း အကာသားတွေနဲ့ပဲ.....
ထု....ဆစ်.... ရ........ဦး..........မှာ........ပေါ့....။ ။

ပလပ်စတစ် (ကလေကချေ)

No comments: