Pages

Monday, June 21, 2010

ဝေဒနာမြို့သို့ တစ်ရက်ခရီး

စိတ်ညစ်စရာ၊ လွမ်းစရာ၊ ဆွေးစရာ၊ သတိရစရာတို့မှ ထွက်ပြေးတိမ်းရှောင်တက်သော လူ့သဘာဝကို ဆန်ကျင့်စွာပင် နန်းနုသည် သတိရစရာများနှင့် ပြည့်နှက်နေသော ထို့မြို့လေးဆီသို့ ရူးမိုက်စွာ တိုးဝင်သွားခဲ့သည်။ မြို့ပြရဲ့အငွေ့အသက် တို့ နည်းနိုင်သမျှ နည်းပါးကာ တောင်ပေါ်မြို့လေးတို့၏ အစဉ်အလာအတိုင်း အေးမြသောရာသီဥတုနှင့် ပန်းတွေဝေဆာ နေတဲ့ ဒီမြို့လေးကို နန်းနု တော်တော်လေး နှစ်သက်ပါသည်။

ကားပြတင်းပေါက်မှတဆင့် တိုးသက်လာတဲ့ လေတို့ကြောင့် အပေါ်ဝတ်အင်္ကျီကို တစ်ချက်တင်းတင်း ဆွဲစေ့လိုက်သည်။ မြို့ဝင်ဆိုင်းဘုတ်ကိုတောင် လှမ်းမြင်နေရပြီပဲ။ နာရီကို ကြည့်လိုက်တော့ 11း20။ “အင်း နေ့လည်စာကိုတော့ တစ် ယောက်တည်း စားရဦးတော့မှာပဲ” ခေါင်းထဲဝင်လာတဲ့ အူကြောင်ကြောင်အတွေးကြောင့်  နန်းနု ပြုံးလိုက်မိသည်။ ဟုတ်ပါရဲ့.. တစ်ယောက်တည်းစားနေရတာက အမြဲတမ်းလိုလိုပဲဥစ္စာ ဘယ်မှာဆန်းလို့လဲ။ စားပွဲထိပ်မှာ ထိုင်ပြီး တင် ထားသော ထမင်းပန်းကန်၊ ဟင်းပန်းကန်တို့ကို စိတ်မသက်မသာနဲ့ ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေနဲ့မျှောချခဲ့ရတဲ့ ရက်တွေ. နေ့တွေ..နှစ်ပြည့်တော့မယ် ထင်ပါရဲ့။


”အစ်မ ရှေ့ကလမ်းချိုးထဲ ၀င်ပေးရမှာမလား”

ကားမောင်းသမားရဲ့ အမေးစကားသံကြောင့် တွေးလက်စတို့ အသာရပ်ကာ သွားမယ့်နေရာကို အရင်စဉ်းစားလိုက်သည်။ ကြိုဆိုမယ့်သူ ကင်းမဲ့သော အိမ်လေးဆီကို တန်းသွားလိုက်ရင်တော့ နေ့လည်စာ စားဖြစ်တော့မည် မထင်။။ မနက်ထ ကားစီးလာကတည်းက ဘာမှမစားခဲ့ရသော ဗိုက်ကလဲ ဆာလောင်မှုကို သတိပေးနေပြီ။ အစာအိမ်ရောဂါနှင့် ဆေးရုံတက် စဉ်က ”ကိုယ့်အတွက်ကို မစားချင်နေပါ ဗိုက်ထဲက ပိုးကောင်လေးတွေ အတွက် အာဟာရပြုပေးဖို့ မမေ့ပါနဲ့” ဟုဆိုခဲ့ သော သူငယ်ချင်း ဆရာဝန် ပိုင်စိုးလင်းရဲ့ စကားကို သတိရလိုက်မိသည်။

”ဟင့်အင်း... မြို့ထဲထိပဲ လိုက်ခဲ့မယ်.. GECရှေ့မှာပဲ ချပေးပါ” နန်းနုရဲ့ နှုတ်ကနေ ရည်ရွယ်ရင်းမရှိတဲ့ စကားတစ်ချို့ ထွက်ကျသွားသည်။ နန်းနုရဲ့ စကားကို ပြန်မရုတ်သိမ်းလိုက်နိုင်မှီမှာပင် ကားသမားက အရှိန်တင်ကာ ဆက်မောင်းထွက် လာခဲ့သည်။ အင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်၊ ကြုံခဲ့တဲ့ အကြောင်းအရာ၊ သွားခဲ့တဲ့နေရာတို့ဟာ အာရုံထဲကနေ အပြီးအပိုင် ထွက်သွားတက်သော အရာတို့မှ မဟုတ်တာလေ။

ကားပြတင်းပေါက်ပေါင်ပေါ် လက်ကိုတင်ကာ လက်သည်းကို တစ်ချက်ကိုက်လိုက်သည်။ သြော် ဒီအကျင့်ကလဲ မပျောက် သေးသော အကျင့်ဟောင်းတစ်ခုပဲလေ။ နှစ်တွေသာ ကြာလာတယ်။ အဖြစ်ဟောင်းတို့ကို သတိရနေဆဲ။ အကျင့်ဟောင်းတို့ကို ထွေးပိုက်ဆဲ၊ ခုတောင် နေရာဟောင်းလေးကို လာနေတာမဟုတ်လား မိနန်းနုရယ်။

အပြင်ကိုငေးပြီး ဘာတစ်ခုမှမမြင်ပဲ အတွေးတို့နဲ့ ထိုင်နေသာ နန်းနု ကားရပ်သွားသောအခါမှ ရောက်နေတဲ့ နေရာကို သတိထားမိသည်။ နောက်ခန်းမှ ကောင်လေးနှင့် ကောင်မလေး အတွဲ အိတ်တွေကို ယူပြီး ဆင်းသွားသည်။ အ၀ိုင်းကြီးကို ရေက်နေပြီပဲ။ လွန်ခဲ့သော လေးနှစ်ခန့်က ဒီအ၀ိုင်းကြီးကို စက်ဘီးပတ်စီးခဲ့ဖူးသည် မလား။ ညီမလေးရဲ့ ပြိုင်ဘီးလေးကို ကိုကိုက ရှေ့မှစီးကာ နောက်ကယ်ရီယာမှာ နန်းနုက ကို့ယို့ကားယားနဲ့ မူးလာသည့်အထိ ပတ်စီးခဲ့ဖူးသည်ပဲလေ။

မျက်လုံးထဲ မြင်ယောင်လာကာ နှုတ်ခမ်းက တွန့်သွားတဲ့အထိ ပြုံးလိုက်မိပေမယ့် ရင်ဘတ်ထဲမှာ စူးကနဲ ဖြစ်သွားတာက တော့ နန်းနု ပြုပြင်ပြောင်းလဲယူလို့ မရနိုင်သေးတဲ့ ကိစ္စတစ်ခုဖြစ်သည်။ ဆရာဝေမှုးသွင် လေသံနဲ့ဆိုရင်တော့ ကိုကို ဆိုတာ နန်းနုရင်ထဲက ဆူညံပေါက်ကွဲနေတဲ့ မီးတောင်လေးတစ်ခုပဲမလား။ သူ့အကြောင်း တွေးမိရုံနဲ့ နန်းနုရင်ထဲမှာ အမြဲတမ်း လှိုက်မောပြိုစီးနေရတက်တယ်။

”ဟင့်အင်း.. မတွေးတော့ပါဘူး..”လို့ စိတ်ကူးပြီး နှုတ်ခမ်းကိုကိုက်ကာ ခေါင်းရမ်းမိချိန်မှာပဲ ”အစ်မ GEC နော်” ဟုဆိုကာ ကားသမားက ကားစထွက်သည်။ မြို့လေးကတော့ ပြောင်းလဲမှုတွေ ရှိနေလည်းပဲ နှင်းငွေ့မှုန်မှုန်တို့နဲ့ တင်းတင်းအိအိ လှနေတုန်းပဲ။ ရုပ်ရှင်ရုံရှေ့က ဖြတ်သည့်အခါတိုင်း တစ်ခါမှ ၀င်မကြည့်ဖူးပဲ ဘာကားတင်နေသလဲဆိုတာ စူးစမ်းလေ့ရှိ သည့် နန်းနု မော့ကြည့်လိုက်သည်။ ဟာသကားတစ်ခုပဲ၊ စိတ်ပြေလက်ပျောက်ပေါ့ ညကျထွက်ကြည့်ဦးမှလို့ တွေးမိ သည်။

နာရီစင်ရှေ့မှာ ကားသမားက ခဏရပ်ကာ ဘေးက ကိတ်မုန့်တိုက်အတွင်းသို့ ပါဆယ်ဝင်ပေးပေးလေသည်။ ခေါင်းကို ညဖက်အသာငဲ့ကြည့်မိတယ်ဆိုရင်ပဲ လစ်ကာကော်နာဆိုင်လေးကို လှမ်းမြင်ရသည်။ ညနေဖက် လမ်းလျှောက်ထွက်ရင် တော့ ၀ိုင်တစ်ပုလင်းလောက် ၀ယ်ရမယ်လို့ စိတ်ထဲ မှတ်ထားလိုက်သည်။ တစ်ယောက်တည်း ထမင်းစားရသည်ကို ရွံ့မုန်းသလောက် အစိမ်းရောင် သုတ်လိမ်းထားတဲ့ အခန်းရဲ့ ပြတင်းပေါက်မှာ မှီရပ်ကြည့်ငေးရင်း တစ်ယောက်တည်း အေးစိမ့်စွာ ၀ိုင်သောက်ရခြင်းကို နန်းနု စွဲလန်းသည်။

ကားသမား ပြန်ရောက်လာကာ မောင်းထွက်သည်။ မိနစ်ပိုင်းအတွင်းမှာပဲ GEC ရှေ့သို့ ရောက်လာသည်။ မိန်းမသုံး လက်ကိုင်အိတ် ခပ်ကြီးကြီးကလွဲရင် ဘာပစ္စည်းမှ မပါသော နန်းနု ကားခကို ရှင်းပေးကာ ဆင်းလာလိုက်သည်။ ညောင်ပင်အောက်မှာ ရပ်နေရင်း ပင်စည် လ္ဘက်ရည်ဆိုင်ထဲကို ၀င်ရမလား၊ GEC ထဲက လ္ဘက်ရည်ဆိုင်ထဲကိုပဲ ၀င်ရမလား စဉ်းစားနေမိသည်။

”Jingle bell.. Jingle bell. Jingle all the way...” ကြားလိုက်ရတဲ့ ခရစ္စမတ်တီးလုံးသံလေးကြောင့် နန်းနု ကိုယ် လေး တောင့်သွားရသည်။ အင်း ဖုန်းကို ပိတ်ထားဖို့ မေ့သွားသည်ပဲ။ စိတ်အလိုမကျမှုကို သက်ပြင်းအဖြစ် မှုတ်ထုတ်ကာ နံပါတ်ကို ကြည့်လိုက်သည်။ မရင်းနှီးသော နံပါတ်မို့ ပြန်ပိတ်ရန် စဉ်းစားမိသည်။ ဖုန်းကို ကြည့်ရင်း စဉ်းစားနေစဉ်မှာပင် ကောင်မလေးတစ်ယောက် နန်းနုရှေ့ကို ရောက်လာသည်။ မော့ကြည့်လိုက်တော့ ဖုန်းကို ထောင်ပြကာ နောက်ပြောင်နေသော ခင်ခဲ့ဖူးသည့် ညီမလေး ခမ်းအေး ဖြစ်နေသည်။

”မ ကြီး နန်းနု ကိုကို မပါလာဘူးလား..” ခမ်းအေးရဲ့ စကားအဆုံးမှာ ပျက်ယွင်းလုနီးပါး မျက်နှာကို နန်းနု အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားကာ အပြုံးတစ်ပွင့်ကို ချက်ချင်းတပ်ဆင်လိုက်ရသည်။ “ခမ်းအေးပါလား.. မတွေ့ရတာတောင် ကြာပေါ့ ညနေဖက်မှ အိမ်ကို အလည်လာခဲ့မယ်နော် ခု သွားစရာလေး ရှိနေလို့” ဟုဆိုကာ နန်းနု ထွက်လာခဲ့လိုက်သည်။ ပင်စည် ဒါမှမဟုတ် GEC ထဲကို ၀င်မယ်လို့ စိတ်ကူး ထားပေမယ့် ခြေလှမ်းတွေက အရှေ့ဖက်ဆီ ဦးတည်ပြီး လျှောက်လာမိလိုက်သည်။ မွန်းတည့်ခါနီး ဖြစ်ပေမယ့် ရာသီဥတု က အေးမြနေလို့ တော်ပါသေးရဲ့။ ဒါတောင် ရင်ထဲက အပူရှိန်နဲ့ နန်းနုမျက်နှာ ချွေးစို့နေသေးသည်။

ကိုကိုရေ နင်က နေနိုင်ပေမယ့် မနေနိုင်သူတွေက မေးကုန်ပြီ။ နန်းနု ဘယ်လိုဖြေရပါ့မလဲ။ ကိုယ်တိုင်တောင် အခြေအနေ မှန်ကို မသိခဲ့ရပဲ ပစ္စလက်ခက် ကျန်ခဲ့တာဆိုတော့ ဖြေစရာစကား နန်းနုမှာ ဘယ်ရှိပါ့မလဲကွယ်။ တကယ်ဆို ချန်ထားခဲ့ မယ်ဆိုရင်တောင် အကျိုးအကြောင်းလေးလောက်တော့ ပြောသွားသင့်တယ်မလား။ ရှိပါစေလေ.. ဘယ်လိုပဲဖြစ်ဖြစ် နန်းနုပဲ ကျန်ခဲ့တာပါပဲ။

တွေးရင်း လျှောက်ရင်း လျှောက်လာလိုက်တာ မိုးက ရုတ်တရက် ရွာချလိုက်မှပဲ လက်ရှိအခြေအနေကို သတိထားမိတော့ တယ်။ ကြက်လျှာစွန်းလမ်းထောင့်က ဆိုင်လေးဆီကို အလျှင်အမြန် ၀င်လိုက်ရတော့သည်။ ဆိုင်ထဲကို ရောက်ရောက် ချင်းပဲ မှားပြန်ပြီ လို့ နန်းနု သိလိုက်သည်။ စားပွဲပေါ်မှာ အင်ဒိုးပလန့်လေးတွေ တင်ထားတက်တဲ့ ဒီဆိုင်လေး ကို နှစ်ခြိုက် စွာ အတူတူ ခဏ၊ ခဏလာစားခဲ့ဖူးသည်ပဲလေ။ နန်းနုဟာ အတိက်ကနေ မလွတ်မြောက်သေးတဲ့ ခပ်ညံ့ညံ့မိန်းကလေး တစ်ယောက်ပါ ကိုကို။ ပစ္စုပ္ပန်မှာ နေထိုင်ရင်း အတိက်ရဲ့ လွမ်းဆွေးမှု ဒဏ်ရာကို အကြိမ်ကြိမ်တူးဆွကာ ခံစားနေသူ တစ်ယောက်လည်း ဖြစ်သည်။

“ကြက်ဥ ထမင်းကြော်ပဲမို့လား မ နန်း သကော မပါဘူးပေါ့” မျက်မှန်းတန်းမိရုံသာမကပဲ မှတ်မိလွန်းနေတဲ့ ဆိုင်က ၀န်ထမ်းကောင်လေးကိုပဲ နန်းနု အပြစ်တင် ရမလား၊ မှတ်မိလောက်အောင်အထိ ဆိုင်ထဲမှာ တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးကာ ယုယကြင်နာခဲ့ဖူးသော နန်းနု တို့ကိုပဲ အပြစ်တင်ရမလား ကိုကိုရေ။ လာမြင်ကြည့်ပေးဦးလို့ တောင်းဆိုခွင့်မရှိတော့တဲ့သူကို စူးစူးနစ်နစ် တောင့်တမိ ပါရဲ့ကွယ်။ 

“အင်း ကြက်ဥ ထမင်းကြော်ပဲ ပေးပါ ဟင်းချိုမှုန့် မထည့်ဘူးနော်” မေးလာတဲ့ မေးခွန်းကို အကုန်မဖြေပဲ ခေါင်းတစ်ချက် ဆက်ကာ ပြုံးပြလိုက်တဲ့ နန်းနုကို ဘယ်လိုနားလည် သဘောပေါက် သွားသလဲတော့ မသိပါ။ ၀န်ထမ်းလေး ထွက်သွားတော့သည်။

တံစက်မြိတ်ကနေ ကျနေတဲ့ မိုးစက်တွေကို ကြည့်ရင်း နန်းစိတ်တို့ အတိက်ကို ပြန်တွေးမိဦးတော့မှာပဲ။
“ကိုကို ပြန်ကြမယ်...”
“နန်းကလဲကွာ ဟိုမှာ မိုးရွာနေတယ်လေ စိုကုန်မှာပေါ့”
“စိုစိုပေါ့ ကိုကိုကလဲ တူတူစိုမှာပဲကို”
”နန်း ဒီမှာခဏစောင့် ကိုကို ထီးပြန်ယူလိုက်မယ်”
“ဟင့်အင်း ဟင့်အင်း နန်းပါ လိုက်မှာ....” ထွက်ဖို့ရာ ခြေလှမ်းပြင်နေသော ကိုကို့လက်မောင်းကို တွဲလွဲခိုကာ နန်းနု ပြောသည်။

နန်းနုကို ပြောမရသည့်အခါတိုင်း လုပ်နေကျအပြုအမှုဖြစ်သည့် စိတ်ပျက်လက်ပျက်နဲ့ကြည့်မယ်၊ ပြီး ခေါင်းကို နှစ်ချက် လောက်ယမ်းမယ်။ နောက် နန်းလက်ကို တွဲဆုပ်ကာ တစ်.. နှစ်.. သုံးလို့ တိုင်းမင်းခေါ်ကာ နှစ်ယောက်သား ဒီဆိုင်လေး ထဲကနေ မိုးထဲကို ပြေးထွက်ခဲ့ဖူးကြသည်။ အဲဒီနေ့က ရွာမိရင် လွယ်လွယ်မစဲတက်သည့် အဲဒီ့မြို့လေးရဲ့ အစဉ်အလာ အတိုင်း တစ်နေ့ကုန်၊ တစ်ညလုံး ရွာနေခဲ့တာလေ။

မိုးရေတွေနဲ့ စိုကပ်နေတဲ့ အ၀တ်အစားကိုယ်စီနဲ့ ဘုရားကြီးဖက်ကို ဆက်သွားခဲ့ကြသေးတာ။ ရေစိုတွေနဲ့မို့ အတွင်းမ၀င်ပဲ မိုးတွေကျနေတဲ့ ရင်ပြင်တော်ပေါ်ကနေပဲ ကျုံ့ကျုံ့လေးတွေ ၀တ်ပြုခဲ့ကြတာ။ ကုန်းမြင့်ပေါ်ကနေ မြင်နေရတဲ့ အရာအား လုံးကို လက်ညှိုးထိုးပြီး တစ်ခုချင်း ရှင်းပြနေတဲ့ ချစ်သူရဲ့ ပုခုံးကို ကိုင်ဆုပ်အားယူပြီး မမှီ့တမှီ ခုန်နမ်းခဲ့ဖူးတာကိုလည်း နန်းနု သတိတရရှိမိရဲ့။ ရှက်သွားတဲ့ မျက်နှာမှာ ကျေနပ်မှုတွေအပြည့်နဲ့ “နန်းလေးနော်..........”လို့ မချင့်မရဲ ပြောကာ လက်ဖ၀ါးကြီးကြီးတွေနဲ့ နန်းနုဦးခေါင်းကို အုပ်မိုးခဲ့တဲ့ ကိုကိုဟာ တစ်ချိန်ကျ နန်းနုကို ထားခဲ့မယ့်သူလို့ ဘယ်လိုလုပ် ရိပ်မိခဲ့မှာလည်းကွယ်။

ကြက်ဥထမင်းကြော် ပူပူနွေးနွေးကို တစ်ဇွန်းချင်း စားရင်း နန်းနု အတွေးတွေ တဖြည်းဖြည်း အေးစက်လာသည်။ ငါးဇွန်း မြောက်မှာတော့ နန်းနု ဘယ်လိုမှ တင်းမထားနိုင်တော့ပါ။ အတားအဆီးမဲ့ လိမ့်ကျလာတဲ့ မျက်ရည်စတို့ကို နန်းနု မသုတ် မိဘူး။ ဘာ ထမင်းမှလည်း စားမ၀င်တော့ဘူး။ ရေပဲသောက်တော့မယ် ဆိုတော့ ဟိုးတုန်းကလို ငှဲ့ပေးထားမယ့်သူ မရှိ တော့ အဆင်သင့် မဖြစ်။ တုန်ယင်နေတဲ့ လက်ချောင်းတွေနဲ့ ရေသန့်ဗူးကို လှမ်းအယူ...
“ခွမ်း........ချလွမ်......”
နန်းနု အယောင်ယောင်အမှားမှားနဲ့ မတ်တပ်ထရပ်မိလိုက်သည် ထင်သည်။ ကြမ်းခင်းပေါ်မှာ ထမင်းကြော်တို့နဲ့ ပြန့်ကျဲ ကုန်သည်။ ဆိုင်မှ ၀န်ထမ်းလေး ရောက်လာကာ..
“ ရတယ် မ နန်း ဘာမှမဖြစ်ဘူး
ဟိုဖက်ဝိုင်း ပြောင်းလိုက် ငေါ် စီစဉ်ပေးမယ်”
“ဟင့်အင်း ဟင့်အင်း...”
အပြစ်ရှိတဲ့ ကလေးငယ်တစ်ယောက်လို ကြောက်အားလန့်အားနဲ့ ခေါင်းယမ်းမိသည်။ မျက်ရည်တွေ စိုလက်နေတဲ့ နန်းနု မျက်နှာကို ကြည့်ပြီး ၀န်ထမ်းလေး တွေသွားသည်။ နန်း လက်ကိုင်အိတ်ထဲမှ တစ်ထောင်တန် လေးရွက်လား၊ ငါးရွက်လားမသိ ဆွဲထုတ်ကာ စားပွဲပေါ်တင်ပေးပြီး ဆိုင်ထဲမှ ကသောကမျော ပြေးထွက်လာခဲ့သည်။

မိုးရေထဲမှာ ဘယ်လောက်တောင် ပြေးနေမိသလဲ နန်းနု မသိတော့။ ကားတစ်စီး ဘေးကနေကျော်ပြီး ရှေ့မှာပိတ်ရပ်မှပဲ ခြေလှမ်း တွေ ရပ်သွားတော့သည်။ ကားပေါ်မှ ထီးနှင့်ဆင်းလာသူက သူငယ်ချင်း ပိုင်စိုးလင်း ......။
“အေး ငါထင်တဲ့အတိုင်းပဲ.. နင် ဒီလိုဖြစ်မှာ သေချာသိလို့ ငါ လိုက်လာတာ တက် ကားပေါ်ကို...” ဟု ပြောပြောဆိုဆို လက်မောင်းမှ ဆွဲကာ ကားပေါ်ကို တက်စေသည်။ ကားပေါ်ရောက်သည်နှင့် နန်းနု ငိုလေပြီ။ နန်းနု ငိုရင် ဘယ်တုန်းကမှ မချော့တက်ခဲ့သူ တစ်ဦးပီပီ စိုးလင်း က တက်တစ်ချက် ခေါက်သည်။ ပြီး

“ ခုမှ ငိုမနေနဲ့ ပညာတွေ သင်ထားပြီး စဉ်းစားတက်တဲ့ ဦးနှောက်မှ မရှိပဲ ဒီနေရာလာရင် ဒီလို ခံစားရမယ်ဆိုတာ မသိဘူးလား ခံနိုင်ရည်မရှိပဲနဲ့ မီးထဲခုန်ချတာ နင်မှ အစစ် နင် ရူးများနေလား နန်းပု ဟမ်..”

စိတ်တိုသည့်အခါ အရပ်ပုပုလေးနှင့် နန်းနုအား နန်းပုဟု ခေါ်ဆိုတက်သည့် စိုးလင်းရဲ့ စေတနာဒေါသကို နန်းနု ခံစားမိ ပါသည်။ ဟုတ်သည်လေ နန်းနု တကယ်လည်း မခံစားနိုင်ပဲ ၀မ်းနည်းမှုတို့ ရှိသည့်နေရာကို လာခဲ့မိတာကိုး။ ဒီမြို့လေးမှာ နန်းနုနဲ့ ကိုကို တို့ခြေရာချင်းထပ်မျှ သွားလာပျော်ရွှင်ခဲ့ဖူးသည်ပဲ။ မြို့အထွက်နားက ဧကရီလို့ နာမည်ပေးထားတဲ့ တစ် ထပ်ခွဲတိုက်ပုလေးကို ၀ယ်ဖြစ်သွားတဲ့အထိ နန်းနု ကိုကို့ဆီကို လာခဲ့ဖူးသည်လေ။ နန်းနုနဲ့ကိုကို့ကို ခွဲမမြင်တက်ကြသည့် ဒီမြို့လေးဆီကို လာခဲ့မိတာကိုက နန်းနု အမှားတစ်ခုပါပဲ။

နန်းနု ဆေးရုံတက် ဗိုက်ခွဲပြီး နားနေတဲ့ အချိန်အတွင်းမှာပဲ အိမ်က စီစဉ်ပေးသော အမျိုးသမီးနဲ့ ကိုကို လက်ထပ်လိုက် တယ်။ ခွဲတဲ့နေ့ကတောင် နန်းနုအတွက် လိုအပ်တဲ့ သွေးတစ်လီတာကို ကိုကို ထုတ်ပေးသွားခဲ့သေးတယ်လေ။ စိုး ကြောက် စိတ်တွေနဲ့ အားငယ်နေတဲ့ နန်းနုကို ကိုကိုပဲ နဖူးလေးကို အသာနမ်းပြီး အားပေးခဲ့တာ။ ခွဲခန်းထဲကထွက်ရင် ကိုကို့ကို မတွေ့ရတော့ဘူးဆိုတာသာ နန်းနု သိခဲ့ရင်.. “ကိုကို့ကို နန်းနု ချစ်တယ်” လို့ နောက်ဆုံးအနေနဲ့ ပြောလိုက်နိုင် သေးတာပေါ့ ကိုကိုရယ်။ ခုတော့...................။ ကုတင်ပေါ်မှာ ပက်လက်အနေအထားကနေ မရွှေ့နိုင်သေးတဲ့ နန်းနုလေ သူငယ်ချင်းယူလာပေးတဲ့ မင်္ဂလာယပ်တောင်လေးကို ကြည့်ပြီး မျက်ရည်ကျရုံကလွဲပြီး ဘာမှမတက်နိုင်ခဲ့ပါဘူး။ တက်နိုင် မယ်ဆိုရင်လဲ လက်ဖွဲ့ပို့ပေးတာကလွဲပြီး ကျန်တာမဖြစ်နိုင်ဘူးဆိုတာ ကိုကို ကြိုသိနေမှာပါ။ ပိုင်ဆိုင်သည်ဖြစ်စေ၊ ဆုံးရှုံး သည်ဖြစ်စေ၊ နန်းနုက ကိုကို့ကို မချစ်ပဲမှ မနေနိုင်တာ၊ မလွမ်းပဲမှ မနေနိုင်တာလေ။

ဒီမြို့လေးမှာ ကိုကိုမရှိတော့ဘူး..ဆိုတာလည်း သိနေရက်နဲ့၊ ရှင်ဘုရင်တို့ နန်းစိုက်ရာ အရပ်မှာ ချစ်စဖွယ် ဇနီးချောနဲ့ အတူတူရှိနေမယ်ဆိုတာကို သိသိရက်နဲ့၊ ကိုကို့ရင်ထဲမှာ နန်းနုအတွက် နေရာ မရှိတော့ဘူးဆိုတာလဲ သိပါရက်နဲ့ နန်းနု အဖြစ်က မီးထဲဝင်တိုးနေတဲ့ ပိုးဖလံငယ်လို ဝေဒနာမြို့လေးထဲကို တိုးဝင်သွားခဲ့မိတာ။
“နန်းကို ဧကရီမှာ ၀င်ချထားပေးခဲ့”
နန်းနုရဲ့ စကားကို မကြားမိသလိုနဲ့ တုံ့ပြန်စကားတစ်ခွန်းတောင် မဆိုပဲ မိုးသည်းထဲမှာ ကားကို အာရုံစိုက်မောင်းနေသော ဒီ သူငယ်ချင်းကို နန်းနု ပြောနေလို့လည်း မထူးဘူးဆိုတာ နားလည်လိုက်သည်။

နန်းနု............. မျက်လုံးကို အသာမှိတ်ပြီး တောင်ပေါ်မြို့လေးဆီမှ ပြန်လာခဲ့တော့သည်။ နောက်တစ်ကြိမ် လာဖြစ်သော အခါတွင် ရင်ထဲက ဝေဒနာကို ထိန်းချုပ်နိုင်ပြီး အတိက်နေ့ရက်တွေဆီကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်တဲ့ နန်းနု ဖြစ်နေပါစေလို့ပဲ ဆန္ဒပြုမိပါရဲ့။ နှုတ်ဆက်လိုက်ပါတယ် ပန်းပွင့်ကြွေတွေနဲ့ မြို့ငယ်ရေ................................။

ရင်ငြိမ်းပန်း(ပခုက္ကူ)

No comments: