Pages

Tuesday, June 29, 2010

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

“......”
“ အိုး နင်တောင် ပြောင်းလဲသွားသေးတာ ငါက ဒီအတိုင်းလေးပဲ ကျန်မယ်လို့ နင် ဘာလို့မျှော်လင့်နေရတာလဲ”
“.........”
“အချစ်အကြောင်းကို စဉ်းစားရင်း အချိန်ကုန်နေရအောင် ငါ ကလေး မဟုတ်တော့ဘူး ကိုကို ငါ့မှာ ဆက်လျှောက် ရမယ့် လမ်းတွေ အများကြီး ကျန်သေးတယ်”
“........”
“နင် လက်ထပ်ခြင်း လက်မထပ်ခြင်းအပေါ်မှာ ငါက ဘာလို့ မိန်းမူးနေရမလဲ ဒါ နင့်ဘ၀လေ ငါ့ဘ၀မှ မဟုတ်တာ နင့်ဘ၀ နင့်လမ်း နင်လျှောက်တာ ငါက ဘာဆိုငိလို့ ခံစားနေမလဲ နင်နဲ့ငါ ချစ်ခဲ့ကြတယ် မှန်တယ် ဒါပေမယ့် ချစ်တိုင်း လက်ထပ်ဖြစ်တာမှ မဟုတ်တာ ငါ့ကို အဲလောက် နင် လျှော့မတွက်သင့်ဘူး ကိုကို”


“.......”
“ဘာ ငါ့ကို စိတ်ချချင်တယ် ဟုတ်လား အဟက် အားမနာတတ်ရင် ရယ်လိုက်ချင်တယ်ဟာ တကယ် စိတ်မချဘူး လို့ပြောရအောင် ငါက ဘာဖြစ်နေလို့လဲ ငါ့မိဘ ငါ့အသိုင်းအ၀ိုင်း ငါ့အဆင့်အတန်း ငါ့ပညာနဲ့ ငါ့ဘာသာငါ ရပ် တည်လို့ ရနေတာပဲ နင်နဲ့ ဝေးရလို့ ငါက ဘ၀ပျက်သွားမယ့် မိန်းမမှ မဟုတ်တာ ဘာလဲ နင် ငါ့ကို ချန်ထားခဲ့လို့ ကိုယ်ကိုကိုယ် သေကြောင်းကြံမယ်များ ထင်နေတာလား ဟားဟားဟား”
“........”
“အေးဆေးပါ ကိုကိုရ မွန်မွန်ကိုပါ ငါ ဒီနာမည်ကို အလွယ်တကူ ထုတ်သုံးလေ့မရှိပါဘူး ငါ့နာမည်ကို အပေါင်ထား
ပြီး ပြောပြီဆိုရင် သေချာတယ် ငါလုပ်နိုင်တဲ့ ကိစ္စမို့ပဲ.... နော် စိတ်သာချလိုက်ဟာ ငါ အာမခံတယ် ဟားဟား” “........”
“sorry ဟာ လှောင်သလို ဖြစ်သွားရင် .... နင့် စေတနာကို ငါ နားလည်ပါတယ်”
“.......”
“ခဏ ကိုကို ငါ ပြောစရာ ရှိတယ်... နင်နဲ့ငါ ချစ်နေကြတုန်းမှာ အကောင်းဆုံး မဟုတ်ပေမယ့် ငါ အစွမ်းဆောင် နိုင်ဆုံး လုပ်ပေးခဲ့တယ် ငါ နင့်အပေါ်မှာ ထားရှိခဲ့တဲ့ ချစ်ခြင်းနဲ့ စေတနာမေတ္တာတွေကို ငါကိုယ်တိုင် ကျေနပ်အား ရခဲ့တယ် အဲဒီ့အတွက် ငါမှာ နောင်တမရှိဘူး အေး အတူတူသွားနေတဲ့ လမ်းမှာ နေရစ်ခဲ့တော့လို့ နင်ချန်ထားခဲ့ လို့ ရတယ် နေရစ်တော့မယ်လို့ ပြောပြီး ကျန်နေရစ်လို့ ရတယ် ငါ လက်ခံတယ် ဒါပေမယ့် ချန်ထားခဲ့ပြီးမှ၊ ကျန် နေရစ်ခဲ့ပြီးမှ နင့်ဘက်က တစ်ဖက်သက်ဖြူတ်ထားခဲ့တဲ့ ငါ့လက်ကို ပြန်လာတွဲဖို့ စိတ်မကူးနဲ့ ငါက နင်ပြန်လှည့် ကြည့်တိုင်း အမြဲကပ်ပါနေမယ့် အရိပ်မဟုတ်ဘူး အဲဒါလေးကိုတော့ နင်နားလည်ထား နင် ပြန်လည်လာမလား လို့ စောင့်နေမှာ မဟုတ်ဘူး အသနားလဲ ခံမှာ မဟုတ်ဘူး သိလား”
“........”
“အော် ဒီလိုတော့ အပြစ်မဆိုနဲ့လေဟာ နင့်မှာလဲ မာနရှိသလို ငါ့မှာလဲ မာနရှိနေနိုင်တာပဲ ဒါတွေ ထားပါ ပြောနေစရာမလိုတော့ပါဘူး အရေးကြီးတာက နင့်ဘ၀မှာ နောင်တကင်းကင်းနဲ့ အသက်ဆက်ရှင်နိင်ဖို့ပဲဟ သိလား.... နောင်တဆိုတာကလဲ virus တစ်မျိုးပဲလေ တရိရိကိုက်စားပြီး အသက်ပါသွားတတ်တာမျိုး အဟ ”
“.......”
“အိုး... နောက်တာမဟုတ်ပါဘူးကွယ် ဒါ ရင်ထဲက စကားပါ ဘယ်နှယ့် ချစ်သူတစ်ယောက်ကိုလဲ ဆုံးရှုံးသေး... ရှိနေတဲ့ ဘ၀ကိုလဲ မပျော်ရဘူးဆိုရင် ဘယ်တန်ပါ့မလဲ ငါနဲ့အတူနေရတာထက် ပိုကောင်းမယ်ထင်လို့ နင်ရွေးခဲ့ တာပဲလေ ကိုယ့်ရွေးချယ်မှုကို ကိုယ်နောင်တရနေရင် နင် ရှင်ရက်နဲ့ သေသလို ဖြစ်သွားမှာပေါ့ဟ မဟုတ်လား” “......”
“တော်စမ်းပါ ကိုကိုရယ် အရူးထမနေပါနဲ့ ငါက နင့်အတွက်နဲ့ ကျန်းမာရေး ထိခိုက်ရမယ်လို့ ဘာမှမဖြစ်ဘူး နေ ကောင်းတယ် ဟိုးတုန်းကတည်းက မကောင်းတဲ့ ကျန်းမာရေးပါဟ နင့်ကြောင့်မဟုတ်ပါဘူး အံမယ်လေးဟယ် ဖြစ်မှဖြစ်ရလေ စိတ်ချစမ်းပါဟာ ငါက စိတ်ညစ်လေ စားဝင်လေပဲ နင်သိပါတယ် ဟဟ”
“......”
“အိုကေ အိုကေ ကိုကို နင်မပြောနဲ့တော့ ငါပဲ ပြောမယ် နင်နဲ့ငါဟာ ချစ်သူဖြစ်ခဲ့ကြဖူးတဲ့ သူစိမ်းတွေပါ နင်နဲ့ငါ ကြားမှာ ချစ်သူဆိုတဲ့ ပါတ်သက်မှုသာ မရှိတော့ဘူး ဆိုရင် နင်နဲ့ငါဟာ သူစိမ်းပဲ ဟုတ်တယ်မလား သူငယ်ချင်း လို မိတ်ဆွေလိုနဲ့ လာပြီး ငြိမ်းချမ်းရေး ယူမနေစမ်းပါနဲ့ ပြောရမယ်ဆိုရင် ငါက နင့်ကို ကျေးဇူးတောင် တင်သေး”
“.....”
“ဟင် ဘာဖြစ်လို့ရမလဲ နင် ငါ့ကို သစ္စာရှိလို့လေ ငါ့ကို တစ်သက်လုံးစာ လက်မတွဲနိုင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြီး လမ်းခွဲသွားလို့လေ ဒီလို သစ္စာရှိရှိနဲ့ နင် ထားသွားခဲ့တာကို ငါ ကျေးဇူးတင်တာ မဟုတ်ရင် ငါ့ဘ၀တစ်ခု လုံး နင် လိမ်ညာမှုတွေနဲ့ သစ္စာမဲ့နေမှာလေ.. ခုတော့ စောစောစီးစီး သိရတော့ ငါ့မှာ ရွေးချယ်ခွင့် ရတာပေါ့... ဟုတ်တယ်မလား ကျေးဇူးတင်တယ်ဟာ နော်”
“......”
“ကဲပါ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့ ဘယ်လိုမှလဲ သဘောမထားပါနဲ့ ငါ့အတွက်လဲ စိတ်ချ ပညာရေးမှာပဲ ဖြစ်ဖြစ် စီးပွားရေးမှာပဲ ဖြစ်ဖြစ် ငါ အောင်မြင်မှာပါ ငါ့ကိုယုံတယ်မလား စိတ်ကို ငြိမ်းချမ်းစမ်းပါဟာ ခက်ခက်ရချည့် ငါကတောင် ပြန်နှစ်သိမ့်နေရသေးတယ် အံသြပါ့ ဟ ဟ ငါ သိပ်ကြိုက်တဲ့ တာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲကလိုပေါ့
မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက....
တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ ....... တို့ ဝေးလိုက်ကြပါစို့..
ကဲ ဘာပြောဦးမလဲ ညလဲနက်နေပြီ ငါလဲ အိပ်ချင်နေပြီ မနက်ဖြန် သင်တန်းတွေ ရှိသေးတယ်ဟ”
“မေလေးကို ချစ်တယ်”
“တီ..တီ..တီ...”

ကျွန်မကို စိတ်ချချင်တယ် ဆိုတဲ့ ကိုကိုရေ ဒီလေသံ ဒီစကားတွေဆို စိတ်ချပြီမလား...........

“၀ုန်း.....”
“ဟဲ့ သမီး သမီး.... ဟဲ့ လုပ်ကြပါဦး ခေါ်မရတော့ဘူး........”

နှစ်ရက်ခန့် ကြာသောအခါ................

ကိုလေးဖြူရဲ့ မမေ့နိုင်သီချင်းကို တိုးတိုးလေး ဖွင့်ထားသော ဒီအခန်းထဲမှာ ကျွန်မ သိပ်ကြိုက်သော နှင်းဆီပန်း နံ့တွေထဲ ဆေးနံ့အချို့ ရောနှောပါမနေရင် သိပ်နှစ်လိုဖွယ်ကောင်းမှာပဲ။ ပိုးသတ်ဆေးနံ့တွေကို ကျွန်မ မုန်းသည်။ နှာခေါင်းကို ပိတ်ထားဖို့ ကျွန်မ လက်တွေကို မြှောက်လိုက်တော့ ဖြူဖျော့ခြောက်ကပ်နေတဲ့ လက်ချောင်းတွေဟာ ပိုက်တန်းလန်းနဲ့။ ရုတ်တရက် လှုပ်လိုက်၍ထင်သည် ပိုက်ထဲသို့ သွေးအချို့ စီးဝင်လာသည်။ ထိုသွေးများ အပ်ဝမှာ ခဲနေပြီဆိုလျှင် ကျွန်မ နာကျင်ရဦးမည်။ သို့သော် နာကျင်ရက်နဲ့ မနာကျင်သယောင် ဟန်ဆောင်ရသည် လောက် နာကျင်မည် မဟုတ်ပါ။ တစ်ချိန်လုံး သူ့အပေါ်မှာ ရိုးသားစွာ ဆက်ဆံခဲ့သော ကျွန်မသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ဟန်ဆောင်ခဲ့သည်။ ထို့အတွက် ဟန်ဆောင်ခြင်းသည် စိတ်ရော ကိုယ်ပါ ပင်ပန်းသော အလုပ်တစ်ခု ဖြစ်ကြောင်း ကျွန်မ ကိုယ်တိုင်လက်တွေ့ကျကျ သိလိုက်ရသည်။

ဆုတောင်းခွင့် ရှိမည်ဆိုလျှင် သူနဲ့ နောက်ထပ်ပြန်မဆုံပါရစေနဲ့ ဟု ကျွန်မ ဆုတောင်းချင်သည်။ ဤသည်မှာ သူ့ ကို မုန်းတီး၍ မဟုတ်ပဲ ကျွန်မ ဟန်ဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်၍ ဖြစ်သည်။ ဤမျှ စိတ်ရော ကိုယ်ပါ ပင်ပန်း သည့် ဟန်ဆောင်ခြင်းဟူသော အလုပ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ မလုပ်ချင်တော့ပါ။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်သည်။

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

2 comments:

မောင်ဘကြိုင် said...

နန်းငယ်ရေ.....
ဟူးးး
ဟန်ဆောင်ဖို့တောင်အင်အားမရှိတော့ပါဖူးးးးး

သက်မီမီထိုက် said...

အရမ်းကောင်းတယ်။ အားပေးနေတယ်နော်