Pages

Friday, June 11, 2010

မှော်ဝင်နေတဲ့ ကဗျာ

သူမသည် ထိခိုက်ကြေကွဲလွယ်သူ တစ်ယောက်ဖြစ်ပါရက် မုန်းမေ့ဖို့ ခဲယဉ်းသောသူ။ အချစ်ဆိုတာကို အချစ်ဆိုတာထက် ပိုပြီး အဓိပ္ပါယ် မဖွင့်ဆိုတတ်သူ။ အသွေးအမွှားကအစ အရာရာကို အလေးနက်ထား ခံစားကာ ထိုလေးနက်မှုနှင့်ပင် တစ်ဖက်သူအား ၀န်ထုပ်ပိစေသူ။

သူသည် ချစ်စကားကို လွယ်လင့်တကူ မပြောတတ်သော်ငြား ကျောခိုင်းပြတ်တောက်ဖို့ ဆုံးဖြတ်ချက် မြန်ဆန်သူ။ အချစ်ဆိုတာကို အချစ်ဆိုတာထက် ပိုပြီး မခံစားတတ်သူ။ အရာရိာု လှစ်လျူရှု့ဖို့ ကြိုးပမ်းရင်း ထို မသိကျိုးကျွန်ပြုမှုနှင့်ပင် တစ်ဖက်သူအား ၀မ်းနည်းထိခိုက်စေသောသူ။

သူမနှင့် သူတို့၏ တွေ့ဆုံမှုမှာ သမရိုးကျ ဆန်သော သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုသာ ဖြစ်သည်။

FriendNet ဟုသော ကဖေးဆိုင်လေးမှာ တိတ်ဆိက်ငြိမ်သက်စွာ အနားယူဖို့ အဆင်ပြေသော နေရာလေး ဖြစ်သည်။ wi fi ပေးထားသည့်အတွက် သူမအတွက် ပို၍အဆင်ပြေသည်။ ကော်ဖီကို တစ်စိမ့်စမ့် နှစ်ခြိုက်စွာ သောက်ရင်း စာရေး၊ စာဖတ်ခြင်းသည် သူမ အနှစ်သက်ဆုံးပင် ဖြစ်သည်။ အထူးသဖြင့် ကြီးမားကျယ်ပြန့်သော မှန်ပြင်များမှ တဆင့် မြင်နေရသော ခြံထဲမှ သစ်ပင်များကို ကြည့်ငေးရင်း ၀တ္ထုတိုလေးများ စဉ်းစားဖန်တီးခွင့်ရသည်မှာ ဒီကဖေးဆိုင်လေးဆီ စွဲစွဲမြဲမြဲ လာနေဖို့ လုံလောက်သည့် အကြောင်းရင်းပင်ဖြစ်သည်။

ထို့နေ့က.... သူနှင့် ပထမဆုံး စဆုံသည့်နေ့က....။

တစ်ညလုံး မနားမနေ ထိုင်လုပ်ခဲ့ရသော စာတမ်းတစ်ခုအား လက်စသပ်စစ်ဆေးပြီး ကြီးကြပ်ဆရာမထံ ၀င်ပို့ပြီးသည်နှင့် FriendNet သို့ ဇိုယာတစ်ယောက် လမ်းလျှောက်ထွက်လာလိုက်သည်။ လာနေကျနေရာကို မလာပဲ မနေနိုင်သည်ရော ရေးနေကျ စာကို မရေးပဲ မနေနိုင်သည်ရော သောက်နေကျ ကော်ဖီကို တမ်းတသည်ရောနှင့် ထွက်သာလာခဲ့သည်။ ဇိုယာ အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့သည်။ တကယ်တော့ စာရူး၊ ကဗျာရူး ဇိုယာ့အတွက် ဘလော့ဖတ်ခြင်း ဘလော့ရေးခြင်းကသာ အကောင်းဆုံး အပန်းဖြေမှု တစ်ခုပဲလေ။

တံခါးကို ဘေးကိုလျှောသွင်းပြီး ဆိုင်လေးထဲသို့ ၀င်လိုက်သည်နှင့် ဇိုယာမျက်လုံးများ ၀ိုင်းစက်သွားရသည်။ တစ်မျိုးတည်းသော ကော်ဖီကိုသာ စွဲသောက်သော တစ်ဆိုင်တည်းတည်းသော နေရာကိုသာ လာတက်သော ဇိုယာသည် ဤဆိုင်လေးတွင်လဲ စားပွဲတစ်ခုတည်းသာ စွဲထိုင်လေ ရှိသည်။ ယခု ဇိုယာထိုင်နေကျ စားပွဲတွင် ကောင်လေးတစ်ယောက် ထိုင်နေသည်လေ။ သို့သော် အလွယ်တကူ လက်မလျှော့တတ်သော ဇိုယာ မဟုတ်လား။

“ဟိတ်...”
မျက်မှန်ကို ၀တ်ဆင်ပြီး မှတ်စုစာအုပ်လေးအား စူးစိုက်ကြည့်ကာ သည်းကြီးမည်းကြီး စာရေးနေသော သူက မော့ကြည့်သည်။ ပြီး ဘာလဲဆိုသည့် သဘောနှင့် မေးတစ်ချက်ဆက်ပြသည်။
“ဇိုယာ... ဒီစားပွဲမှာ ထိုင်ချင်လို့”
“အော.. ရတာပဲ ထိုင်လေ..” ဟုဆိုကာ သူ့ထိုင်ခုံကို စားပွဲတစ်ဖက်ခြမ်းသို့ တိုးပေးလိုက်သည့် သူ၏ အမူအယာက ပကတိရိုးသားခြင်း အတိ။
“ဇိုယာ ပြောတာကလေ...”
“ဟင့်အင်း ဘာမှမဖြစ်ပါဘူး ငါ နေတတ်ပါတယ်”
သူ ထင်ချင်တာထင် သူပြောချင်တာ ပြောနေတော့တာပဲကွယ်..။ ဇိုယာက သူ့ကို စားပွဲပြောင်းခိုင်းတာလေ။ ခုတော့ သူနဲ့ တစ်စားပွဲတည်း ထိုင်ရတော့မည့်ပုံ။

သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ရှိုက်ထုတ်ရင်း ဇိုယာ ၀င်ထိုင်လိုက်တော့သည်။ သူမရဲ့ မှတ်စုစာအုပ်လေးရဲ့ ပါဝါကို နှိပ်ပြီး ခြံထဲက သစ်ပင်တွေဆီကို ငေးကြည့်လိုက်သည်။ အိုး... ကံ့ကော်ပန်းတွေ ပွင့်နေပြီ ..။ နွေဦးရောက်ပြီပေါ့ .. အတွေးနှင့် ဇိုယာ ပြုံးလိုက်မိသည်။ ဇိုယာတစ်ယောက် ဘယ်လောက်တုံးလဲဆို ကံ့ကော်ပန်း ဘယ်ရာသီမှာ ပွင့်လဲဆိုတာကိုတောင် မသိခဲ့။ ထူးအိမ်သင်၏ သီချင်းတစ်ပုဒ်အား နားထောင်ရင်းနဲ့မှ ကံ့ကော်တွေ နွေဦးမှာ ပွင့်တယ်ဆိုတာကို သိတာလေ။ စားပွဲပေါ်ကို တံတောင်နဲ့ထောက်ကာ လက်ဝါးနှစ်ခုထဲ မျက်နှာထည့်ပြီး ဇာတ်ကောင်တစ်ယောက်ကို စိတ်ကူးနှင့် ဖန်တီးကြည့်နေမိသည် မျက်လုံးလေး မှိတ်ပြီးပေါ့။

မှန်ပြတင်း အပြင်ဖက်က ကံ့ကော်ပန်းရနံ့ကို ဆိုင်အတွင်းထဲမှာ ရလိုက်သဖြင့် ဇိုယာ မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်ဖြင့် ဖွင့်ကြည့်လိုက်သည်။
“ညီမလေး.. ကံ့ကော်ပန်း ရချင်သလားလို့ ကိုကြီး လာပေးတာ”
ပန်းပွင့်တွေကို လှမ်းပေးနေသော အစ်ကိုကြီးအား ကြည့်ရင်း  ဇိုယာ မှင်တက်မိနေသည်။ ဤမျှလောက် ရှင်းသန့်သည့် ယောင်္ကျားကို ဇိုယာ မတွေ့ခဲ့ဖူးဟု တွေးထင်မိသည်။ သူ့အား ငေးကြည့်နေသည့် ဇိုယာ့ကို ပြုံးကြည့်ရင်း ကံ့ကော်ပန်းခက်လေးနှင့် ဇိုယာပုခုံးကို အသာအယာလှမ်းပုတ်သည်။

“အား...” ဒီပန်းခက်လေးက ဒီလောက် စူးရသလား။ ဇိုယာ စူပုတ်သော မျက်နှာဖြင့် လက်မောင်းကို စောင်းငဲ့ကြည့်သည်။
“ နင် အိပ်ပျော်နေတာလား.” မျက်မှန်နှင့် ကောင်လေးက မေးသည်။ သူ့လက်ထဲမှာက ပုံဆွဲဘောပင်တစ်ချောင်းနှင့်။ ထိုအခါမှ ဇိုယာ သဘောပေါက်တော့သည်။ စိတ်ကူးယဉ်ရင်းနဲ့ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
“မအိပ်ပါဘူး ဒီမှာ စဉ်းစားနေတာကို အကုန်ပျောက်သွားပြီ အဲဒါ နင့်ကြောင့်” အိပ်မက်ထဲက အစ်ကိုကြီး ပုံစံကိုသေချာမမှတ်လိုက်ရသည့်အတွက် ဇိုယာ ရန်လိုမိသည်။
“အိပ်နေတာကိုများ စဉ်းစားနေတာတဲ့ ညဏ်ကြီးရှင်မ ..” သူ့ မှတ်စုစာအုပ်ဆီ မျက်နှာမူရင်း ပွစိပွစိ ပြောနေသည့် ကောင်လေးကို ဇိုယာ စိတ်တိုလာသည်။

“ဘာဖြစ်လဲ ယောင်္ကျားလေးဖြစ်ပီးမှ နှုတ်သီးကောင်းလျှာပါး”
“နှုတ်သီးကောင်းရအောင် ငါ ခွေးမဟုတ်ဘူးဆိုတာ နင် မမြင်ဘူးလား”  အဲ.. ကတ်ကတ်ကိုလန်နေတာပါပဲလား။ ဘယ်လိုကောင်လေးမှန်းကို မသိဘူး။ မြင်မမြင်ဖူးဘူး။ အတွေးနှင့် မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
“အေး ခု မြင်ဖူးပြီမလား..” သူ့ရဲ့ ဆက်ဆက်ထိမခံတဲ့ မျက်ဝန်းတွေနဲ့ ထွက်လာသော စကားကြောင့် ဇိုယာ ဟက်ဟက်ပက်ပက်ကို ရယ်လိုက်မိတော့သည်။
“နင်က ဘာရယ်တာလဲ မခန့်သလိုနဲ့ ”
“နင်ပြောတာ နင် ပြန်စဉ်းစားကြည့်ပေါ့..  ငါ ခွေးမဟုတ်ဘူးဆိုတာ နင် မမြင်ဘူးလား... အေး ခု မြင်ဖူးပြီမလား..  ဟားဟား...”
“ဘာ! ငါပြောတာက နင် ငါ့ကို မမြင်ဖူးဘူးဆိုတဲ့ အထာနဲ့ ကြည့်နေလို့ မြင်ဖူးပြီမလား မေးတာကွ” မျက်မှန်ကို ပင့်တင်ကာ အလုအယက် သူ ပြောသည်။ ပြီး ဟန်မဆောင်နိုင်စွာ သူ ရယ်မောတော့သည်။

ခေါင်းကိုမော့ကာ ဟန်ဆောင်မှုကင်းကင်းနဲ့ ရယ်မောနေသော.. သူ၏ နာမည်မှာ ထက်ဝဠာလင်း ဖြစ်ကြောင်း နှင့် သူမ၏ အမည်မှာ ဇိုယာလင်း ဖြစ်ကြောင်း နှစ်ဦးစလုံး ကဗျာကို စိတ်ဝင်စား ရူးသွပ်သူများ ဖြစ်ကြောင်း မဟာတန်းအတွက် စာတမ်းတင်သွင်းနေကြသူများ ဖြစ်ကြောင်း စကားတွေပြောရင်း ရင်းနှီးသွားကြသည့် ထိုနေ့က ... သူနှင့် ပထမဆုံး စဆုံသည့် 2 2 2010.

4 comments:

may kyaw said...

အလဲ့
မုန့်စားရင်း လှည်းစီးလိုက်တာ ငါ မသိလိုက်ရပါ့လား.. ဟ ဟ
ခု Ph.D တတ်ရင်းလည်း လှည်းမစီးနဲ့ဦးနော် .... ကွိကွိ

nannlaypyaenu said...

နင်ကလဲ အကြံကို လာပိတ်နေသေးတယ် :P

asai said...

ဖတ်ရတာ နည်းနည်းရှုပ်နေသလိုပဲ... ဘယ်သူက ဘာပြောတယ်ဆိုတာကို သတ်သတ်ခွဲထားရင် ပိုကောင်းမယ်ထင်တယ်... (ps.. ညီမလေးအတွက်ပါ ပိုစားခဲ့နော်..Phone director တန်းတက်ရင်.. ) =P

မောင်ဘကြိုင် said...

ကျောင်းပြန်တက်ချင်လာပီနော်
လှည်းစီးချင်လို့
း)
း)