Pages

Friday, June 11, 2010

နွေအေးချောင်း


”မမသန်း နွေအေးချောင်းလေး စားချင်လို့ ၀ယ်ကျွေးစမ်းပါဟာ နော်..”
ဆေးရွက်ကြီးတွေကို တစ်ပုံစီ ပုံရင်း ရေတောက်နေသော မသန်းဦး မောင်ငယ်၏ စကားကြောင့် တွေဝေသွား ပါသည်။ အိမ်ရဲ့ စီးပွားရေးလိုအပ်ချက်ကြောင့် ဒီမြို့သာပွဲကို မောင်နှစ်မနှစ်ယောက် ဆေးရောင်းလိုက်ခဲ့ရပေ မယ့် အစ်မဖြစ်တဲ့ မသန်းဦးကိုယ်တိုင်က ဆယ့်ငါးနှစ်မပြည့်တက်သေး။ ဒီမောင်ငယ်က ခုနှစ်နှစ်ခန့်ငယ်သည် ဆိုတော့ ကျောင်းနေတယ်ဆို နှစ်တန်းကျောင်းသားလောက်ပေါ့။ လူကြီးမပါ၊ ဘာမပါနဲ့ ရွာထဲက တခြား ဆေးရောင်းသူတွေကို အဖော်ပြုအားကိုးကာ လိုက်လာရပေမယ့် မသန်းဦး နည်းနည်းတော့ အားငယ် သည်။

မသန်းဦး အပျိုဖော်ဝင်ကာစမှာပဲ အိမ်ရဲ့ စီးပွားရေးက နောက်ဆုတ်လာသည်။ တစ်ရွာလုံး လက်ညှိုးထိုး မလွတ်သော မိခင်ကြီးရဲ့ မြေကွက်တွေလည်း ဖခင်၏ အသုံးအဖြုန်း မကွဲပြားမှုကြောင့် လုံးပါးပါးခဲ့ရသည်။ ဖခင်ကို မပြောသာလို့ မပြောရပေမယ့် မသန်းဦး ရင်ထဲတွင် အစိုင်အခဲတစ်ခုလို ဖြစ်နေသည်။ အို.. အဖေက သဘောကို ကောင်းလွန်းတာ ပါ။ တကယ်ဆို ကိုယ့်ကားပေါ်မှာ လိုက်လာတဲ့ အမျိုးသမီး သွားစရာ၊ နေစရာ မရှိတာကို အိမ်ခေါ်လာဖို့ လိုလို့လား။ သူ့သူ အရက်မူး အိပ်ပျော်နေလို့ နွားခိုးခံလိုက်ရတဲ့ ဦးချက်ဖောင်း ကိုရော နွားတစ်ကောင် ခေါ်ပေးဖို့လိုလို့လား။

ပြောရရင်တော့ အမေလည်း မထူးပါဘူး။ လူချမ်းသာတွေရဲ့ တစ်ဦးတည်းသော သမီးပီပီ ဘာမှမလုပ်တက်၊ မကိုင်တက်နဲ့ အိမ်တော်စိုးတွေ စိတ်တိုင်းကျ ချယ်လှယ်တာပဲ ခံနေရတာပဲလေ။ မိုးလေးနည်းနည်းအေးတာနဲ့ ရင်ကြပ် ရောဂါထတတ်တဲ့ အဲဒီအမေက ခြင်ထောင်ထဲကနေ ဘယ်သူဘာယူသွားတယ်ဆိုတာ ဘယ်သိမှာ လဲ။ မိသန်းဦး က သိလို့ ပြောပြန်ရင်လည်း ”ငါ့သမီးရယ် ဒီလောက်လေးနဲ့ အမေတို့ ဘာဖြစ်သွားတာမှတ်လို့ သူတို့လည်း မရှိလို့ ယူတာပေါ့ ရှိရင် ဘယ်သူက သူခိုးအဖတ်တင်ခံမှာလဲ”တဲ့။ ဟွန်း...။ သူတို့ လင်မယား ဝေသန္တရာ လုပ်လိုက်တာ ခု ငါတို့မောင်နှစ်မ ဈေးလိုက်ရောင်းရပြီ။

”မမသန်း.. နော်လို့”
”အေးပါဟယ် ခဏနေပါဦး ဖိုးကြည်ရဲ့ ဒီနေ့ ဈေးဦးကို မပေါက်သေးဘူး ပြီးတော့ မမသန်း ၀ယ်ပေးပါ့မယ်”
မောင်ငယ်ရဲ့ မျက်နှာလေး ညှိုးသွားပြန်တော့လည်း သန်းဦး စိတ်မကောင်း။ ကလေးအရွယ်ဆိုတော့လည်း စားချင်တာပဲ သိတယ်မလား။ ပြီးတော့ နွေအေးချောင်းဆိုတာမျိုးက ခုလိုဘုရားပွဲလေး ဘာလေးရှိမှ စားရတတ်တာလေ။ အင်း မမသန်းလည်း ၀ယ်ကျွေးချင်တာပေါ့ မောင်လေးရယ်။ ဒါပေမယ့် ဒီရောက်တဲ့ သုံးရက်လုံးလုံး ရောင်းရတာက အိမ်ရောက်တာနဲ့ ဆန်ကြွေးပြန်ပေးဖို့တောင် မလောက်သေး။ ဒါတောင် ကလေးနှစ်ယောက်တည်း လာရောင်းတာမို့  ၀ိုင်းဝယ်ကြလို့ပေါ့။ မဟုတ်ရင်တော့ မိသန်းဦးတို့ ခြေဆင်းငိုဖို့ပဲ ရှိတော့တယ်။

မျက်နှာလေးငယ်ငယ်နဲ့ ဖိုးကြည်လေး လှည့်ထွက်သွားတော့ သန်းဦး စိတ်မကောင်းဖြစ်ပေမယ့် ဒီတိုင်း ထိုင်နေလို့ မရသေးဘူးလေ။ ဈေးဦးလေးတော့ ပေါက်ဦးမှဖြစ်မယ်။ ဆေးရွက်ကြီးဆိုတာမျိုးကလဲ အော်ရောင်းကြတဲ့ ရောင်းကုန်မဟုတ်။ ဆေးပုံတွေကိုသာ လှအောင်ခင်းနေလိုက်တော့သည်။

”ဟေ့ကောင် လိုက်မလားကွ..” နွေအေးချောင်းသည်ဘေးမှာ ၀ယ်နေတဲ့သူတွေကို ရပ်ကြည့်ငေးနေတဲ့ ဖိုးကြည်ကို ကလေးတစ်ယောက်က လာမေးသည်။ ဒီကောင် ကြည်စိုးပဲ။ ဟိုဖက်ဈေးတန်းဖက်က ပုတ်တွေ၊ ဖျာတွေ ရောင်းတဲ့ ဆိုင်ကကောင်ပဲ။ ”ဘယ်လဲကွ..” စိတ်ထွေထွေနဲ့မို့ ဖိုးကြည်ပြန်မေးလိုက်သည်။ ”တောထဲကို ပတက်သွားဖမ်းမလို့ ကွ အရက်ဆိုင်က ဦးပေစိန်က တစ်ကောင် တစ်ကျပ်ပေးမယ်တဲ့ ငါ့ကို ပြောထားတယ်”။ တစ်ကောင် တစ်ကျပ်... ဖိုးကြည် စိတ်ဝင်စားသွားသည်။ ပုတက်ဆိုတဲ့ အကောင်က အကြောင်းမသိရင်သာ ဖမ်းဖို့မလွယ်တာ။ ဖိုးကြည်တို့ က ရွာမှာဆို အပျင်းပြေ ပုတက်ဖမ်းနေတဲ့ ကောင်တွေ ပဲ။ တစ်ခါဖမ်း လေးငါးကောင်တော့ အသာလေးပေါ့။ တစ်ကောင်ကို တစ်ကျပ်.. ငါးကောင်ဆို ငါးကျပ် ဟာ နွေအေးချောင်းက သုံးကျပ်ပဲ ရှိတာ..။ နှစ်ကျပ်တောင် ပိုသေး။ ”အေး လိုက်မယ်ကွာ”။ ပုဆိုးလေးကို စလွယ်သိုင်းလိုက်ရင်း ဖိုးကြည်ပြောလိုက်သည်။

ဖိုးကြည်နှင့် ကြည်စိုး တောထဲဝင်သွားကြသည်။ ခွေးများလို မြေကြီးကို သေချာကြည့်ရင်း တစ်လှမ်းခြင်း လျှောက်သွားကြသည်။ ဟော.. တွေ့ပါပြီ ပုတက်တွင်းတွေ..။ ဖိုးကြည် ကြည်စိုးကို မေးဆတ်ပြလိုက်သည်။ ကြည်စိုးကလဲ အထာနပ်သည်။ ဘေးဘီကိုကြည့်ပြီး နွယ်ကြိုးလေး နှစ်ချောင်း သုံးချောင်းကို ဖြတ်ယူလိုက် သည်။ ”ပေး ငါ့ကို...” ဖိုးကြည်က နွယ်ကြိုးကို ယူကာ ဘူးလည်သီးခတ်လိုက်သည်။ ခိုင်မခိုင် ဆောင့်ဆွဲကြည့် လိုက်သေးသည်။ သေချာပြီဆိုမှ တွင်းဝကို ကြိုးကွင်းကို ချကာ တုတ်တစ်ချောင်းနှင့် တွင်းထဲကို ထိုးလိုက် သည်။ တစ်ခုခုကို ထိုးမိလိုက်တာကို ဖိုးကြည် သေချာသိလိုက်သည်။ ပြုံးလိုက်ကာ ဆက်ထိုးသည်။

တွင်းဝမှာ မျက်လုံးလေးတွေကို မြင်လိုက်ပြီမို့ ဒီကောင် တက်လာပြီဆိုတာ သိလိုက်သည်နှင့် ကြိုးစကို အသင့်ပြင်ထား လိုက်သည်။ ခေါင်းလေး မြေကြီးပေါ်ကို ပြူလာကာ လည်ပင်းလောက်ထိ ရောက်လာတာနဲ့ ကြိုးစရဲ့ တစ်ဖက်ကို ဆွဲချလိုက်သည်။ ”ဝေး... မိပြီကွ တစ်ကောင်...” ကြည်စိုးရော ဖိုးကြည်ပါ ၀မ်းသာ အားရ အော်လိုက်ကြသည်။ နောက်ကျောပေါ်မှာ အစက်အစက်လေးတွေနှင့် ပုတက်ဆိုသော သတ္တ၀ါလေး ကတော့ ကြိုးကွင်းကြားမှာ ယက်ကန်ယက်ကန်။ နှစ်ယောက်သား အားတက်သရော ဆက်ထွက်လာ ကြသည်။

ခပ်လှမ်းလှမ်းရောက်တယ်ဆိုရင်ပဲ နောက်တစ်ကျွင်းကို တွေ့လိုက်ရသည်။ နှစ်ယောက်သား လက်ချင်းရိုက် လိုက်သည်။ စောစောကလုပ်သလိုပဲ ကြိုးကွင်းကို တွင်းဝချကာ တွင်းထဲသို့ တုတ်နဲ့ထိုးလိုက်သည်။ ပုတက်ကို ထိုးမိလိုက်သည်ကို ဖိုးကြည်သိသည်။ ဆက်ထိုးသည်။ သကောင့်သားက ထွက်မလာ။ ဖိုးကြည် တစ်ချက်လောက် ဆောင့်ထိုးလိုက်သည်။ ထွက်မလာ။ မျက်မှောင်ကိုကြုတ်ကာ ထပ်ထိုးသည်။ ထွက်မလာ။ ရှိမှန်း သိနေရက်နဲ့ ထွက်မလာသော အဲဒီ့ပုတက်ကို ဖိုးကြည် စိတ်တိုလာလေပြီ။ မျက်လုံးထဲမှာလည်း နွေအေးချောင်း ကို မြင်လာနေပြီ။ တော်ကြာ ရောင်းကုန်သွားရင် အခက်။ တုတ်ကိုချကာ လက်နဲ့ နှိုက်ဖို့ ဖိုးကြည် ကြံလိုက်သည်။

”ဟာ ဟေ့ကောင် လက်နဲ့ မနှိုက်နဲ့လေကွာ တော်ကြာ မြွေတွင်းဖြစ်နေဦးမယ်.” ကြည်စိုးရဲ့ စကားကို ဖိုးကြည် ရယ်လိုက်သည်။ ”အေပေး မြွေတွင်းနဲ့ ပုတက်တွင်း အသိသာကြီး မင်း ဒီလောက်တောင် မသိဘူးလား..” ပြောပြောဆိုဆို ဖိုးကြည် လက်ကိုတွင်းထဲသို့ ထိုးလိုက်သည်။

”သူတော်ကောင်း ပိုက်ဆံ ထောင်ခေါ် ရာခေါ်...” လို့ ပြောရင်း ပိုက်ဆံကိုလဲ ဆေးရွက်စုံအောင် လိုက်ထိလိုက် လေသည်။ ဒီနေ့တော့ အခြေအနေကောင်းသားပဲ စောစောစီးစီး ဈေးဦးပေါက်ကို ခေါ်ဈေးနဲ့ပဲ ၀ယ်သွားတယ်။ ပြီးတော့ ပိုဝက်လောက်ရှိတယ်။ ဖိုးကြည် ဘယ်ရောက်သွားပါလိမ့် သူစားချင်တဲ့ နွေအေးချောင်းလေး ၀ယ်ကျွေးလိုက်ဦးမှ ဟု စိတ်ကူးကာ မသန်းဦး ထိုင်ရာက ထလိုက်လေသည်။ ”ဗြိ..” ဟော်တော်.. အေးရော လုံချည်တော့ ပိုစငြိပြီး ပြဲပြီ..” လုံချည်လဲရန် ဇရပ်ပေါ်က စောင်နဲ့ကာထားသော အခန်းဆီသို့ သွားရင်း ဖိုးကြည်ကို မေ့သွားလေပြီ။

လုံချည်လဲပြီး ပြန်ထွက်လာတော့ ဆိုင်မှာ ဈေးဝယ်နှစ်ဦး ရောက်နေသည်ကို တွေ့လိုက်ရသည်။ သန်းဦး ပျော်ရွှင်စွာပင် သွက်သွက်လေး ပြေးထွက်သွားသည်။ ”ဘာယူမှာလဲရှင့်..ဆေးကြီးလား ဆေးလတ်လား ဆေးတက်ရွက်လား.. ကြိုက်တာရွေးပါ.. ဒါတွေက ပန်းတိမ်ချောင်းဆေးတွေရှင့် သန့်တယ် ကောင်းတယ်..” စကားကို ဆက်တိုက်ပြောသွားသော သန်းဦးကို ကြည့်ရင်း ထိုသူနှစ်ဦးက ရယ်လိုက်သည်။ ”ဖြေးဖြေးပြောပါ ကလေးမရာ တို့က ဆေးဝယ်မလို့ မဟုတ်ပါဘူးကွ” ။ ”ဟင် ဒါဆို ဘာလာလုပ်တာလဲ..” နားမလည်စွာ သန်းဦး ပြန်မေးလိုက်သည်။

”မင်းအဖေက ဒီပွဲမှာ သူ့သမီးဆေးရောင်းလိုက်သွားတယ် ရစရာအကြွေး ၀င်ယူသွားလိုက်လို့ ပြောလို့ ၀င်လာတာကွ..” ”ဘာ..။ အဖေက ဘာကြွေးလဲ မသိဘူး... သူများဈေးရောင်းနေတာကို မဦးမချွတ် လျှောက်ပြောနေတယ် မသိဘူး သွားတော့” သန်းဦး စိတ်ဆိုးမာန်စိုးနဲ့ ရန်တွေ့လိုက်သည်။ ဟုတ်သည်လေ..။ တကယ်ဆို ကိုယ်က အိမ်မှာမဖြစ်လို့သာ ဈေးလိုက်ရောင်း ရတာ အပျိုပေါက်လေးပဲ ပွဲဈေးလျှောက်ရင်း ငေးချင်ပျော်ချင်တာပေါ့။ ခုတော့ ဈေးရောင်းသော ပိုက်ဆံကိုပါ သူ့အကြွေးဆပ် ပေးရဦးမည်တဲ့။ အဖေ့ကို သန်းဦး စိတ်နာချင်သွားသည်။

”ဟားဟားဟား  ဖိုးထွန်းလှ သမီးက အစွာပါ့ပဲဟ.. နောက်တာပါဟာ ဟိုဖက်က မယ်ရှန်တို့က ဖိုးထွန်းလှ သမီးပါလာတယ်ဆိုလို့ လာကြည့်တာဟ.. ဟေး ဟေး မလွယ်ဘူးကွ ကဲကဲ သွားပြီသွားပြီ အိမ်ပြန်ရောက် ရင်သာ ဂွေးပင်တောက ဖိုးစိန်တို့ ဘပေခွေးတို့ က မေးလိုက်တယ်လို့ ပြောလိုက် ကြားလား ဟား ဟား ဟား..” တစ်ဟားဟားရယ်ကာ ထွက်သွားသော ထိုလူနှစ်ယောက်ကို ကြည့်ကာ သန်းဦး ရင်မောသက်သာ သွားသည်။ ခုတင်က ဆို့နေသော အလုံးကြီး ပြုတ်ကျသွားသည်။ တော်ပါသေးရဲ့ ဟုညည်းရင်း ဖိနပ်လေး ခုကာ ထိုင်ချလိုက်သည်။

”မမသန်း မမသန်း..” နာမည်ကိုအော်ကာ အတင်းပြေးလာသော ဖိုးကြည်ကို မြင်ကာမှ နွေအေးချောင်း ၀ယ်ကျွေးမည်ဆိုသော စိတ်ကူးကို သတိရလိုက်သည်။ ”အေး နင်က ဘယ်သွားနေတာတုန်း မမသန်းက နွေအေးချောင်းဝယ်ကျွေးမလို့ဟာ...” ”တကယ်...” မေးခွန်းနဲ့အတူ လင်းလက်သွားသော မျက်လုံးလေး တွေကို ကြည့်ရင်း သန်းဦးပါ ပျော်သွားသည်။ ”လာသွားမယ် အရီးအုံးမှင်ရေ ကျွန်မဆိုင်လေး ကြည့်ပေးဦး” ဟုဆိုကာ မောင်ငယ်၏ လက်ကို ကိုင်ဆွဲထွက်သွားသော သန်းဦးရဲ့ ခြေလှမ်းတွေ သူရဲကောင်းတစ်ဦး အလားပါ။

ဖိုးကြည်အား နွေအေးချောင်းဝယ်ပေးထားခဲ့ကာ သန်းဦးဆိုင်ကို ပြန်လာသည်။ သို့သော် နေသာဝင်သွား သည် နောက်ထပ် မရောင်းရပါ။ ညဖက်ကျတော့ ပွဲခင်းထဲက အကြော်ဆိုင်လေးမှာ ထမင်းဆီဆမ်းနဲ့ အကြော်တစ်ခုစီစားပြီး ဇရပ်ပေါ်သို့ တက်လာခဲ့ကြသည်။ မောင်လေးကို အိပ်ယာခင်းပေးရင်း နေ့ခင်းက ပြဲသွားသော လုံချည်လေးအား ပြန်ဖာထေးနေလိုက်သည်။ မဖာလို့လည်း မရဘူးလေ။ အားလုံးပေါင်းမှ လုံကွင်းက သုံးကွင်းတည်း ပါခဲ့တာပ။

”အင်း.. ဟင်း.. ” မောင်ငယ်ဆီက ညည်းသံကြားလိုက်သည်။ အင်း သူခမျာလည်း ပွဲဈေးလိုက်လာပြီး ပင်ပန်းနေပြီ။ သူများကလေးတွေလို မကစားရဘူး။ ”အား ပူတယ် ပူတယ် မမသန်း ပူတယ်ဗျ” ညည်းနေရာမှ ထအော်သည်။ ”အင်း အင်း မမသန်း ယပ်ခတ်ပေးမယ်..” ပုဆိုးပိုင်းလေးနဲ့ ယပ်ခတ်ရင်း သန်းဦး ပြောလိုက် သည်။ ” ဟင့်အင်း မဟုတ်ဘူး ဟီး..အီး..” ဖိုးကြည်လေး ငိုပါလေတော့သည်။ ”ဒီလက်ကြီးက ပူနေတာဗျ” လက်ကိုထောင်ပြပြီး ပြောလေသည်။

”ဟင်.. ဘာဖြစ်ထားတာလဲ” သန်းဦး အံသြေထိတ်လန့်စွာပင် မေးလိုက်သည်။ ဟုတ်သည်လေ ဖိုးကြည်လက် က အဆမတန်ကို ယောင်ကိုင်းနေတာ။ နီရဲကာ ဖောင်းကားနေသည်။ ”နေ့ခင်းတုန်းက ကင်းခြေများ ထိုးထားတာ. ဟင့် ..” ငိုရှိုက်ကာ ပြောနေသော မောင်ငယ်ကို ကြည့်ရင်း သန်းဦး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ရသည်။ ”ငါ့နှယ် သေသာသေချင်တယ် ဖိုးကြည်ရယ် စောစောက ပြောပါ့လားဟဲ့ သူများမေးလို့ရတာပေါ့ ခုတော့ ငါလဲ ဘာမှမလုပ်တက်” သန်းဦး စိတ်ရှုပ်ထွေးပူပန်စွာ မောင်ငယ်ကို ငေါက်လိုက်သည်။ ပူလောင်မှုကို ခံစားနေတဲ့ကြားမှာ အစ်မက ငေါက်တော့ ဖိုးကြည် သာလို့ဝမ်းနည်းသွားတယ်ထင်ရဲ့ အော်ငိုလေတော့သည်။

ဇရပ်တစ်ခုတည်းမှာပဲ နေရာခွဲကာ အိပ်ကြတာမို့ အရီးအုံးမှင်နိုးကာ ရောက်လာသည်။ ”ဟဲ့ ဒီမောင်နှစ်မ ရန်မဖြစ်စဖူး ဖြစ်နေပါ့လား ဘာဖြစ်ကြတာတုန်း” ” ရန်ဖြစ်တာ မဟုတ်ဘူး အရီးရေ ကင်းခြေများထိုးထားတဲ့ လက်ကြီးက ယောင်လို့ ကျွန်မလဲ ဘာမှမလုပ်တက်ဘူး အရီးရဲ့ ” သန်းဦး ငိုသံပါကြီးနဲ့ ပြန်ပြောလိုက်သည်။ သန်းဦးတို့ မောင်နှစ်မနှစ်ယောက်ရဲ့ အသံတွေကြောင့် ဖရပ်ထဲက အခြားလူများပါ နိုးလာကြသည်။

”ကင်းခြေများထိုးရင် ထိုးတဲ့နေရာကို ခပြုတ်တင်ထားရတယ်ဟ” ကတ်ကြေးတို့ ဓါးတို့ အရောင်းလိုက်လာ သော ဖိုးသာဇံက ၀င်ပြောသည်။ ”ဟုတ်တယ် ဟုတ်တယ် ငါလဲ ကြားဖူးတယ် အဆိပ်တွေကို ခပြုတ်က စုပ်သွားတာတဲ့” ပဲကြားလှော်ရောင်းသော မလဲ့စိန်က ၀င်ပြောပါသည်။ ”ကဲ ဒါဆိုလဲ ဖားပြုတ်ကို လိုက်ရှာ ကြစို့” ဖိုးသာဇံ၏သား ကိုချစ်မင်းက ဆိုသည်။ သန်းဦးလဲ ဟိုလူပြောတာ ငေးလိုက်၊ ဒီလူပြောတာကြည့်လိုက် အော်ဟစ်ငိုကြွေးနေသော မောင်လေးကို ကြည့်လိုက်နှင့်ပင် ဗျာများနေတော့သည်။

ကိုချစ်မင်းစကားဆုံးသည်နှင့် ယောင်္ကျားသားအချို့ လက်နှိပ်မီးကိုယ်စီဆွဲကာ ခပြုတ်ရှာ ထွက်သွားကြလေ သည်။ ”လောလောဆယ် မန်ကျည်းစေ့လေး သွေးလိမ်းထားရအောင်စို့အေ” အရီးအုံးမှင်က ပြောပြောဆိုဆို ပင် ဇရပ်ကြမ်းတလင်းကို ရေလေးဆေးပြီး မန်ကျည်းစေ့ကို သွေးပါသည်။ ညည်းညူအော်ဟစ်နေသော မောင်လေးကို ဆေးလိမ်းပေးရင်း သန်းဦး မျက်ရည်ကျမိသည်။ ဖြစ်နိုင်ရင် သန်းဦး ချက်ချင်း လူကြီးတစ် ယောက်ဖြစ်ချင်ပါသည်။ အလုပ်တွေကို သိမ်းကြုံးလုပ်ကာ အိမ်အတွက် ၀င်ငွေရှာချင်ပါတော့သည်။ အခုလို နေထိုင်မကောင်းလို့မှ ဆေးခန်းမပြနိုင်တဲ့ဘ၀ကို သန်းဦး ထပ်မကြုံချင်ပါ။ ဒီလိုဖြစ်ရတာဟာ ပိုက်ဆံမရှိလို့ ဖြစ်တာပဲ..။ ငါ့မှာသာ ပိုက်ဆံရှိနေရင် ငါ့မောင်လေး အဲလိုမဖြစ်ဘူး..။ တွေးရင်းနဲ့ပင် သန်းဦး အံကိုကြိတ်မိ သည်။

အင်း ကင်းခြေများအထိုးခံရတဲ့ အကြောင်းကို သန်းဦး မသိသေးလို့သာပေါ့ သိများသိခဲ့ရင်တော့...........................။

ချစ်ခင်စွာဖြင့်
ရင်ငြိမ်းပန်း(ပခုက္ကူ)

No comments: