Pages

Wednesday, June 2, 2010

ကျွန်မ၏ မြို့ကလေး

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟုသော စကားပုံကို လက်ခံလိုက်နာခြင်း မဟုတ်ပဲ မိမိ အလိုရှိရာ နည်းပညာနှင့် အတက်ပညာများ ပေါင်းစုဆုံရာ မြို့ကြီးတစ်မြို့ဆီသို့ ကူးပြောင်းခြင်းနှင့် ဇာတိချက်ကို မြုပ်ရာ မြို့ကလေးက ထွက်ခွာခြင်းဖြင့် မြို့ပြစီးဆင်းမှုထဲ လေးနှစ်တာ ကြာအောင် ကျွန်မ စီးမျောခဲ့သည်။ ထိုလေးနှစ်အတွင်း အလိုရှိသော နည်းပညာ၊ အတက်ပညာများအပြင် လက်ခံရရှိရန် ဆန္ဒမရှိခဲ့သော  စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာပေါင်းများစွာ ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ မြို့ကြီးပြကြီးတွေရဲ့ တိုးတက်မှု အရေခွံအောက်က ဆုတ်ယုတ်နေသော ယိုယွင်းနေသော စာရိတ္တတွေ၊ ကိုယ်ကျင့်သိက္ခာတွေ၊ ဟန်ဆောင်လိမ်ညာမှုတွေ၊ အပေါ်ယံ သဘောထားကြီးမှုတွေကြားထဲမှာ ပွင့်လင်းပြီး အရှိအတိုင်း ပြောတတ်သူ ကျွန်မ လူးလိမ့်နေအောင် အနှယ်ခံခဲ့ရသည်။ ထို့သို့ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ ခေတ်မှီတဲ့ နည်းပညာ တွေ မပြည့်စုံသော်ငြားလည်း နဂိုရည်အတိုင်း မာန်မာနမထားတတ်တဲ့ မြို့ကလေးကို ကျွန်မ ပြင်းပြင်းရှရှ သတိရမိလာသည်။ ထိုသို့သောအခါ အလဲလဲအဖယ်ဖယ် တပ်ဆင်ထားခဲ့သော မျက်နှာဖုံးတို့ကို ခွာချထားလျှက် မြို့ကလေးဆီသို့ အစောတလျင် ထွက်ခွာလာခဲ့သည်။

အလိုရမ္မက်ကြီးမားစွာ သူ့အား စွန့်ပစ်ထားခဲ့သော ကျွန်မကို အပြစ်တင်ငြူစူခြင်း အလျင်းမရှိပဲ မြို့ကလေးက နွေးထွေးစွာကြိုဆိုခဲ့သည်။ သူ၏ သဘောထားကြီးမှုအောက်မှာ ကျွန်မ ရှက်ရွံ့ဖို့ သတိမရလောက်အောင်ပင် မြို့ကလေးက နူးညံ့သည်၊ တင်းအိသည်။ သူ့ရင်ခွင်မှာ ပန်းလှလှတွေ ဝေဆာမနေပါ သို့သော် မြို့ကလေးမှာ နှစ်သက်ဖွယ်ရနံ့တွေ ၀န်းရံလျှက်။ ဧရာဝတီရဲ့ အနောက်ဖက်ကမ်းမှာ မေးတင်ထားတဲ့ မြို့ကလေးက နှင်းဆီတစ်ပွင့်သဖွယ် အစွမ်းကုန်ပွင့်လန်းဖို့ ရဲတင်းစွာ နီစွေးလျှက်၊ ကလေးငယ်တစ်ဦးသဖွယ် ပွင့်လင်းလွတ်လပ်စွာ ရယ်မောမှု ပျော်ရွှင်မှုတွေနဲ့ ကခုန်လျှက်၊ မြီးကောင်ပေါက်မလေးသဖွယ် ပိုင်ဆိုင်ထားသော အလှတရားတို့ကို မ၀ံ့ရဲရဲ ဖော်ပြလျှက်၊ တစ်ခါတစ်လေမှာတော့ ဖွံဖြိုးစ လူငယ်တစ်ယောက်လို စူးစမ်းချင်တဲ့ စိတ်နဲ့ အရာရာကို ပုန်ကန်လျှက်၊ ပညာရည်ပြည့်ဝပြီးသော သက်ကြီးပုဂ္ဂိုလ်တစ်ယောက်လို အိနြေ္ဒအပြည့်နဲ့ တည်ငြိမ်လျှက်။



ကာလအတန်ကြာစွာ ဝေးကွာခဲ့ရသော အရုပ်ကလေးတစ်ရုပ်ကို ပြန်တွေ့လိုက်ရသလို မြို့ကလေးကို ကျွန်မ အနည်းငယ်တွန့်ဆုတ်စွာ တို့ထိကြည့်လိုက်သည်။ တခြားသောမြို့သူမြို့သားတို့ နောက်ပြောင်သော စာချိုးနှင့် ညီစွာ သူ့မျက်နှာပေါ်မှ ဖုန်မှုန့်တို့၏ ကြမ်းရှရှ အထိအတွေ့ကို ခံစားရသည်။ ရုတ်တရက် ဝှေ့တိုက်လိုက်သော လေပူပူခပ်ပြင်းပြင်း တစ်ချက်က ဒါဟာ မြို့ကလေးပါပဲလို့ သက်သေပြလိုက်သည်လား သို့မဟုတ် မြို့ကလေးနှင့် ကျွန်မသည် သူစိမ်းတွေ မဟုတ်ပါဘူးလို့ ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်လား။ ပြန်တွေ့ခါစ ခပ်စိမ်းစိမ်းဖြစ်နေသော ကျွန်မ အနည်းငယ်ရဲတင်းလာကာ မြို့ကလေးကို ပွေ့ဖက်ရန် ကြိုးစားလိုက်သည်။ ထိုအခါမှပင် သူသည် ခိုးခိုးခစ်ခစ် မည်သည့်အထိ ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ ကျွန်မသည် ဤကဲ့သို့ စီးပိုင်သော ဖော်ရွေမှုတွေ ကြပ်သိပ်နေတဲ့ မြို့ကလေးကို စူးနင့်စွာပင် ချစ်ခင်သွားလေသည်။

မြို့ကလေး၏ အတွင်းမှာ သွေးကြောတွေလို စီးဆင်းနေတဲ့ လမ်းမတွေ၊ လမ်းမြောင်တွေ၊ လမ်းကြားတွေဟာ မြို့တော်ကြီးတွေမှာလို ကောင်းမွန်ပြည့်စုံမှု မရှိပဲ ပေါက်ပြဲ၊ ချိုင့်ခွက်နေသော်လည်း သူရဲ့ နွေးထွေးမှုကြောင့် ခွက်နေအောင်ပြုံးထားသည်ပဲ ထင်ရသည်။ စာဆိုတော်တန်းမှီအောင် မလှပပေမယ့် မြို့ကလေးက ယဉ်သည်။ တွေ့သမျှလူတိုင်းက လမ်းညွှန်ပြဖို့ ၀န်မလေးကြဘူး၊ လိုအပ်ရင် အိမ်တိုင်ယာရောက် ပို့ပေးကြဖို့ မတွန့်တိုကြဘူး ဆိုသည်ကပင် သူ့ကိုယ်ပိုင် အမှတ်တံဆိပ်အဖြစ် ၀ံ့ကြွားသည်။ အလယ်ပိုင်း၊ မိုးနည်းရပ်ဝန်းဒေသမှာ တည်ရှိတဲ့ မြို့ကလေးမို့ ပူပြင်းပါသည်။ သို့သော် သူ့ရင်မြေတွင် အေးမြသောအရိပ်ကို ပေးစွမ်းသည့် ကုက္ကိုလ်၊ ထနှောင်း၊ မန်ကျည်း၊ တမာတို့ နေရာမလှပ် ကြဲပက်ထားသည့်မို့ နေထိုင်ရသည်မှာ အဆင်ပြေသည်။ နေပူ၍ ဖုန်ထူသော ထို့မြို့ကလေးအား အချုပ်တန်းဆရာဖေ ရောက်ဖူးမသွားသည်မှာ သေချာသည်။ ထို့ကြောင့်ပင်လျှင် မန္တလေးဆောင်းအား စာဖွဲ့သွားခြင်း ဖြစ်သည်ဟု ကျွန်မတို့ သူငယ်ချင်းချင်း ကျီစယ်ကြရလောက်အောင်ပင် မြို့ကလေးက ချမ်းအေးသည်။

မြို့ကလေးဆိုပေမယ့် ဒေသတွင်းကုန်စည်စီးဆင်းရာ ဦးဆောင်မြို့လေးဖြစ်သည်။ ကောက်ပဲသီးနှံပေါများမှုမှာ လမ်းတစ်လမ်း ပွဲရုံတစ်ရုံရှိ သည့်အထိပင် ဖြစ်သည်။ ပဲမျိုးစုံ၊ ကြက်သွန်၊ ထန်းလျက်တို့သည် မြို့ကလေး၏ ကြွယ်ဝမှု ဖြစ်သည်။ ကမ္ဘာတလွှားအထိ နာမည်ကျော်သော ဘုရားတံကဲတော်အတွက် မြို့ကလေးက ဂုဏ်ယူသည်။ များပြားလှသော ဘုန်းတော်ကြီးစာသင်တိုက်များအတွက် မြို့ကလေးက ၀မ်းမြောက်သည်။ ရိုးရာမပျက် ကျင်းပကြသော ဆယ့်နှစ်လရာသီပွဲတော်များနှင့် မြို့ကလေးက ဝေစည်သည်။ သူရင်ခွင်ထဲကနေ ပေါက်ဖွားလာတဲ့ စာပေအနုပညာရှင်ပေါင်း မြောက်များစွာအတွက် သူ ၀ံ့ကြွားသည်။

မြန်မာနိုင်ငံ မြေပုံပေါ်တွင် အရှေ့နှင့် အနောက် အလယ်တစ်မျဉ်း၊ တောင်နှင့်မြောက် အလယ်တစ်မျဉ်း ဆွဲသားကာ ထပ်တူကျရာ ဆုံမှတ်၌တည်ရှိသော မြို့ကလေးကို ကျွန်မ တွယ်တာသွားပြီ ဖြစ်သည်။

မြို့ကလေးသို့ ရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် ကျွန်မ၏ ဝေဒနာများ သိသိသာသာ လျော့ကျလာသည်ကို ကြည့်ခြင်းအားဖြင့် မြို့တော်ကြီးတွင် နေထိုင်စဉ်က ခံစားရသော အလိုမကျမှုများမှာ မြို့ကလေးကို လွမ်းဆွတ်နေခြင်းကြောင့်သာ ဖြစ်မည်ဟု ကျွန်မ ကောက်ချက်ချမိသည်။ ရုပ်ဝထ္တုတို့၏ နောက်သို့ တကောက်ကောက်လိုက်ပါနေသော ကျွန်မ၏ မသိစိတ်ထဲတွင် ကျွန်မကိုယ်၌ကပင် မက်မောတွယ်တာမှု မရှိဟု ထင်မှတ်ထားခဲ့မိသော မြို့ကလေးမှာ အတော်ပင် ခိုင်ခိုင်မာမာ နေရာယူလျှက် ရှိသည်ဟု ကျွန်မ ခံစားသိရှိလိုက်သည်။ ကျွန်မ၏ စိတ်အလိုဆန္ဒနှင့် ဘ၀၏ လိုအပ်ချက်များအရ မြို့ကလေးကို စွန့်ခွာသွားရဦးမည် ဆိုလျှင်လည်း ကျွန်မ၏ ရင်တွင်းနှလုံးသားဝယ် မြို့ကလေးကတော့ တည်ရှိနေဦးမည်သာ ဖြစ်ပေတော့သည်။ 

1 comment:

မောင်ဘကြိုင် said...

အဲဒီမြို့လေးကို ရောက်ဖူးတယ်း)
နောက်တခေါက်သွားလည်ချင်သေးတယ်
ချစ်သော တဝမ်းပူက ဘူတုန်း ချစ်ချာလေးတော့