Pages

Monday, June 28, 2010

ဓါးစားခံအန်စာတုံးလေးများ

19.10.2009
သစ်ရွက်မရှိတဲ့ သစ်ပင်ဟာ သစ်ပင်ပဲ။
သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့ အမှိုက်တဲ့။

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ ပျက်စီးယိုယွင်းမှုတွေက နောက်က တစ်ပါတည်း လိုက်လာတက်တာလဲ လောကရဲ့ သဘာဝပေါ့။ အရာရာကို စမ်းသပ်စွန့်စားချင်တဲ့ ဆယ်ကျော်သက် အရွယ်တွေ..... နည်းပညာမြင့် မီဒီယာတွေရဲ့ လွှမ်းမိုးသိမ်းသွင်းမှုအောက်ကို တစ်ဖြည်းဖြည်းနဲ့ ရောက်လာနေပြီ။ လမ်းကြောင်းမှန်ကို ရောက်သွားတဲ့ ကလေးတွေ ရှိပေမယ့် ရေလိုက်လွဲတဲ့ ကလေးတွေ အများကြီးပါ။ ပါတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေရတာတွေလဲ လခြား၊ ရက်ခြားကနေ ခု နာရီလောက်ပဲ ခြားပါတော့တယ်။ အတုမြင် အတက်သင်ဆိုတာ ကလေးတွေအတွက် အများကြီး အရေးကြီးပါတယ်။ အထူးသဖြင့် မိဘရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်ပြီး အဆောင်နေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေမှာ ပိုလို့ အရေးကြီးပါတယ်။ ကျောင်းသားအရွယ်၊ လူငယ်ဆိုတာ ပျော်ချင်တယ်၊ ပါးချင်တယ်၊ လွတ်လပ်ချင်တယ်.... ဒါ သဘာဝပဲ။ ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်။ လိုအပ်တာထက် ပိုလာရင်တော့ ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲ။



ဂိမ်းဆော့တယ်ဆိုတာ ဦးဏှောက်ကို အလုပ်ပေးတာ၊ စဉ်းစားနိုင်တဲ့ ညဏ်ရည်ကို မြှင့်ပေးတာ။ ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ သူတွေကိုတောင် တစ်နေ့တစ်နာရီ ဂိမ်းဆော့ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားတာပေါ့။ ခုတော့ ကလေးတွေ ဂိမ်းဆော့တာက ပြဿနာတစ်ခုကို ဦးတည်နေပြီ။ အများစုသော ကျောင်းသားတွေ ကျောင်းချိန်ပြင်ပတင် မကတော့ပဲ ကျောင်းချိန်မှာပါ ဂိမ်းဆိုင်မှာ ရောက်နေကြတယ်။ အတန်းမတက်ရုံတင်လားဆိုတော့ ထမင်းမေ့၊ ဟင်းမေ့ကို ညလုံးပေါက် ကစားတဲ့သူက များနေတယ်။ အတန်းပညာကို ထိခိုက်ရုံသာမက၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကိုပါ ထိပါးလာနေတယ်။ တစ်ချို့ဆေးကျောင်းသားတွေ၊ ကွန်ပျူတာကျောင်းသားတွေ၊ နည်းပညာကျောင်းသားတွေ..... ကျောင်းသားတွေဟာ ခုဆို ဂိမ်းကျောင်းသားလို့ ခေါ်ရမတက် ကျောင်းထက် ဂိမ်းဆိုင်မှာသာ အနေများနေကြတယ်လေ။

ဒီပြဿနာကို မဖြေရှင်းရသေးခင်မှာပဲ အင်တာနက်အသုံးပြုမှုက တွင်ကျယ်လာတယ်။ လူငယ်လူရွယ်တွေတင် မဟုတ်တော့ဘူး အသက်အရွယ်မရွေး အင်တာနက်ကို စိတ်ဝင်စားလာတယ်။ မီဒီယာရဲ့ ဆွဲဆောင်မှုက သိပ်ကို ကောင်းလွန်းတာကိုး.............။ ကိုယ်တိုင်တောင် တစ်နေ့ကို သုံးနာရီလောက် အင်တာနက် သုံးဖြစ်နေတာလေ။
တကယ်တမ်း အသုံးချမယ်ဆိုရင် သုံးနာရီဟာ ဒေတာရှာပြီး ဒေါင်းလုဒ် လုပ်ဖို့လောက်ပဲ ရှိပါတယ်။ အိမ်ကျမှ အသေးစိပ် ပြန်ဖတ်ရတာဗျ။ ဒါပေမယ့်........ အင်း ဒါပေမယ့်ဆိုတာက မသုံးချင်ပေမယ့် အများဆုံးသုံးနေရတဲ့စကားဖြစ်နေတယ်ဗျာ။ ခက်တာက အများစုက အင်တာနက်ဆိုရင် ချက်မယ် ဆိုတာလောက်ပဲ သိကြတော့တယ်။ ဒီမှာလဲ အပြုသဘောထက် အပျက်သဘောကို လမ်းကြောင်းက စောင်းနေတယ်။ ဒါကိုလဲ ပြဿနာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပေမယ့် ဖြေရှင်းဖို့ နည်းလမ်း မတွေ့ကြသေးဘူး။

မီဒီယာတွေရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာမှ........အဆိုးဆုံးကတော့............ အတူနေချစ်သူတွေ များလာတာပဲ။ အနောက်နိုင်ငံတွေမှာ အတူနေချစ်သူတွေ ရှိကြတာ မထူးဆန်းဘူး၊ ပြဿနာ မဟုတ်ဘူး။ သူတို့ဆီမှာ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး ပညာပေးစံနစ်တွေ ရှိတယ်။ အသိညဏ်တွေ ပေးထားတယ်။ တရားဝင် ခွင့်ပြုထားတယ်။ မြန်မာမိသားစုတွေ အစဉ်အလာက ဖွင့်ပြောရတဲ့ ကိစ္စ မဟုတ်ဘူးလို့ သတ်မှတ်ထားကြတာ။ မိဘနဲ့ သားသမီးကြားမှာ ပြောအပ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ယူဆထားကြတာ။ ဒီတော့..........ကလေးတွေမှာ လုံလောက်တဲ့ အသိညဏ် မရှိဘူး။ ပြည့်ပြည့်၀၀ နားလည်သဘောပေါက်မှု မရှိကြဘူး။

သို့သော်.... စူးစမ်းချင်တဲ့ အရွယ်မှာ မီဒီယာတွေရဲ့ ဆွဲဆောင်မှုနဲ့........ ကလေးအချို့ လမ်းကြောင်းမှားကြတယ်။ ”မှားတော့ ဘာဖြစ်လဲ..... ကိုယ်ဖြစ်ကိုယ်ခံပေါ့... ခင်ဗျား အပူမပါပါဘူးလို့” တော့ အပြောခံရဖူးတယ်။ ဟုတ်ပါပြီ....ဒါပေမယ့် (သုံးရပြန်ပြီဗျာ)..... ကိုယ်ဖြစ်တာ ကိုယ်တစ်ယောက်တည်း ခံရတာမှ မဟုတ်ပဲလေ...။ လိုအပ်တဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိညဏ် မရှိပဲ.. ကိုယ်ထင်ရာ ကိုယ်လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာက ရှိလာပြီ။ ကဲ ဘယ်လိုများ ဖြေရှင်းကြသလဲ.........။

အတူနေတုန်းကတော့ ဘာမှမစဉ်းစားမိဘူး။ သူကလဲ ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလဲ သူ့ကို ချစ်တယ်။ ဒါဆို ပြီးပြီပေါ့. လို့ ခပ်တိမ်တိမ် တွေးတဲ့သူကလဲ မနည်းဘူးလေ။ ဒါဆို အချိန်တန်လို့ လက်ထပ်ယူမယ်ဆိုတော့..... သူ မပြည့်စုံ။ ကိုယ်မပြည့်စုံ။ ပညာက တစ်ပိုင်းတစ်စ၊ အသက်က မပြည့်။ အဲဒီမှာ unwanted baby ဆိုတာ ဖြစ်လာရော......။ ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြတယ်။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်မှာ ရေးထားတာတွေက........ တကယ့်အပြင်လောကမှာ ဖြစ်ပျက်နေတာလေးတွေပါ။ အခန့်မသင့်ရင် အသက်ကိုပါ ဆုံးရှုံးသွားနိုင်တာတွေပါ။
(မဖတ်ရသေးသူများ ရှာဖတ်ဖို့ တိုက်တွန်းပါသည်)

နုနယ်တဲ့ အရွယ်မှာ မှားတက်ကြပါတယ်။ မှားတယ်ဆိုတာကိုက လူ့သဘာဝ ဖြစ်နေတာကိုး။ သို့သော်..... အဲဒီသို့သော်က တော်တော်လေး ကြီးမားပါသည်။ မထွေးနိုင်၊ မမျိုနိုင်ဘ၀တွေမှာ......ဓါးစာခံခဲ့ရတဲ့ အန်စာတုံးလေးတွေ များစွာ ရှိလာရသည်။

သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေကို ခံစားထိုက်မှ ခံစားရပေမယ့် ဆိုးမွေဆိုတာကိုတော့ မွေးရာပါ ခံစားရတဲ့သူတွေပါ။ ”ဒီကောင့်သား ဒီကောင်လိုပဲ လာမှာပဲ... မအေသမီး မအေအတိုင်း နေမှာပေါ့.... ”ဆိုတာတွေက ကြားဖူးနေကြနေမှာပါ။ မိဘက သားသမီးကို ရွေးချယ်ခွင့် ပြုလုပ်နိုင်ပေမယ့် သားသမီးဆိုတာ မိဘကို ရွေးချယ်ခွင့် မရှိဘူးလေ။ သားသမီးကို မိဘတွေက ပုံသွင်းယူလို့ ရနိုင်သေးတယ်ဗျ။ ရာခိုင်နှုန်းတော်တော် များပါတယ်။ ဒါပေမယ့်(သုံးရပြန်ပြီ) မိဘဆိုတာကို သားသမီးက ကောင်းကောင်းဆိုးဆိုး မိဘပဲ မဟုတ်လား။ မြန်မာမိသားစုတွေရဲ့ ထုံးတမ်းအစဉ်အလာအရ အထက်လူ၊ အကြီးလူကို ပြန်ပြောခွင့် မရှိကြဘူး။

ကလေးတွေဟာ ခေါက်ပြီး ပစ်လိုက်တဲ့ အန်စာတုံးလေးတွေလို.....ဘယ်မိဘနဲ့ ဆုံရမလဲဆိုတာ ဘုရားမှလွဲပြီး ကြိုမသိနိုင်ဘူးလေ။ ရှေးရှေးဘ၀က ကုသိုလ်ကံနဲ့ ဆိုင်တယ်ဆိုပေမယ့် လက်ရှိဘ၀မှာ ကြုံနေရတဲ့ မိဘရဲ့ စိတ်နေသဘောထားပေါ်မှာပဲ ကလေးတစ်ယောက်ရဲ့ ကံကြမ္မာက မူတည်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ သူ့သွေးကနေ ကိုယ်သားဖြစ်လာတဲ့ ကလေးငယ်တွေကို ပစ်ခဲ့ရတဲ့ မိခင်တို့ရဲ့ စိတ်အခက်အခဲကို လှမ်းမြင်နိုင်ပေမယ့်..... (ပြောလာမှာဗျ ဘယ်သူကတော့ ကိုယ့်ကလေးကို ပစ်ချင်မှာလဲ မဖြစ်လို့သာပေါ့ ဆိုတာတွေလေ..) တကယ်ဆို အစကတည်းက ထိန်းသိမ်းသင့်တာလားလို့ ပြောချင်တယ်။

ပြောရရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းရသလိုပါပဲ....... မိန်းကလေးတွေကိုပဲ အပြစ်တင်ချင်တယ်။ ယောင်္ကျားလေးဆိုတာကတော့ ရရင် ရသလောက် ယူမှာပဲဗျ။ (စော်ကားတာ မဟုတ်ပါ၊ ကိုယ့်မောင်၊ ကိုယ့်အစ်ကိုက အစ မြင်ဖူးပြီးသားမို့ပါ...) ရှေးတုန်းကလို သုံးနှစ်သုံးမိုးစောင့်ပြီး ၊ ဆယ်နှစ်ဆယ်မိုး ရှိမှ လက်ထပ်ဖို့ ပြောတာမဟုတ်ပါ။ ခေတ်အရ မြင်မြင်ချင်းလဲ ချစ်နိုင်ပါသည်။ မမြင်လဲပဲ ချစ်နိုင်ပါသည်။ အသံလေးနဲ့လဲ ချစ်လို့ ရပါသည်။ အသည်းပေါက်မတက် ချစ်တယ်ပြောပြော၊ အသက်ထက် ချစ်တယ်ပြောပြော.....ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်စေ. ချစ်လို့ ရပါသည်။ သို့ပေသိ(ဒါပေမယ့် မသုံးချင်တော့လို့ဗျ).........လက်မထပ်ခင်အချိန်ထိတော့............ မိန်းကလေးများ ကိုယ့်ကိုကိုယ့် စောင့်ရှောက်စေချင်ပါသည်.........တန်ဖိုးထားစေချင်ပါသည်........ တင့်တယ်စေချင်ပါသည်..................။

(ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားပဲ တခြားလူက တန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့တော့) ပြောသံကြားဖူးပါသည်။ ယောင်္ကျားတွေက အိုင်တွေ့ရင်ခြေဆေးတက်ကြသည်တဲ့။ ဒါက ကိုယ်က အိုင်အမျိုးအစား ဖြစ်နေရင်တော့ အဆေးခံရကောင်း ခံရပါလိမ့်မည်။ တစ်ကယ်လို့သာ ကိုယ်က သောက်ရေ ဖြစ်နေရင်တော့ လွယ်လွယ်ကူကူတော့ ခြေဆေးခံရလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် မိမိကိုယ်မိမိ ခြေဆေးစရာ အိုင်အဖြစ် မရောက်အောင် ဆင်ခြင်ထိန်းသိမ်းစေချင်ပါသည်။ ”မှားတက်တာက လူ့သဘာဝ၊ အမှားနည်းတာ လူ့အရည်အချင်း” ဆိုတာ သိစေချင်ပါသည်။

အဓိက ပြောချင်တာကတော့ ......... ကမ္ဘာ့ရွာကြီးထဲမှာ....... အိုင်စီတီခေတ်ကြီးထဲမှာ.... .မီဒီယာလောက ကြီးထဲမှာ....... အင်တာနက်အ၀န်းအ၀ိုင်းကြီးထဲမှာ......အန်စာတုံးလေးတွေ ဓါးစာခံ မဖြစ်စေချင်ဘူးဗျာ..။ ဒါဟာ လက်သီးတစ်ဆုပ်စာ ဦးဏှောက်လေးနဲ့ စဥ်းစားပြီး လက်တစ်ဝါးစာ ရင်ဘတ်ထဲက .... ကမ္ဘာကြီးလောက် ကြီးမားသော ဆန္ဒတစ်ခုလို့ပဲ ယူဆပါစို့..။
”အန်စာတုံးလေးများ ဓါးစာခံဘ၀က လွတ်ကင်းကြပါစေ.............”

(ကိုယ်ကိုတိုင်က တော်လွန်း၊ တက်လွန်း၊ သိလွန်း၍ ပြောနေခြင်း မဟုတ်ပါ။ ကြုံခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရသမျှကို တက်နိုင်သလောက် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်လဲ perfect ဖြစ်သူ မဟုတ်ပါ။ ကြိုးစားဆဲ အဆင့်သာ ဖြစ်ပါသည်။ လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တွေမို့ ကြိုက်သလို သဘောထား ကွဲလွဲခွင့်ရှိပါသည်။ စိတ်ကြိုက် ဝေဖန်ခွင့်ရှိပါသည်။ အဆင်ပြေသလို ဆင်ခြေပေးခွင့်ရှိပါသည်။ အပြုသဘောကိုဆောင်၍ ဒီပို့စ်လေးအား တင်ခြင်းဖြစ်ပါသဖြင့်....မိမိကိုယ်ကို လိပ်ပြာသန့်ပါသည်။ တက်နိုင်သမျှ လက်ဆင့်ကမ်း ပြောပေးဖို့လဲ တိုက်တွန်းပါသည်။ မည်သို့ မှတ်ချက်မျိုးမှ မပေးသည့်တိုင်အောင် ဆုံးအောင်အထိ ဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်။)

1 comment:

ခွန်မြလှိုင် said...

ဒီပို့စ်လေး ဖတ်ရတာ ဒီလိုရေးဖော်ရတဲ့သူတွေ ရှိပါ သေးလားလို့ မြန်မာမိန်းကလေးတွေ အတွက် တော် တော်ကို ၀မ်းသာရပါတယ်။ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကို အရောက်အများဆုံး လူနာက ကိုယ်ဝန် ဖျက်ချတဲ့ ဆယ်ကျော်သက်တွေ လို့ ဆရာဝန် တယောက် ပြောသံ ကြားတုန်းက များ တပတ်လောက် စားမ၀င်ဘူး။ အတူမဟုတ်ဘဲ ခွဲမနေနိုင်ရင်လည်း တားတဲ့နည်းတွေ တပုံကြီးပါ (လက်မထပ်ဘဲ အတူနေခြင်းကို ကျွန်မ လုံးဝ မနှစ်သက် အားမပေးပါ သို့သော် ဖျက်ချသည်နဲ့ စာရင်တော့ တာဝန် မယူနိုင်သေးခင် ကလေးမရအောင် တားဖို့ အကြံပြုပါသည်။ ကလေးဖျက်ချခြင်းသည် ကိုယ့်ရင်သွေးကို ကိုယ်သတ်သော လူသတ်မှု မြောက်ပါသည်။ )ဘယ်လိုအကြောင်းပြချက်နှင့်မှ လက်မခံနိုင်ပါ။