Pages

Tuesday, June 22, 2010

အရောင်တူ ပုံစံကွဲ

“လာကွာ ဘူတာကြီးရောက်တုန်း အာဆင်နယ်မှာ ထမင်းကြော်သွားစားကြရအောင်”။ ပခုက္ကူကို ပြန်မယ့် သူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ ကိုဇော်မိုးနဲ့ ကိုသက်ကြီးတို့ကို လိုက်ပို့တဲ့အချိန်မှာ ကိုစောကြီးက ပြောလိုက်ခြင်းဖြစ်သည်။ စကားဆုံးတာနဲ့ 78 လမ်းကို ဖြတ်ဆင်းကာ 77 လမ်း 31 နဲ့ 32 ကြားမှာ ရှိတဲ့ အာဆင်နယ် ထမင်းကြော်ဆိုင်လေးဆီကို မီးမီးတို့ အဖွဲ့ ချီတက် လာကြသည်။

ကိုစောကြီး။ သူက နောက်ပြောင် ပျော်ရွှင်တတ်သောသူ..။ သူမို့ ကျောင်းခန်းထဲမှာ ရှိလျှင် အတန်းသူ အတန်းသားမှန်သမျှ ပါးစပ်မစေ့ရအောင်ပင် တစ်မျိုးပြီး တစ်မျိုး ရယ်စရာတွေ ပြောနေတတ်သည်။ အသံအကျယ်ကြီးနှင့် လူအမြင်ကပ်အောင် ရယ်တတ်သောသူလဲ ဖြစ်သည်။ စာရေးဆရာပုံစံဖမ်းကာ လွယ်အိတ်အစုတ်ကြီးအား မပြတ်တမ်းလွယ်ကာ “စော်က ၀ယ်ပေးထား တာကွ” ဟု မဟုတ်ပဲ ပြောလေ့ရှိသောသူပင်။

ကိုဇော်မိုး။ အမှန်အကန်သမားဟု နာမည်ပြောင်ပေးရလောက်အောင် ကန်ပစ်ချင်လောက်အောင် မှန်သောသူ ဖြစ်သည်။ စာအုပ်ကြီးသမား ဖြစ်ကာ လှေနံဓါးထစ် တစ်ယူသန်ကာ စိတ်ဆက် ဒေါသထွက်လွယ်သောသူ။ မာနကြီးကာ စကားတစ်ခွန်းပင် အမှားမခံသော၊ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ်ကို အကြိုက်ဖတ်ကာ အကောင်းဆုံး အဆိုတော်သည် မာမာအေးဖြစ်သည်ဟု လက်ခံထားကာ အရာရာမှာ အငြင်းသန်သောသူ။



ကိုသက်ကြီး။ အရပ်ပုပုနှင့် အေးဆေး သဘောကောင်းသောသူ။ ရွာသားမြို့တက် ဂျင်းဝမ်းဆက် ဟု နောက်ပြောင်ရလောက် အောင်အထိ ဂျင်းအင်္ကျနှင့် ဂျင်းဘောင်းဘီကို နှစ်သက်စွာ ၀တ်ဆင်တတ်သော သူ ဖြစ်သည်။ သူ့အား ဘာပြောပြော စိတ်ဆိုးခြင်း လုံးဝမရှိပဲ ပြုံး၍သာ နေတတ်သောသူလဲဖြစ်သည်။

မီးမီး။ ကျောင်းတွင် ရှစ်ဦးတွဲသည် အဖွဲ့ထဲတွင် အငယ်ဆုံးလိုဖြစ်ကာ ချွဲနွဲ့ပူဆာတတ်သောသူ။ မှန်တယ်ထင်ရင် ဘယ်သူ့မှ ဗိုလ်မထားပဲ မိဘပါမကျန်ရန်ပြန်တွေ့တတ်သောသူ ဖြစ်သည်။ သူငယ်ချင်းများအား ညီအစ်ကိုမောင်နှစ်မသဖွယ် ခင်မင်တွယ်တာ တတ်သောသူလဲ ဖြစ်သည်။ အလိုလိုက်ခံရသူ ပီပီ နားရင်းထရိုက်ချင်စရာကောင်းလောက်အောင် သိသိရက်နဲ့ ဆိုးတတ်သူပင် ဖြစ်သည်။

” ထမင်းကြော်လေးပွဲ နှစ်ပွဲက ၀က်ချက်နဲ့ တစ်ပွဲက ကြက်ကြော်နဲ့ တစ်ပွဲက ဆိတ်သားခြောက်ကြော်နဲ့ ဒညင်းသီးတစ်ပွဲပါချ” ဆိုင်စားပွဲမှာ ထိုင်လိုက်သည်နှင့် ရောက်ဖူး၊ စားဖူးထားသော ကိုစောကြီးက ဦးဆောင်မှာလိုက်ခြင်း ဖြစ်သည်။ သုံးမိနစ်လောက် အကြာမှာတော့ စားပွဲပေါ်သို့ ပန်းကန်များအလျှိုအလျှို ရောက်လာသည်။ ကျန်းမာရေး ချုချာသော မီးမီးဖက်ကို ဆိတ်သား ခြောက်နဲ့ ထမင်းကြော်ပန်းကန်ကို လှမ်းပေးသည်။ “မင်းကတော့ ရွာသားဆိုတော့ မြို့ရောက်တုန်း ကြက်သားကြော်နဲ့စား” ဟု ဆိုကာ ကိုသက်ကြီးအား ကြက်သားကြော်နှင့် စားစေသည်။

“ငါတို့ကတော့ အကောင်းဆုံးအသားပဲ စားမယ်” ဟု ကိုစောကြီးက စပ်ဖြီးဖြီးနှင့် စပါသည်။ အဲ့ဒီအတွက် မီးမီး စောဒက တက်စရာ မရှိပါ။ သင့်တော်နေတာပဲ မဟုတ်လား။ သို့သော် စားပွဲ ဟိုဖက်စွန်းဖက်က ဒညင်းသီးပန်းကန်ကိုတော့ မျက်စောင်းလှမ်းထိုးမိ သည်။ ဒညင်းသီးက မီးမီးမှာ ရှိသောရောဂါများနှင့် အတိုက်အခံဖြစ်ထားသည်ဆိုလား မတည့်သဖြင့် မစားရပါ။ သို့သော် လူတွေကိုက မလုပ်နဲ့ဆိုလေ လုပ်ချင်လေ၊ တားမြစ်ခံရလေ ချိုးဖောက်ချင်လေ ဖြစ်သည်။ မီးမီးကလဲ လူတွေထဲက တစ်ယောက်ဆိုတော့ .. စားချင်ပါသည်။ သို့နှင့် ဒညင်းသီးပန်းကန်ဖက်ကို ဇွန်းလှမ်းလိုက်သည်။

“အဲ့ကောင်မလေးက ကိုယ်နဲ့မတည့်တာကို ဘာလို့စားမှာလဲ ပြန်ချ” ကိုဇော်မိုး၏ အော်သံအဆုံးတွင် မီးမီးတစ်ယောက် ဇွန်းကို ပြန်ချကာ စူပုတ်ကောက်ချိတ်နေတော့သည်။ “မင်းကလဲကွာ တစ်ခါတစ်လေပဲ ကလေး စားပါစေ .. မီး တစ်လုံးပဲ စားနော်” ကိုစောကြီးက ပြောပြောဆိုဆို မီးမီး ပန်းကန်ထဲ ဒညင်းသီး ထည့်ပေးရန် ပြင်သည်။ “ပြောလို့မရလို့ကတော့ ဆွဲထိုးပစ်မှာဗျ ဘာမှတ်နေတုန်း” တကယ်လုပ်မယ့် မျက်နှာထားရော အသံရောကြောင့် “ တော်ပြီ မစားတော့ဘူး” ဟု ဆောင့်အင့်အင့် ပြောကာ ထမင်းပန်းကန်ကို မီးမီး မွှေနေလိုက်သည်။

“မီးကလဲ ဒညင်းသီးက မတည့်လို့ မကျွေးတာလေ နော် ရော့ ကြက်သားကြော်လေးစား” ဟု တစ်ချိန်လုံး ငြိမ်ထိုင်နေသော ကိုသက်ကြီးက မီးမီး၏ ထမင်းထဲသို့ မြုပ်ပေးရင်း ပြောသည်။ တိုက်ပွဲကျသွားမှန်း နားလည်လိုက်သော မီးမီး ကိုသက်ကြီး ထည့်ပေးသော ထမင်းနှင့် ကြက်သားဖက်ကိုပဲ ပါးစပ်ထဲထည့် ၀ါးလိုက်သည်။ နှစ်ချက်မြောက် ၀ါးမိသောအခါတွင်တော့ ကိုသက်ကြီးအား မီးမီး မော့ကြည်လိုက်မိသည်။

ပြုံးနေသော ကိုသက်ကြီးကတော့ ပုံမှန်အတိုင်းပဲ။ သို့သော် မီးမီး မျက်ရည်ဝဲလာသည်။ ပါးပေါ်ကို မျက်ရည်ကျလာတဲ့ အခါမှာတော့ ကိုစောကြီးရော ကိုဇော်မိုးပါ “မီး မငိုနဲ့လေ တိက်တိက် ပြီးရင် မန်းမြို့တော် ပေါက်စီ ၀ယ်ကျွေးမယ်နော်” ဟု အစားမက်သော မီးမီးကို ချော့ကြပါသည်။ သူတို့စိတ်ထဲမှာ ဒညင်းသီး မစားရလို့ မီးမီး ငိုတယ်ပဲ ထင်နေတာလေ။

တကယ်တမ်း ကိုသက်ကြီး ထည့်ပေးသော ကြက်သားဖက်ကြောင့် မီးမီးငိုသည်ကို သူတို့တွေ မသိကြပါ။ ကြက်သားဖက် မဟုတ်ပဲ သေးသေးလေးဖြစ်အောင် ဖဲ့ထားသော ဒညင်းသီးသာလျှင် ဖြစ်တယ်ဆိုတဲ့အကြောင်း သူတို့ မသိလိုက်ကြပါ။ “ဟင့်အင်း” တစ်ခွန်းသာ မီးမီး ပြန်ပြောလိုက်လေတော့သည်။


(အိမ်ထောင်ကိုယ်စီနှင့် ဝေးကွာနေကြသော သူငယ်ချင်းများအား အမှတ်တရ ရေးဖွဲ့ပါသည်။)
(မှတ်ချက်။ အာဆင်နယ် ထမင်းကြော်ဆိုင်မှာ ယခု 76 လမ်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်)

No comments: