Pages

Sunday, June 13, 2010

သူမေးသမျှ သူသိလိုရာ

ဦးသစ်ကို  နဲ့ မေးဖြစ် ဖြေဖြစ်ခဲ့တာလေးကို အမှတ်တရ ကူးတင်ခြင်း ဖြစ်ပါသည်။

သစ် - ကဲ မနန်းရေ .. အမွှေလေးလို့ပဲ ပြောရင်ပြောတော့း)
ကျနော်မာတည်မှာ ရှိနေတုန်း မနန်းလဲ မာတည်မှာရှိနေတုန်း ကျနော် သိချင်တာလေးတွေ မေးချင်တယ်ဗျာ
ဟိုနေ့တည်းက မနန်းကို Request လုပ်ထားတာ .. ခု တင်လိုက်တော့ ပထမဆုံး ကျေးဇူးတင်ပါတယ်ပဲ ပြောပါရစေဗျာ
နန်း - ရပါတယ်ရှင် ... ကဲ အဆင်ပြေသလိုသာ မွှေပါ..:)



သစ် -း) ကျနော်ကတော့ မနန်းရော ကျနော်ရော နှစ်ဦးစလုံးက ဝါသနာရှင်အဆင့်မှာပဲ ရပ်တည်နေကြသေးတယ် ဆိုတော့
ဒီအင်တာဗျူးက မေးသူနဲ့ ဖြေသူကြားမှာ မျှတမှုလေးရှိမယ်လို့တော့ မြင်မိပါတယ် ဒါပေမယ့် မနန်းကတော့ ကျနော့်ထက် ပိုမယ် ထင်တယ်နော် တခါတုန်းကပြောဖူးသလားလို့ မဂ္ဂဇင်းကို စာမူပို့ဖို့ ကြိုးစားဖူးတယ် ဆိုတာ
အဲ့သည့်အဖြစ်အပျက်လေး မျှဝေပေးပါဦးလား
နန်း - အင်း ဦးသစ်ရေ... အရင့်အရင်လူတွေက ပြောတတ်ကြပါတယ်.. သူတို့ကိုယ်တိုင်ကလဲ အပယ်ခံဘ၀က တက်လာတာပါ. ဒါဟာ မှတ်တိုင်တစ်ခုအနေနဲ့ပေါ့.. နန်းလဲ မဂ္ဂဇင်းကို စာမူပို့ဖို့ ကြိုးစားဖူးပါတယ် ၀ါသနာရှင်တွေအတွက် နေရာပေးတဲ့ အချို့မဂ္ဂဇင်းတွေကိုပါ။ စာမူတွေကို စာအိပ်ထဲထည့် ပို့မယ်လို့ လုပ်ထားတာတွေ နန်း အံဆွဲထဲမှာ အများကြီး ရှိတယ်။ အရင်ပို့ထားတဲ့ သုံးစောင်လောက်က လုံးဝကို သတင်းမကြားရတာပါ။ နန်းဖက်က ၀မ်းစာလိုအပ်နေသေးလို့ ဖြစ်ပါလိမ့်မယ်.. ဒါပေမယ့် နန်း ဆက်မပို့ဖြစ်တော့ဘူး အဓိကကတော့ တွန်းအားပေါ့ နန်း အပယ်ခံရတာ များလာရင် ယုံကြည်မှု ပျောက်သွားမှာ စိုးတာပါ ဒါကြောင့် 2006 နောက်ပိုင်းကစပြီး နန်း ဘယ်ကိုမှ ထပ်မပို့ဖြစ်တော့ဘူး..



သစ် - မနန်းက ကဗျာတွေအပြင် ဇာတ်လမ်းတိုလေးတွေလဲရေးတယ်နော်၊ ဇာတ်လမ်းတိုလို့ သုံးလိုက်လို့ စိတ်တော့မရှိနဲ့ မနန်းရေ ကျနော့်အမြင် မနန်း စကားပြေအများစုကို ဝတ္ထုတိုစာရင်းထဲ မထည့်ချင်ဘူး ဒီတော့ ကဗျာနဲ့ စကားပြေ ရေးတာ မနန်း ဘယ်ဟာကိုပို အားရမိလဲ
နန်း - ဟုတ်ပါတယ် နန်း စကားပြေပုံစံမျိုးပဲ ရေးဖြစ်တယ်။ ကဗျာထက် စကားပြေကို ပိုအားရတယ်လို့ ပြောရမယ် ထင်တယ်။
စကားပြေမှာက နန်းပြောချင်တာကို ပုံဖော်လို့ ရတယ်။ ကဗျာမှာကျ ဦးသစ်လို ကျစ်ကျစ်လစ်လစ် နန်း မရေးနိုင်လို့ပါ :)



သစ် - ဟဟ လုပ်ပီဗျာ မနန်းကတော့ ဗျူးတဲ့သူကို မေးခွန်းခက်ခက်တွေ မမေးအောင် မြှောက်လိုက်ပြန်ပြီဗျို့
ဒါပေမယ့် မရဘူးနော် ကျနော်က ရအောင်မွှေမှာ ဒါကြောင့် Gtalk တောင်ပိတ်ထားတာ တော်ကြာ ခင်ဗျား အော်နေမှာ စိုးလို့
ကဲ နဲနဲ ဆက်လိုက်ဦးမယ်၊စာရေးဖြစ်တာ အချို့က ပင်ကိုယ်ဗီဇတွန်းအားကြောင့်ရေးဖြစ်ကြတယ် အချို့ကြပြန်တော့လဲ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေအရဝေဒနာတွေဖြစ်လာလို့ ရေးဖြစ်ကြတယ် ဒီတော့ မနန်းအနေနဲ့ရော ဘယ်လိုတွန်းအားကြောင့် စာနဲ့ကဗျာကို ရေးဖြစ်ခဲ့တာများလဲဗျ
နန်း - ပင်ကိုယ်ကတည်းက ဗီဇပါလာတယ်လို့ ပြောရမယ်.. နန်းတို့ငယ်ငယ်တုန်းက အိမ်မှာ စာအုပ်အငှားဆိုင်လေး ဖွင့်တယ်ရှင့်။ သူများ သုံးတန်းကလေးတွေ စာလုံးပေါင်းဖတ်နေရတဲ့အချိန်မှာ နန်းက ၀တ္ထုတွေ ဖတ်နေပြီဆိုရင် ယုံကြမှာ မဟုတ်ဘူး။ နန်းရဲ့ အားသာချက်တစ်ခုပေါ့လေ စာဖတ်အရမ်းသန်တယ်..။ ဖေဖေရဲ့ ပြုစုပျိုးထောင်မှုလဲ ပါပါတယ် သူက စာအရမ်းဖတ်စေချင်တာလေ။ နန်းရဲ့ တစ်နေ့စာဖတ်နှုန်းက တခြားသူတွေ ခန့်မှန်းထားတာထက် ပိုပါတယ်။
အဲ ဒါဆို အပြင်ပတ်ဝန်းကျင် ရိုက်ခတ်မှုအရ ဝေဒနာတွေဖြစ်လာလို့ မပါဘူးလားဆိုတော့ ပါတာပေါ့ရှင်။
နန်း ယုံကြည်တာတစ်ခုက ရင်ထဲမှာ ဘာမှ ရှိမနေရင် ချရေးလို့မရဘူး ဆိုတာပါ.. ပင်ကိုယ်ဗီဇကြောင့် စာရေးဖြစ်ပါတယ်ဆိုရင် ပြင်ပဝေဒနာက ပံ့ပိုးမှုတစ်ခုလို့ပဲ နန်းကတော့ ယူဆပါတယ်





သစ် - တကယ်လို့များ စာတွေသာ မဖတ်ဖြစ်ခဲ့ဘူးဆိုရင် စာရေးဖို့ အတော် နောက်ကျမယ်လို့ပဲ ကျနော် သုံးသပ်လို့ရနိုင်မလားဗျ
နန်း - အင်း... ဦးသစ် သုံးသပ်သလို ဖြစ်နိုင်ပါတယ်။ ပင်ကိုယ်ဗီဇကြောင့် စာရေးချင်စိတ်ပေါ်ပေမယ့် နေထိုင်ကြီးပြင်းရာ အသိုင်းအ၀ိုင်းကသာ စာပေနဲ့ ဝေးနေမယ်ဆိုရင်... ချရေးဖို့အတွက် အခွင့်အရေး နည်းပါးခဲ့မယ်ဆိုရင်... ခံစားရတဲ့ ဝေဒနာတွေသာ အရောက်နောက်ကျခဲ့ရင် နန်း ရင်ဘတ်ထဲက ကဗျာတွေ စာတွေ ဒီလောက် ထွက်လာမှာ မဟုတ်ဘူးဆိုတာ နန်းလဲ ထင်မြင်ပါတယ်...။ စာရေးချင်လို့ စာဖတ်တာထက် စာဖတ်ပြီးတော့ စာရေးချင်လာမျိုးကို ဦးသစ်ပြောချင်တာလို့ နန်း မြင်တယ်။ တကယ်တမ်း အတွင်းထဲထိ လိုက်တွေးမယ်ဆိုရင်တော့ စာဖတ်တဲ့ လူတိုင်း စာမရေးဖြစ်ကြဘူးရှင့်။
အဲ စာရေးတဲ့လူတိုင်းကတော့ စာဖတ်များကြတယ်။ အဲလောက်ဆို ဦးသစ်လဲ မြင်မယ် ထင်ပါတယ်..:)



သစ် - ဒါနဲ့ ပလပ်စတစ်(ကလေကချေ) ၊ ရင်ငြိမ်းပန်း(ပခုက္ကူ) ၊ နန်းလေပြေနု ဆိုတဲ့ ကလောင်ခွဲလေး သုံးခုအကြောင်း နဲနဲလောက် ရှင်းပြပေးစေချင်ပါတယ်
နန်း - အား.. ဦးသစ် အညှာကို ကိုင်ပြီ။ :)
နန်း အစဆုံး ရေးဖြစ်တာက ရင်ငြိမ်းပန်း(ပခုက္ကူ)ပါ။ ဒီနာမည်နဲ့ ကဗျာစာအုပ်လေးတွေ ထုတ်ဖူးပါတယ်။ Light မဂ္ဂဇင်းမှာ အင်္ဂလိပ်ကဗျာလေးတွေ ပါဖူးတယ်လေ။ ရင်ငြိမ်းပန်း(ပခုက္ကူ) ရေးတာတွေက မိန်းကလေးဆန်တယ်လို့ ထင်တယ်။ နန်းရဲ့ တစ်ဖက်ခြမ်းမှာ ရှိနေတဲ့ အတွေးတွေကို ထုတ်ဖော်ပြဖို့အတွက်.. ရင်ငြိမ်းပန်းကို မသုံးချင်တော့ဘူးလေ။
ဒီလိုနဲ့ ”မျှော်လင့်ခြင်းအကာသား...” ကို ပလပ်စတစ် (ကလေကချေ)နဲ့ စပြီး ဖန်တီးဖြစ်တာပါ။ ပလပ်စတစ် ရေးတာတွေက ရင်ငြိမ်းပန်းနဲ့ လုံးဝကွဲနေတာကို ကြည့်ရင် သိနိုင်ပါတယ် နန်းလေပြေနုကတော့ နန်း ကိုယ်ပိုင် ဆောင်းပါးလေးတွေ ဘာသာပြန်လေးတွေကို ရေးတဲ့အခါ သုံးဖြစ်ပါတယ်။ နန်းရဲ့ မတူတဲ့ အမြင်လေးတွေကို သုံးယောက်စာ ပြောချင်လို့ပါ။ :P



သစ် - ဒါတော့ အမှန်ပဲဗျ ၊ ကျနော်တောင် အစက ပလပ်စတစ်(ကလေကချေ) ကို အမျိုးသား တစ်ယောက်လို့ ထင်မိသေးတယ် ဒါနဲ့ မည်သို့ပင်ဖြစ်စေ............. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည် ဆိုတာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ထင်တယ်နော်
နန်း - ဦးသစ်နော် နန်း မဖြေပဲ ငိုပြန်သွားလိုက်မယ်.. :P ဟုတ်ပါတယ် ဖြစ်ရပ်မှန်လေးပါ.. ဒါပေမယ့် ပြောစရာ ရှိတာက နန်း အဲ့ဇာတ်လမ်းကို ရေးတဲ့အချိန်မှာ သူ လက်မထပ်ရသေးပါဘူး.. သူ လက်ထပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာကိုလဲ နန်း မသိသေးပါဘူး။ ရေးတင်ပြီး ဆယ့်ကိုးရက် အကြာမှာမှ သူလက်ထပ်သွားတာပါ။ ဒါကြောင့် နန်းကိုယ့်ကိုကိုယ် သံသယဖြစ်မိတယ်.. ခံစားမှုတွေကို ကြိုသိနေသလားဆိုတာကိုပေါ့.. :)
ကိုရီး - ကျနော် အဲဒီဇာတ်လမ်းလေးဖတ်ပြီး တော်တာ် စိတ်မကောင်း ဖြစ်မိတယ် မိန်းမတစ်ယောက်ရဲ့ (ဆောရီးနော်) ဖွင့်ဟဝန်ခံချက်တွေက ကျနော့်ထက် ပိုရဲရင့်တယ်၊ ပြီးတော့ သူရဲ့ စွန့်လွှတ်မှု ခွင့်လွှတ်မှု နာလည်မှုတွေကို အံ့အားသင့်စေခဲ့ရတယ်။



သစ် - အေးဗျာ ကျနော်ဒါကို အံ့သြလို့ပါ မနန်း အရေးအသားကိုလဲတကယ်ကိုလေးစားမိပါတယ်
ကျနော့်သူငယ်ချင်းတစ်ယောက်က ဇာတ်လမ်းတစ်ခုမှာ သူ့ရဲ့ပထမဆုံးဇာတ်လမ်းမှာဖြစ်ရပ်မှန်ပုံစံလေး ရေးသွားလိုက်တယ်။ အဲ့သည့်မှာ သူ့ချစ်သူနဲ့ သူတို့ အတွင်းကိစ္စအချို့ကိုပါ ထည့်ပြသွားတယ်ဗျ။ ဒီတော့ ဇာတ်လမ်းအပြီးမှာ ဝေဖန်သံတွေထွက်လာတယ် ဘာလဲ ဆိုတော့ အဖြစ်အပျက်တွေက တကယ်လား .. ဆိုတာမျိုးပေါ့။
ဒီဇာတ်လမ်းလေးရဲ့ တစ်နေရာမှာလဲ မနန်းက အဖြစ်အပျက်လေး တစ်ခုကို ချပြသွားတယ်။ ဒီတော့ အဲ့သည့်အဖြစ်အပျက်လေးကို တကယ်လား .. လို့ မေးခွန်းထုတ်လာမှာကို မနန်း တွေးမပူခဲ့တာလား .. ဒါမှမဟုတ် အရမ်းကို ခံစားရလွန်းလို့ အရင်းအတိုင်းတင်ပြလိုက်မိတာလား .. ဇာတ်သွားအရ ဖန်တီးထားတာလား ဆိုတာလေးကို ကျနော် အတော် သိချင်နေတယ်ဗျ .. ဖြစ်နိုင်မယ် ဆိုရင်ပေါ့လေ
နန်း - ဦးသစ်ရယ်... တကယ်လားလို့ မေးခွန်းထုတ်လာမှာကို နန်း တွေးမပူခဲ့ဘူး ဘာကြောင့်လဲလို့ မေးလာခဲ့ရင်လဲ နန်း ကိုယ့်ဖက်ကို လိပ်ပြာလုံတယ်လေ။ ဦးသစ်မေးထားတဲ့ နေရာက အဖြစ်အပျက်လေးအတွက်....
အရမ်းခံစားရလွန်းလို့ထက် ဇာတ်သွားအရထက် နန်းကို သူထားသွားရတဲ့ အကြောင်းရင်းကို အနီးစပ်ဆုံး ကောက်ချက်ချလိုက်တာပါ။ ဒီပို့စ်အတွက် နန်း ပေးထားတာက... ပေးဆပ်မှုတွေ အများကြီးနဲ့ မိန်းကလေးကို စွန့်ခွာသွားတဲ့ အမျိုးသားကို စာဖတ်တဲ့သူအနေနဲ့ အထင်မလွဲစေချင်ဘူး.. လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိနေတယ် နားလည်ပေးဖို့ပဲ လိုတယ်ဆိုတာလေးပါ။



သစ် - ဟုတ်ကဲ့ တကယ်လို့များ တစ်ယောက်ယောက်က မေးခွန်းထုတ်လာရင် ပြန်ဖြေရှင်းတဲ့ဇာတ်သွားလေးများ ရေးဖို့ အစီအစဉ်ရှိလားဗျ
နန်း - ဖြေရှင်းဖို့... အဲလိုတော့လဲ မဟုတ်ဘူး ဦးသစ်ရာ.. ဒါပေမယ့် ကြားထဲမှာ နန်း ချန်ထားခဲ့တဲ့ အကြောင်းအရာလေးတွေ ကိုတော့ နန်း ရေးထားတာ ရှိပါတယ်.. နန်း ရေးသမျှ အကြောင်းအရာတွေ ထပ်နေတယ် ဖြစ်မှာစိုးတာနဲ့ နန်း မတင်ပဲ ထားတာပါ။ နန်းစာကို ဖတ်ပြီးတာနဲ့ မေးခွန်းတွေ ကျန်ခဲ့မယ်ဆိုရင်လဲ နန်း ရေးရကျိုးတစ်ဝက်နပ်တယ် ပြောရမယ်.. ဟုတ်တယ် ဦးသစ် နန်းရည်ရွယ်တာကိုက မေးခွန်းကျန်ခဲ့ဖို့ပါ အဖြေကို နန်းစာထဲမှာ နန်း ထည့်ထားပါတယ်.. :) စာရေးသူရဲ့ ရင်ဘတ်ထဲကို မြင်လာတဲ့အချိန်မှာ သူ့သူ ပေါ်လာတဲ့ အဖြေမျိုးပေါ့..:)



မွန် - နန်းနဲ့ ဦးသစ်တို့ အမေးအဖြေကို မွန်စိတ်ဝင်စားစွာ အားပေးနေပါတယ်။ မွန်ကတော့ နန်းရဲ့စာတွေ မဖတ်ဖူးသေးလို့ မေးစရာတော့ ထွေထွေထူးထူး မေးစရာမရှိသေးပါဘူး။ ဒါပေမယ့်.. မွန်မေးချင်တာလေးတစ်ခုတော့ရှိပါတယ် နန်းရေ..။
စာရေးသူအနေနဲ့ ကိုယ်ရဲ့ခံစားချက်ကိုပဲ ရေးလေ့ရှိတာလား... ပတ်ဝန်းကျင်က ဖြစ်ပျက်တွေကို ဘယ်လို ခံစားပီးရေးလဲ...
မွန်ကတော့ မွန်ရေးတဲ့ ဝထ္ထုပဲ ဖြစ်ဖြစ် ကဗျာပဲ ဖြစ်ဖြစ် ရေးတဲ့စာတိုင်းလိုလို ခံစားချက် တစ်ခုရပီဆိုရင် အဲဒီတစ်ခုကိုပဲ ယူပီး ရေးလိုက်တယ်။ အဲတာကြောင့် မွန်ရေးမိတဲ့ စာတိုင်းလိုလိုက အချစ်နဲ့ပတ်သက်တာတွေပဲ ဖြစ်ဖြစ်နေတယ်။
ပတ်ဝန်းကျင်က ဖြစ်ပျက်တွေကို ဘယ်လို ခံစားပြီး ရေးရလဲ သိချင်ပါတယ်။
နန်း - နန်း ရေးဖြစ်တာ အများစုကတော့ ကိုယ်ပိုင်ခံစားချက်တွေပါပဲ မမွန်ရေ။ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို... ဆိုတဲ့နေရာမှာ နန်း ”နွေအေးချောင်း” ကို ပြောချင်ပါတယ်။ ဒီဝတ္ဘုတိုလေးက တကယ်ဖြစ်ပျက်ခဲ့တာလေးကို နန်းရဲ့ ခံစားမှု၊ အတွေး၊ အမြင်လေးနဲ့ ဖြည့်စွက်ပြီး ရေးခဲ့တာပါ။ တကယ်ဖြစ်ခဲ့တာက ကင်းကိုက်တာလေးပါပဲ... ပိုက်ဆံမရှိလို့ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို နန်း မြင်နေရတဲ့ ဘ၀လေးတွေထဲက ကူးယူခံစားခဲ့တာပါ။ အစောက ဦးသစ်ကို နန်း ဖြေသလိုပါပဲ ရင်ဘတ်ထဲမှာ ဘာမှ မရှိပဲနဲ့တော့ နန်း ဘာကိုမှ ချရေးလို့ ရမှာ မဟုတ်ပါဘူး မမွန်ရေ။



မွန် - သိပ်မှန်တယ် နန်းရေ.. ခံစားချက် စကားတစ်ခွန်းပဲ ဖြစ်ဖြစ်..ခံစားမှုတစ်စုံ တစ်ခုရှိပြီဆိုရင် ရေးရတာ အရမ်းမြန်တယ်။
ခံစားမှုမပါတာဆိုရင် ဘယ်လို ညစ်ထုတ်ထုတ် ရေးလို့မရတော့ဘူး။ အဲတာနဲ့ ပဲရေးထားတာတွေ ရှိပါတယ်။ အဆုံးမသတ်နိုင်ပဲ တန်းလန်းတွေ ဖြစ်ကုန်တာ... အဲလိုဆိုရင် ဘယ်လိုလုပ်သင့်လဲ အကြံလေး တစ်ခုလောက် ပြောကြည့်ပါလား နန်းရေ..။
နန်း - အာ မမွန်ရာ နန်းကိုယ်တိုင်လဲ ၀ါသနာရှင်သက်သက်ပါ..။ အကြံဆိုတာထက် နန်း လုပ်တတ်တာလေးတွေကိုပဲ ဝေမျှပေးချင်ပါတယ်။ နန်း စာအုပ်ထဲမှာ ဖိုင်တွေထဲမှာ အစမသပ်နိုင်တဲ့ ရေးလက်စတန်းလန်းတွေ အများကြီးပဲ ရှိနေတယ်။ နန်း အဲဒါကို တွေးမပူဘူး။ ရေးချင်တဲ့ စိတ်ပေါ်လာတဲ့အခါ ရေးရမယ့်အကြောင်းအရာတွေ တိုက်ဆိုင်လာတဲ့အခါ ရှေ့ကို သူ့အလိုလို ရောက်သွားတာပဲ။ တစ်ခုတော့ ရှိတယ်.. ညည အိပ်ယာဝင်တိုင်း နန်း ရေးထားတဲ့ စာလေးတွေကို ပြန်ဖတ်ဖြစ်တယ်။ ဖတ်လိုက်တိုင်းလဲ ပြင်ချင်တာလေးတွေ ပြောချင်တာလေးတွေ ရေးချင်တာလေးတွေကို ပြန်ခံစားမိတယ်.. ။ အဲ့နည်းနဲ့ပဲ နန်း ရှေ့ကိုဆက်လျှောက်တယ် မမွန် :)
မွန် - ဟုတ်တယ် နန်းရေ..ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်..။

သစ် - စံချိန်ကျိုးမယ့်သူ ပို့စ်မှာ မနန်းက
တစ်ချို့လူတွေက အခက်အခဲကို အကြောင်းပြုပြီး ဦးကျိုးကြတယ်။
တစ်ချို့လူတွေက အခက်အခဲကို အကြောင်းပြုပြီး စံချိန်ကျိုးကြတယ်။
ငါဟာ... ဦးကျိုးမယ့်သူ တစ်ယောက်လား?
No!
ငါဟာ... စံချိန်ကျိုးမယ့်သူ တစ်ယောက်ပါ...... လို့ရေးထားတယ်
အဲ နောက်ပိုင်း စာကိုဖတ်လိုက်ရတော့ မနန်းအတွက် အခက်အခဲဖြစ်ခဲ့တာ စိတ္တဇနာမ် အချစ်ပြဿနာ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ နောက်တစ်ခုက မနန်းစာအတော်များများက အချစ်ကို အရမ်းအလေးအနက်ထား မနန်းရဲ့ အချစ်ကို ဖေါ်ပြတဲ့ စာတွေ များနေတော့ တစုံတယောက်ကများ နန်းလေပြေနုဟာ အချစ်ကို အရမ်းကိုးကွယ်တဲ့မိန်းမသားလို့ ဝေဖန်လာမယ် ဆိုရင် ဘာများပြောချင်လဲဗျ
နန်း - အဟင်း... ဒီမေးခွန်းကို နန်းကို တစ်ယောက်မေးဖူးပါတယ် “နင်က အချစ်ကို ကိုးကွယ်နေတာလား” တဲ့။ နန်း ပြန်ဖြေတဲ့ အဖြေကို ဦးသစ်ကြားရင် ဘယ်လိုဝေဖန်ဦးမလဲ နန်း သိချင်တယ် :)
“နန်းက အချစ်ကို ကိုးကွယ်တာ မဟုတ်ဘူး သူ့ကို ကိုးကွယ်နေတာ” ဒီအဖြေကို ဖြေခဲ့တာကတော့.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကပါ။ သူ့ကို မကိုးကွယ်ခင်ကတော့ နန်းက မိန်းမ၀ါဒီလို ပြောရမယ့် ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ :) အဲ့ဒီအဖြေကို ဖြေပြီးလို့ ခုလိုတစ်နှစ်ကျော် ကြာသွားတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြန်လည်တည်ဆောက်နေသော နန်းလေပြေနုလို့ပဲ နန်း ပြောချင်ပါတယ်



သစ် - အင်တာဗျူးအဆုံးမှာမှ မေးမယ် ဆိုတဲ့ မေးခွန်းလေးတစ်ခုကြိုမေးလိုက်တော့မယ်ဗျာ။ ခုက သူငယ်ချင်းတွေလဲစုံလာပြီဆိုတော့ မေးသင့်ပြီထင်လို့ပါ။
ကျနော့်မေးခွန်းလေးက လာရောက်ဖတ်ရှုနေတဲ့သူငယ်ချင်းတွေကို စော်ကားသလိုဖြစ်သွားရင်လဲ ကြိုတင်တောင်းပန်ပါရစေ။
တကယ့်ပြင်ပ စာပေ၊ရုပ်ရှင်၊သဘင်၊ဂီတ လောကမှာတော့ အင်တာဗျူးအတော်များများဟာ ရင်းနှီးသူအချင်းချင်း နားလည်မှုယူပြီး ပင့်ကြမြှောက်ကြတာလို့ သုံးသပ်ကြတယ်။ ဒီတော့ကာ ခုခင်ဗျားနဲ့ ကျနော်နဲ့ အင်တာဗျူးကို တစ်ယောက်ယောက်ကများ ဒီလိုမေးခွန်းထုတ်စရာရှိလာမယ် ဆိုရင် မနန်း ဘာများပြောချင်မိလဲ
နန်း - အာ အာ.. ဦးသစ်ရာ.. နန်းကို မြှောက်နေတာလား ပင့်နေတာလား အသိသာကြီးပဲကို။
ဦးသစ်မေးခွန်းတွေထဲ နန်း လိမ့်လို့ :) ခု မေးနေတာတွေထဲမှာ နန်းဖြေတတ်တာလဲ ပါသလို မဖြေတတ်တာလဲ ပါတယ်လေ.. ဖြေဖို့ လွယ်တာ ပါသလို ဖြေဖို့ ခက်တာလဲ ပါတယ်ရှင့်။ နန်း ရေးတာ ကောင်းပါတယ်လို့ ဦးသစ်ပြောနေတာမှ မဟုတ်..။ နန်း ဘာကြောင့်ရေးတာလဲ အပေါ်မှာပဲ ဦးသစ် ထိုင်ထားတာလေ.. မေးခွန်းထုတ်လာရင်တော့ နန်းကတော့ ပြန်ဖြေမှာပဲ ရွံ့ကြောင့်တော့ ရှဥ့် ချောင်းမဆိုးဘူးလို့ :P



သစ် - ဘာအကြောင်းကြောင့်မှ ကျမ ဟန်မဆောင်တော့ပါ ဆိုတဲ့ပို့စ်အပြီးမှာ ကိုလင်းအောင်ပြည့် က ကျနော်ကတော့ မာလတီမှာ စာရေးအကောင်းဆုံး ဆုပေးလိုက်ပြီဗျို့ . .. လို့ ကွန်းမန့်ပေးခဲ့တယ်ဗျ ဒီလိုပဲ မနန်းရဲ့ Guest book မှာ ကျနော်တို့စာပေလောက အတွက် မနန်းတို့လို မျိုးဆက်သစ်လက်ကောင်း၊ လက်သွက်တွေများများပေါ်ထွက်စေချင်တယ်ဗျာ..... ဆိုပြီး မနန်းကိုထပ်ဆင့် ချီးကျူးခဲ့ဖူးတယ် ဒီတော့ ဒီလိုသတ်မှတ်ခံရတဲ့အတွက် မနန်းရင်ထဲက ခံစားချက်လေးများရှိရင် သိချင်ပါတယ်
နန်း - ထင်တယ် ဒီလိုလာတော့မယ်ဆိုတာ..:) ပျော်တယ်ဆိုလဲ ချီးကျူးစကားကို သာယာတယ်ဖြစ်ဦးမယ်။ ဘယ်လိုမှ မနေပါဘူးဆိုလဲ စာဖတ်သူကို အလေးအနက်မထားဘူး ဖြစ်ဦးမယ်။ ဦးသစ်တော့ နန်းကို ချောက်ထဲ တွန်းနေပြီ :P
အမှန်အတိုင်းပြောရရင်တော့ အဲ့ page လေးကို print ထုတ်ပြီး နန်း အခန်းနံရံမှာ ကပ်ထားပါတယ်။ စကားတစ်ခွန်း စာတစ်လုံးတည်းနဲ့ လူတစ်ယောက်ကို ကယ်တင်လို့ ရတယ်ဆိုတာကို နန်းက ယုံကြည်တယ်ရှင့်။ ကိုလင်းအောင်ပြည့် ပြောသလို နန်း စာရေးအကောင်းဆုံး မဟုတ်ပေမယ့် သူ ပေးခဲ့တဲ့ ကွန့်မန့်လေးတစ်ခုဟာ နန်း စာဆက်ရေးဖို့အတွက် တကယ်ကို ကြီးမားလွန်းတဲ့ အင်အားတစ်ခုပါ။ အဆုံးသပ်ပြောရရင်တော့ နန်း မျက်ရည်ကျမိတဲ့အထိ ကြည်နူးခဲ့ရပါတယ်။



သစ် - ဘဝတလျှောက်မှာ အမှားမလုပ်ခဲ့ဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ ဆိုတဲ့ ပို့စ်လေးက ကျနော်နှစ်သက်တဲ့ပို့စ်တွေထဲက တစ်ခုပါပဲ တကယ်လို့များ လူတစ်ယောက်က ကျနော့်ဘဝတလျှောက် တခါမှမမှားဖူးသေးဘူးလို့ပြောလာရင် မနန်း ဘယ်လို တုံ့ပြန်ချင်ပါလဲ။ ဒီမေးခွန်းမေးရတာကလဲ ခေါင်းစဉ်လေးက challenge ပုံစံလေးဆိုတော့ against answer ပြန်လာရင် ဘယ်လိုတုံ့ပြန်ချင်သလဲဆိုတာကို စာရေးသူရဲ့အာဘော်နဲ့သိချင်လို့ပါး)
နန်း -
ပြောရဲလာတဲ့သူက ယုံကြည်ရလောက်တဲ့ အနေအထားဆိုရင်တော့ နန်း ဘ၀တစ်ခုလုံး သူ့ကို လေးစားကိုးကွယ်သွားလို့ရတယ်။ :P
အဲ.. ဒါပေမယ့် (ရင့်သွားမလား မသိဘူးနော်) နန်းကတော့ မယုံဘူးဗျ အဲလိုပြောရဲမယ့်သူ ရှိမယ်လို့။
ပြောလာရင်လဲ နန်းကတော့ ခပ်ပြုံးပြုံးပဲ ကြည့်နေလိုက်မှာပါပဲ။ :)

သစ်
- အဟား .. ဒီစကားလေးကြားတော့ ကျနော် နန်းကတော့ ခပ်ပြုံးပြုံးပဲနေတော့မယ် ဆိုတဲ့ပို့စ်လေးကို သတိရမိတယ်
အဲ့သည့်ပို့စ်လေး ဖြစ်ပေါ်လာပုံရဲ့ ရေခံမြေခံလေးများ ကျနော် သိခွင့်ရနိုင်မလားမနန်းရေ
နန်း - အင်း နာကိုက မှားတာ ဒီပါးစပ်ကြီးကိုက ပြောမိတာ :P လူတစ်ဦးချင်းစီရဲ့ အမြင်ဆိုတာ ဆောက်လုပ်ရေးဆိုဒ်ထဲမှာ သုံးတဲ့ အတိုင်းအတာတွေလိုပဲ တစ်ခါတိုင်းပြီး အသေမှတ်တဲ့ ပုံစံမျိုးရှင့်။ ပထမဦးဆုံးအမြင်က သိပ်ကိုအရေးကြီးတယ်လို့ ပြောရမှာပေါ့ ဦးသစ်ရာ။ နန်းကို မြင်တဲ့ အမြင်တွေထဲမှာ အကောင်းမြင်ပါသလို အဆိုးမြင်လဲ ပါတယ်။ အဲ အလယ်အလတ်သမားတွေလို့ ပြောရမယ့် ဟိုမပါ ဒီမပါတွေလဲ ပါတယ်ရှင့်။ :) အမြင်တွေကို နန်းလေပြေနုက ဂရုမစိုက်ပါဘူး လို့ ဒီပိုစ်က ဆိုလိုချင်တာ မဟုတ်ဘူးနော်။ ကိုယ့်ယုံကြည်မှုက မှန်ကန်နေမယ်ဆိုရင်.. ကိုယ်လျှောက်တဲ့ လမ်းကသာ ဖြောင့်နေမယ်ဆိုရင် နန်းကို တိုက်ခိုက်လာတယ်လို့ ယူဆရတဲ့ အမြင်တွေ အထင်တွေ စကားတွေကို နန်းက ကျောပေးနေမယ် လို့ ပြောချင်တာပါ။ ဒါ အရင်ရှင်းထားတာ။ :P ရေခံမြေခံကတော့ သူလက်ထပ်သွားတဲ့အခါ.. ကျန်ရစ်ဖြစ်နေခဲ့တဲ့ နန်းကို သနားသလို ပြစ်တင်သလို စာနာသလို ထောက်ထားသလို စုတ်သပ်တဲ့လူတွေရဲ့ စကားတွေ စာတွေကြောင့်ပါ။ :)
နန်းကတော့ ခပ်ပြုံးပြုံးပဲ နေတော့မယ်ရှင့်။ :):):)



သစ် - မနန်းက ဘာသာပြန်ပို့စ်တွေလဲ ရေးဖူးတယ်နော် ကျနော့်စိတ်ထဲမှတ်မှတ်ရရကတော့ နံပါတ်၁၃ ပေါ့ ဘာသာပြန်ထားတာလဲ တကယ့်ကို ဖတ်ရတာ ပြေပြစ်ချောမောပါတယ် တကယ့်ကိုလဲ စုံစုံလင်လင် ဖေါ်ပြထားတဲ့ ပို့စ်တစ်ခုပါပဲ မနန်းရေ ဒီပို့စ်လေး ဖတ်ပြီးတည်းက ကျနော် မနန်းကို မေးချင်ခဲ့တာလေးရှိတယ် မေးမယ် မေးမယ်နဲ့ မမေးဖြစ်ခဲ့တဲ့ မေးခွန်းပေါ့ဗျား) မနန်းအတွက် ၁၃ဂဏန်းက တကယ်ပဲ ကံမကောင်းတဲ့ဂဏန်း များလားဗျ ကျနော့်သူငယ်ချင်းတစ်ယောက် ကတော့ ဒီနံပါတ်၁၃ ကို အသည်းအသန်ကို ကြောက်တဲ့သူတစ်ယောက်ဖြစ်နေလို့ပါ
{ ကျနော် ခဏလောက် Break လေး ပေးပါလား မနန်းရေ ဘာမှ မစားရသေးလို့ပါ ကျနော့် အစာအိမ်ကြောင့် တစ်ခုခု အမြန်ဆုံးထွက်စားမှရတော့မယ်း) နာရီဝက်လောက်ပါပဲ ဟဲ .. အားလဲ နာတယ် ခင်လဲ ခင်တယ် }
နန်း - :) ဟင့်အင်း နန်းက အယုံအကြည် မရှိတတ်တဲ့သူပါ။ နန်း စိတ်ဝင်စားတာက numerology ကိုပါ။ ဂဏန်းတစ်ခုချင်းဆီမှာ သူတို့ရဲ့ အဓိပါယ်တွေ ရှိနေတယ် ဆိုတာကို နန်း ယုံတယ်။ နန်း လေ့လာနေတဲ့ ဂဏန်းတွေအကြောင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ unlucky number ကို ပေါင်းစပ်ပြီး ရေးလိုက်တာပါ။ :)



နာရီဝက်ကြာပြီးနောက်


သစ် - မနန်းရေ ရှိသေးလားဗျ ကျနော်လဲ တက်သုတ်ရိုက်ပြီး ပြန်လာခဲ့ပြီ ရှိနေဦးမယ် ဆိုရင်တော့ မေးခွန်းလေးတွေ ဆက်ချင်ပါသေးတယ် တကယ်လို့များ ကျနော့်မေးခွန်း အချို့က ရင့်သီးနေရင် ပွင့်လင်းစွာ ကန့်ကွက်နိုင်ပါတယ်နော်
နန်း - အင်း ရှိနေပါသေးတယ်.. :) ရပါတယ် ဦးသစ် အဆင်ပြေသလို မေးပါ။ နန်းကတော့ နုတယ်နော်။ :P




သစ် - အဟား သိပါတယ်ဗျာ ခင်ဗျားက နုနုရွရွတွေရော ခပ်ကြမ်းကြမ်း စကားလုံးတွေကိုရော မီးကုန်ယမ်းကုန် ကိုင်တတ်တယ် ဆိုတာ လူမိုက် ကဗျာကို ဖတ်တာနဲ့တင် သိနိုင်ပါတယ် အဲ့ကဗျာ ဖတ်ပြီးတော့ ကျနော်တော်တော်လေး သဘောကျသွားတယ်ဗျ
နန်း - :) နန်း အဲဒါကြောင့် နာမည်ခွဲထားတာရှင့်။ ရင်ငြိမ်းပန်း မပြောတတ်တဲ့ အရာတွေကို ပလပ်စတစ်က ပြောတတ်တယ် ပုံဖော်တတ်တယ် ပေါ့။ တစ်ခါတစ်လေတော့ အဲလိုပေါက်ကွဲပစ်လိုက်တာ ပိုကောင်းမယ်လို့ နန်းက ယူဆပါတယ်။
အဲ... ရွာပြင်ထုတ်ခံရကောင်း ထုတ်ခံရနိုင်တာပေါ့လေ။ နန်းကတော့ ဘယ်တော့မှ ကျွဲကို ဤ မဖတ်ဘူး။ ဤကိုလဲ ကျွဲမဖတ်ဘူး။ :) ကိုယ်ယုံကြည်ရာကို ဆုပ်ကိုင်ထားတယ် ပြောပါတော့ရှင်။


minnaeway - မေးခွန်းကနည်းနည်းနောက်ကျသွားတယ်..(၀င်ရှုပ်လိုက်ပါဦးမယ်. :P) နန်းကအချစ်ကိုကိုးကွယ်တာ မဟုတ်ဘူး. သူ့ကိုကိုးကွယ်ခဲ့တာလို့ ပြန်ဖြေတော့...... အခုသူမရှိတော့ ဘာကိုကိုးကွယ်နေလဲဆိုတာလေ...
နန်း - ဘုရားဟောတဲ့ စကားလေးတစ်ခွန်းကို ဖေဖေက ပြောပြတယ်လေ :)
အတ္တာဟိ အတ္တနော နာထော တဲ့။ :)



soemoeidea - မနန်းရဲ့ ဇာတ်လမ်းထဲက ဇာတ်ဆောင်စရိုက်နဲ့ ပင်ကိုစရိုက်နဲ့ဘယ်လိုများခွဲခြား သုံးခဲ့ပါသလဲ။ ဇာတ်လမ်းထဲက ဇာတ်ဆောင်ကို မနန်းရဲ့အပြင်စရိုက်အတိုင်းသုံးခဲ့ပါလား၊ ဒါမှမဟုတ်...
နန်း - ဟုတ်ကဲ့ပါ။ နန်းရေးထားတဲ့ စာတွေအတိုင်း နန်းတကယ်ပဲ နားလည်ခွင့်လွှတ်နိုင်ခဲ့ရဲ့လား ဒါမှမဟုတ် ဘယ်လိုမျိုးများ သုံးသပ်ခံစားခဲ့သလဲဆိုတာကို မေးချင်တယ်နဲ့ တူတယ်။ မှန်ပါတယ် နန်း နားလည်ပေးနိုင်ခဲ့ပါတယ် ခွင့်လွှတ်ပေးနိုင်ခဲ့ပါတယ်။ တစ်ယောက်က ဝေဖန်ဖူးပါတယ် ခွင့်လွှတ်တယ်ဆိုတာက ခွင့်လွှတ်တာကလွဲပြီး တခြားနည်းလမ်းမရှိတော့လို့ပါတဲ့။ :( ။ နန်း ငြင်းပါတယ်။ အနည်းဆုံးတော့ မစားရတဲ့ အမည်း သဲနဲ့ကြုံးပက်လို့ ရပါတယ်။ ရိုင်းသွားမယ်ထင်ပါတယ်။ :) နန်း ဘာကိုမှ မလုပ်ခဲ့ပါဘူး။ နန်းထားခဲ့တဲ့ စေတနာ နဲ့ မေတ္တာကို ပေးတဲ့သူရော ယူတဲ့သူပါ နားလည်ပြီးသားတွေပါ။ :)
နန်း ရေးတဲ့ ဇာတ်ကောင်စရိုက်တွေက နန်းရဲ့ ပင်ကိုယ်စရိုက်တွေတင် မကပါဘူး နန်း မြင်သမျှ ကြားသမျှတွေရဲ့ စရိုက်တွေပါ ပါပါတယ်..။ ဥပမာ ဝေဒနာမြို့သို့ တစ်ရက်ခရီးဆိုရင် နန်း လုပ်တတ်တဲ့ စရိုက်မျိုး မဟုတ်ဘူးလေ။ :)



သစ် - သူ့ကို မကိုးကွယ်ခင်ကတော့ နန်းက မိန်းမ၀ါဒီလို ပြောရမယ့် ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ :) လို့ မနန်း ခုဏက ဖြေခဲ့တယ်နော် ဒါက လွန်ခဲ့တဲ့ လေးနှစ်ကမှ စပြီး သူနဲ့ တွယ်တာခဲ့ကြတယ်လို့ မနန်းပြောဖူးလို့ ကျနော် သိမှတ်ဖူးပါတယ် ဒီတော့ သူနဲ့မတွေ့ခင်နှစ်ဆယ်စွန်းစွန်း ကာလလေးက မနန်းရဲ့ ပုံစံပေါ့ ဒါပေမယ့် သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ... အချိုကြိုက်တဲ့သူဟာ တစ်နေ့မှာတော့ သွားပိုးစားခံရမှာပဲမဟုတ်လား ဆိုတဲ့ပို့စ်မှာ - မိဘနဲ့ ခွဲပြီး ညအိပ်ခရီးဆိုတာ တစ်ညထက်ပိုပြီးတော့ အသက်(၂၀)အရွယ်အထိ မသွားဖူးဘူး။ မသွားနိုင်ခဲ့ဘူး။ ကျောင်းတက်ဖို့ဆိုပြီးတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ မိဘနဲ့ အချိန်ကြာကြာ ခွဲနေရတာ အသက်(၂၀)ကျော်မှလေ။
(ကိုသစ်ကို - ဒီတော့ လွန်ခဲ့တဲ့လေးနှစ်ကပေါ့နော်) သုံးယောက်ပဲ ရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးရဲ့ အောက်ထပ်မှာ ညီမလေး မသိအောင် မျက်ရည်ကျ ၀မ်းနည်းတဲ့အထိကို မိဘကို သံယောဇဉ်တွယ်ခဲ့တာ
- ဒါလဲပဲ ကိုယ်က သံယောဇဉ်ကြီးမိတဲ့ အပြစ်ပါပဲ။ သူလိုသာ သံယောဖဉ် နည်းပါးခဲ့မယ်ဆိုရင် ငိုစရာ ဘယ်ရှိမလဲလေ
- ဟိုဘက်အိမ်က ကြောင်လေး မမွေးနိုင်လို့ အော်နေတာကို ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ မျက်ရည်ကျတဲ့အထိ..........

လို့ ရေးထားတဲ့အခါကျပြန်တော့ ကျနော်တွေးမိတာလေးက သံယောဇဉ်ဟာ ထက်မြက်ပြီးကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိတဲ့မိန်းမတစ်ဦးကိုတောင် မျက်ရည်တွေ ကျလာအောင် လုပ်နိုင်စွမ်းတယ်လို့ မြင်မိတယ် . မနန်းအနေနဲ့ ကိုယ်တိုင်ခံစားရသူဆိုတော့ ကျနော့်အမြင်အပေါ်မှာ ဝေဖန်စရာများ ရှိနိုင်မလားဗျ
နန်း -
သိပ်ဟုတ်တာပေါ့ရှင်။ ယုံကြည်မှုဆိုတာကို ပျက်ပြားစေနိုင်တာလဲ ဒီသံယောဇဉ်ပဲရှင့်။
သံယောဇဉ်ကြီးလွန်းတဲ့အခါ.. သူ့အတွက်ဆိုတာကို ရှေ့တန်းတင်မိကြတယ်။ အဲဒီ့အခါမှာ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သံသယ၀င်စေတော့တာပဲ။
ဒါကြောင့် ယုံကြည်မှုရှိတဲ့ မိန်းမတစ်ယောက်ဘ၀ကနေ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေရတဲ့ မိန်းမဘ၀ကို နန်း ရောက်သွားတာပါ။
ဒီလိုပြောလို့ နန်း နောင်တရနေတယ် မထင်နဲ့နော်။ နန်းက ဘယ်သူမပြု မိမိမှုဆိုတာကို လက်ခံထားတဲ့သူပါ။ :)
ဒီနေရာမှာ ဦးသစ်ရဲ့ အမြင်ကို နန်း လက်ခံတယ်ပဲ ဆိုပါတော့။ :)
ကိုရီး - " သိပ်ဟုတ်တာပေါ့ရှင်။ ယုံကြည်မှုဆိုတာကို ပျက်ပြားစေနိုင်တာလဲ ဒီသံယောဇဉ်ပဲရှင့်။
သံယောဇဉ်ကြီးလွန်းတဲ့အခါ.. သူ့အတွက်ဆိုတာကို ရှေ့တန်းတင်မိကြတယ်။ အဲဒီ့အခါမှာ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သံသယ၀င်စေတော့တာပဲ"

{ကောင်းလိုက်တဲ့ စကားလုံးလေးတွေဗျာ}


သစ် - ဒါဆိုရင် မနန်း ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ဒီကဗျာလေးနဲ့ ဆက်စပ်မှုရှိမယ်လို့ ကျနော် လှမ်းဖတ်လိုက်မိတယ်ဗျာ
နန်း - အင်း နန်း ချန်ထားတဲ့ မေးခွန်းတွေအတွက် ဦးသစ်မှာ အဖြေရပြီလို့ မျှော်လင့်ပါတယ်..:)
ကိုစိုးမိုး - ဦးသစ်ကော ..မနန်းကိုကော ကျေးဇူးတင်ပါတယ်ဗျာ...ဒီလိုေ၇းသူ ဖတ်သူ အမေးအဖြေလေးတွေ ဖတ်၇တာကောင်းတယ်ဗျ
ကိုသူရိန် - အားလုံးကို ပြောချင်တာကတော့ ... အခုလိုမျိုးလေ .... တစ်ပတ် တစ်ကြိမ်လောက် စုပြီ စာပေး ဆွေးနွေးပွဲလေ လုပ်ရအောင်ဗျာ ....သစ် - ကောင်းတာပေါ့ အကိုရား)


သစ် - ဟုတ်ကဲ့မနန်းရေ ကဲ ကျနော် ခင်ဗျားရဲကအချိန်တွေကိုလဲ အများကြီးယူပြီးသွားပြီ ခင်ဗျားလဲ ကျနော့်ရဲ့ မေးခွန်းတွေနဲ့ စိတ်ညစ်နေလောက်ပီထင်တယ် :D အဆုံးသတ် မေးခွန်း သုံးလေးခုလောက်ကို ကျနော် ဆက်သွားလိုက်ချင်တယ်ဗျာ ဘာပဲပြောပြော ခင်ဗျား ခုလို ကျနော့် မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတာ တကယ်ကိုကျေးဇူးတင်ပါတယ်။ နောက်ထပ် ကျေးဇူးတင်ရမယ့်သူတွေကတော့ အချိန်ကုန်ခံပြီး တောက်လျှောက် တိုက်ရိုက် ထိုင်ဖတ်နေတဲ့ သူငယ်ချင်းတွေ ကိုပါပဲ။ အထူးသဖြင့် ကျနော် သူငယ်ချင်းတွေကို သိစေချင်တာတစ်ခုက နန်းလေပြေနုဟာလဲ ကြီးကျယ်ခမ်းနားတဲ့ စာရေးသူတစ်ယောက် မဟုတ်သလို ကျနော်ဟာလဲ သာမာန်ညောင်ည စာရေးသူ၊စာဖတ်သူ တစ်ဦးပါပဲ ..
ခု အင်တာဗျူးလေးက သူ့ရဲ့စာ၊ကဗျာတွေအပေါ် ဖန်တီးဖြစ်ပုံကို တီးမိခေါက်မိရှိချင်တာကြောင့် မနန်းကို ကျနော်က request လုပ်ပြီး တောင်းဆိုခဲ့တာပါ ဒီအတွက် အမှားအယွင်းတစုံတရာများရှိခဲ့လျှင် နန်းလေပြေနု နှင့် မည်သို့မျှ မသက်ဆိုင်ပဲ ကျနော် ကိုသစ်ကို ၏တာဝန်သာဖြစ်ကြောင်း ပြောချင်ပါတယ်
မနန်းအနေနဲ့ရော သူငယ်ချင်းတွေကို ပြောချင်တာ တစုံတရာ ရှိဦးမလားဗျ

နန်း - ဦးသစ်ပြောသမျှ စကားထဲ ဒီတစ်ခါ အမှန်ဆုံးပဲ :P ( နန်းလေပြေနုဟာလဲ ကြီးကျယ်ခမ်းနားတဲ့ စာရေးသူတစ်ယောက် မဟုတ်သလို ကျနော်ဟာလဲ သာမာန်ညောင်ည စာရေးသူ၊စာဖတ်သူ တစ်ဦးပါပဲ .. ဦးသစ်ကမေးပြီး နန်းလေပြေနုက ဖြေတဲ့အတွက် နန်းကိုယ်တိုင်ကလဲ နန်း ဖြေခဲ့တဲ့ စကားလုံးတွေအပေါ်မှာ အပြည့်အ၀ တာဝန်ယူနိုင်ပါတယ်ရှင်။ ကဲ ဦးသစ် ဆက်ပါ။ ကွန်နက်ရှင်းကြောင့် အဖြေနောက်ကျသွားရတာတော့ စိတ်မကောင်းပါဘူး :(
ကိုရီး - ကျနော် အိပ်မလို့ပဲ ဒါပေမယ့် ဖတ်ရင်း ဖတ်ရင်းနဲ့ လေးစားသမှုတွေနဲ့ ဆက်ဖတ်ဖြစ်တယ် တကယ်ပါ.... ကျနော်ကိုယ်တိုင် စီးမျှောသွားခဲ့ရပါတယ်။ အိပ်ရေးပျက်ရကျိုး နပ်တာပေါ့ဗျာ။ ကျေးဇူး အထူး တင်ရှိပါကြောင်း။
ကိုစိုးမိုး - ဟုတ်တယ် ကို၇ီးေ၇..ညီလည်းဒါကိုဝင်ဝင်ဖတ်နေတာ...
နန်း - နန်းတို့ကလဲ လာပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။




သစ် - ခုထိ မနန်းရဲ့စာတွေကဗျာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခံရခြင်းမရှိသေးဘူးနော်။ ဒါဘာကြောင့်လို့ထင်ပါလဲ။
နောက်တစ်ခုက ခင်ဗျားဘာကြောင့် စာတွေ ဆက်ရေးဦးမှာလဲ။
နန်း - ဦးသစ်နော်.. :)
ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခြင်း မခံရသေးတာက နန်းစာကို ဖတ်တဲ့သူက လူနည်းစုဖြစ်နေတာရယ်။ လာပြီး ဖတ်တဲ့သူတွေအနေနဲ့လဲ နန်းနဲ့ အတွေးအမြင်တူနေလို့ရယ်.. နန်းကိုယ်တိုင်က ဘယ်သူ့ကိုမှ မထိုးနှက်ခဲ့ဖူးလို့ရယ် လို့တော့ နန်း ထင်ပါတယ်။ :) ၀ိနည်းတော့ လွတ်တယ်ထင်တာပဲလေ။
စာတွေ ဘာကြောင့် ဆက်ရေးဦးမှာလဲ ဆိုတာကတော့.. နန်းက ကိုယ်ယုံကြည်ရာနဲ့ ၀ါသနာကို လွယ်လွယ်စွန့်လွှတ်တတ်တဲ့သူ မဟုတ်လို့ပါပဲ။ နန်းကို ဖေဖေက မေးဖူးတယ်ရှင့်။ “သမီးက စာရေးဆရာ ဖြစ်ချင်တာလား စာရေးသူ ဖြစ်ချင်တာလား”တဲ့။ နန်းလေပြေနုသည် စာရေးသူတစ်ယောက်သာ ဖြစ်ချင်သူ ဖြစ်ပါတယ်။ ရင်ထဲက ခံစားချက်တွေ ဖြစ်စေ ဘ၀တွေ ဘ၀တွေကို ကိုယ်စားပြုတဲ့ အရာတွေ ဖြစ်စေ.. နန်း တတ်နိုင်တဲ့ စာရေးခြင်းနဲ့ တင်ပြသွားချင်လို့ပဲ ဖြစ်ပါတယ် ဦးသစ်ရေ..။



သစ် - အင်း .. မေးခွန်းမဟုတ်တဲ့စကားအနည်းအကျဉ်းတော့ ကျနော်ပြောချင်တယ်ဗျာ ဒီနေ့အင်တာဗျူးမှာ ကျနော် သဘောတရားတွေ ထည့်မမေးခဲ့ဘူး ခင်ဗျားလဲ သတိထားမိမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီလို သဘောတရားရေးရာတွေကို ပြောရ ဆိုရလောက်အောင် ကျနော့မှာလဲ ဝမ်းစာမပြည့်ဝသေးလို့ပါ။ တကယ်လို့များ တချိန်ချိန်မှာ ခင်ဗျားကိုယ်ခင်ဗျား ခေါင်းစဉ်တစ်ခုခု တပ်ပါဆိုရင် ခင်ဗျား ဘယ်လိုင်းကို ခေါင်းစဉ်တပ်မလဲဗျ
နန်း - အင်း မေးသင့်တဲ့ မေးခွန်းဖြစ်သလို ဖြေသင့်တဲ့ မေးခွန်းပါ။ မဖြစ်မနေ ခေါင်းစဉ်တပ်ရမယ်ဆိုလဲ နန်း တပ်မယ့်ခေါင်းစဉ်က “ဗလာ”ပါ။ အစောက ဦးသစ်ပြောသွားသလိုပေါ့ နန်းလေပြေနုက ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်တဲ့အတွက် နန်းရေးတဲ့စာတွေကလဲ ဘာမှမဟုတ်ပါဘူး မညှာတမ်းပြောရမယ်ဆိုရင် ကိုယ်ရေးတဲ့စာအတိုင်း ကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်မှု၊ ကိုယ်တိုင်စောင့်ထိန်းနိုင်မှုတွေ နည်းပါးကြပါတယ်။ ဒီနေ့ ဒီလိုအချိန်မှာ ဒီလိုပြောထားပေမယ့် နောက်နေ့ နောက်အချိန်မှာ ကိုယ့်အယူအဆတွေ ကွဲလွဲလာနိုင်သေးတယ်။ ယုံကြည်ရာကို လွယ်လွယ်မစွန့်လွှတ်တတ်ဘူးလို့ နန်းပြောခဲ့တယ်။ သို့သော် ကိုယ်ယုံကြည်ရာသာ အမှားတစ်ခု ဖြစ်နေမယ်ဆိုရင်တော့ စွန့်လွှတ်ဖို့ နန်းက တွေဝေမှာမဟုတ်ဘူးရှင့်။ နန်းဖြေပါတယ် “ဗလာ”ပါ။
ဤနေရာသည် ဗလာဖြစ်နေသည့်အတွက် အကုန်ရှိသည်။ :)




သစ် - ကျနော့်မေးခွန်းလဲ အခုနှစ်ဆယ်ပြည့်သွားပြီ နောက်တစ်ခုက ကျနော်တို့ အခု မေးနေဖြေနေကြတာလဲ ခြောက်နာရီနီးနီးလောက်ကြာသွားပြီဆိုတော့ အားနာစွာနဲ့ပဲအဆုံးသတ်လိုက်ပါတော့မယ် မနန်းရေ
တကယ်တော့ကျနော် အကြိုက်ဆုံး ပို့စ် နှစ်ခုကို မမေးပဲမပြောပဲ ချန်လှပ်ထားခဲ့ပါတယ်။ အခုတော့ သူငယ်ချင်းတွေလဲ မျှဝေခံစားလို့ရအောင်ကျနော် ဝေမျှခဲ့ပါမယ်။ ဒီပို့စ်နှစ်ခုနဲ့ ပတ်သက်လို့ ကျနော့မှာဘာမေးခွန်းမျှ မရှိပါ။ စိတ်ဝင်စားတဲ့သူငယ်ချင်းများ သွားရောက်ဖတ်ရှုသုံးသပ်ဝေဖန်ကြည့်ကြပါလို့ပဲ တိုက်တွန်းခဲ့ပါရစေ။

တန်ဆာခံအံစာတုံးလေးများ
နွေအေးချောင်း

မနန်းအနေနဲ့ရော ကျနော့ကို တစ်ခုခု လောက်များ မေးချင်တာ ရှိမလား ဗျ။
နန်း -
ဟုတ် ဦးသစ်ကို မေးစရာလေး ရှိပါတယ် အပေါ်က မေးခွန်းတွေထဲမှာ နန်းကို ဘယ်လိုဝေဖန်မလဲ ဆိုတာလေး ပါပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးပါဦးနော်။
နောက်တစ်ချက်က.. အခုလို အမေးအဖြေက ဦးသစ်အတွက် ဘယ်တော့လဲ ဆိုတာပါ :P
သစ် - ခဏလေးနော် { နန်းကို ဘယ်လိုဝေဖန်မလဲ } ဒါဘာကို ပြန်မေးချင်တာလဲ မသိဘူး ... ကျနော် နားမရှင်းလို့ပါ မနန်းရေ
နန်း - နန်းလေပြေနုဟာ အချစ်ကို အရမ်းကိုးကွယ်တဲ့မိန်းမသားလို့ ဝေဖန်လာမယ် ဆိုရင် ဘာများပြောချင်လဲဗျ
နန်း ပြန်ဖြေတဲ့ အဖြေကို ဦးသစ်ကြားရင် ဘယ်လိုဝေဖန်ဦးမလဲ နန်း သိချင်တယ် :)
“နန်းက အချစ်ကို ကိုးကွယ်တာ မဟုတ်ဘူး သူ့ကို ကိုးကွယ်နေတာ” ဆိုတာလေးပါ ဦးသစ် :P
သစ် - အင်း နှလုံးသားရဲ့ခံစားချက်နဲ့ပတ်သက်လာရင်တော့ အရာအားလုံးဟာ တိမ်းညွတ်စရာတွေချည်းပဲလို့ ကျနော်မြင်တယ်
ဒါကြောင့် မနန်းနေရာမှာ ကျနော်ဆိုရင်လဲ အခြားသူတွေကိုမျက်ကွယ်ပြုပြီး နှလုံးသားရှိရာကိုပဲ တိမ်းညွတ်မိမှာပါ
ဒါကြောင့် မနန်း အနေနဲ့ လွတ်လွတ်လပ်လပ် တိမ်းညွတ်တာကို ကျနော့်မှာ ဝေဖန်စရာတစုံတရာမရှိပါဘူး မနန်းရေ

ကျနော့်အလှည့် ဘယ်တော့လဲ ဆိုတော့ တစ်ယောက်ယောက်ကများကျနော့ကို ကျနော့်စာ၊ကဗျာများနှင့် ပတ်သက်ပြီး ခင်မင်စွာဖြင့် မေးခွန်းတွေ ပေးလာမယ် ဆိုရင်တော့ ကျနော် ဖြေဖြစ်မှာပါ ကျေးဇူးပါ မနန်း ။

ယခုအင်တာဗျူးနှင့်ပတ်သက်၍
အမှားအယွင်းရှိလျှင် ကိုသစ်ကိုတာဝန်ပင်ဖြစ်သည်။
ပို့သသောမေတ္တာကိုလဲ ရဲဝံ့စွာခံယူဝံ့ပါသည်။
ကိုသစ်ကို

No comments: