Pages

Wednesday, June 9, 2010

ကျွန်မ ရင်ဘတ်ထဲက မြန်မာအက္ခရာများ

မြန်မာအက္ခရာထဲမှာ ဗျည်း သုံးဆယ့်သုံးလုံး ရှိတယ်ဆိုပေမယ့် ကျွန်မရင်ဘတ်ထဲမှာတော့ မြန်မာအက္ခရာ လေးလုံးပဲ ရှိတယ်။ အက္ခရာစဉ်အလိုက် စီထားတာမဟုတ်ဘူး။ ရင်ဘတ်ထဲကို ၀င်လာတဲ့အချိန်အလိုက် စီထားတာလို့ ပြောရင် ရမယ်ထင်တယ်။ ဘယ်လိုပဲ စီထားထားပါ ကျွန်မရင်ဘတ်ထဲမှာ အက္ခရာလေးလုံး ရှိနေတာတော့ သေချာတယ်။

တ၀မ်းပူ
ကျွန်မရင်ဘတ်ထဲက ပထမဆုံး အက္ခရာ။
တိုမိုကိုလေး လို့ ခေါ်တဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော ညီမလေး။ ကျွန်မဘ၀ရဲ့ အရေးကြီးဆုံးသော လူတစ်ယောက်။ တွယ်တာစရာ ရှိတဲ့အထဲမှာမှ အတွယ်တာဆုံးသော အက္ခရာ။ ချစ်တယ်ဆိုသော သူတွေထက် ပိုချစ်ရသော သူ။ ကျွန်မဘ၀ရဲ့ အချိန်တော်တော်များများမှာ တ၀မ်းပူအတွက် စဉ်းစားရင်း ကြိုးစားရင်း ကုန်ဆုံးခဲ့ရတာ။ မိသားစုဆိုတာတောင် ဖေဖေနဲ့ မေမေထက် ပိုလို့ တွယ်နှောင်မိတဲ့ သူ။

ခခွေး
ကျွန်မရင်ဘတ်ထဲက ဒုတိယ အက္ခရာ။
ချိုကြီးလို့ ခေါ်တဲ့ ကျွန်မရဲ့ အစ်မအရင်းသဖွယ် ချစ်ခင်ရသော သူငယ်ချင်း။ ခိုကိုးရာမဲ့တိုင်း သူ့လက်ကို ဆွဲကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတဲ့အထိ စောင့်ရှောက်ပေးနိုင်သူ။ ကျွန်မ ပြုံးနေရင်တောင် နင် ဘာလို့ ငိုနေတာလဲ ဟု ဟိုးရင်ဘတ်ထဲထိ လိုက်ကြည့်ငေး မေးတတ်သူ။ ကျွန်မ ကိုယ်တိုင် မသိတဲ့ ကျွန်မရဲ့ ခံစားမှုတွေကို အလိုလို သိရှိနားလည်သူ။

နငယ်
ကျွန်မရင်ဘတ်ထဲက တတိယ အက္ခရာ။
နော်ကို လို့ခေါ်တဲ့ ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်း။ ကျွန်မဘ၀ရဲ့ နေ၀င်ချိန်လို့ ပြောရမယ့် လဲပြိုချိန်၊ ကျဆုံးချိန်၊ နစ်မွန်းချိန်တွေမှာ ပြစ်တင်စကားသော်လည်းကောင်း၊ ဝေဖန်စကားသော်လည်းကောင်း အားပေးစကားသော် လည်းကောင်း တစ်ခွန်းမျှ မဆိုပဲ တိက်ဆိတ်စွာ နေပေးခြင်းဖြင့် ကျွန်မကို အားအင်ဖြည့်တင်းပေးသောသူ။ အတိက်နေ့ရက်တွေမှာ နငယ်သာ ကျွန်မဖက်က မရပ်တည်ခဲ့ဖူးဆိုရင် အခုလို ကျွန်မ စာရေးနေနိုင်ပါ့မလားဆိုတာ သံသယ၀င်မိတဲ့အထိ ကျွန်မအပေါ်မှာ သက်ရောက်မှုများသူ။

ဇကွဲ
ကျွန်မရင်ဘတ်ထဲက စတုတ္ထ အက္ခရာ။
ကျွန်မဘ၀တစ်သက်လုံးစာအတွက် ဝေဒနာ၊ သေရာပါမယ့်အထိ စူးနစ်လွန်းတဲ့ ကျွန်မရဲ့ ဒဏ်ရာ။ ဖျော့ဖျတ်လို့ မရနိုင်တဲ့ ကျွန်မရဲ့ မှတ်ညဏ်၊ ချန်ထားလို့ မရနိုင်တဲ့ ကျွန်မဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း။ ပျော်စေလိုလဲ သူ၊ ငိုစေလိုလဲ သူ၊ ခံစားချက်အားလုံးကို သိမ်းပိုက်ထားသောသူ။

ဘယ်လိုဖြစ်စဉ်မျိုးပဲ ဖြစ်လာလာ၊ ဘယ်လိုအကြောင်းရင်းမျိုးပဲ ရှိလာလာ ကျွန်မရင်ဘတ်ထဲက ဒီအက္ခရာလေးလုံးကတော့ လျော့သွားလိမ့်မယ် မဟုတ်ဘူး။ ကျန်နေသေးတဲ့ ဘ၀ရဲ့ ခရီးစဉ်မှာ ဒီအက္ခရာတွေရဲ့ ကူညီလမ်းပြမှုနဲ့ ဆက်လျှောက်သွားမှာမို့ ကျွန်မဘ၀ရဲ့ မှတ်တိုင်တွေလို့ပဲ ဆိုကြပါစို့ရှင်။

No comments: