Pages

Wednesday, June 9, 2010

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း - 3 -


နန်း ဂုဏ်ထူးတန်းအရောက်မှာပဲ တ၀မ်းပူက ပထမနှစ် စတက်ရတယ်။ မန္တလေးမြို့ရဲ့ မိန်းမလှကျွန်းလို့ သတ်မှတ်ရလောက်အောင် မိန်းကလေးကျောင်းသူများ ကြီးစိုးရာ M.U.F.L။ နန်း တစ်ခေါက်တစ်ခါမှ မရောက်ဖူးတဲ့ ကျောင်းဖြစ်ပေမယ့် ရှစ်တန်းကျောင်းသူ ဘ၀ကတည်းက ယူလာခဲ့တဲ့ ကျောင်းအပ်တာဝန်ကို နန်းပဲ ဆက်လက်ထမ်းဆောင်ရတာလေ။



မြေညီထပ်က ကျောင်းသားရေးရာမှာ ဖောင်ဝယ်ဖြည့်၊ ပထမထပ်က ငွေစာရင်းဌာနမှာ ငွေသွင်း၊ ဒုတိယထပ်က ဂျပန်ဘာသာ ဌာနမှာ လက်မှတ်ထိုး..။ သုံးထပ်ကို လူးလာခေါက်ပြန်လုပ်ရင်း ကျောင်းအပ်ပြီးသွားတော့ “အငယ်လေးရေ ဒါက မေဂျာသင်ရမယ့် အခန်း၊ ဒါက မိုင်နာအခန်း၊ မိုင်နာကျရင် ဘာသာစုံကျောင်းသားတွေ လာတက်မှာနော်၊ ဒါကတော့ LAB ခန်း” ဆိုပြီး တစ်ခန်းချင်း စီ နေရာလိုက်ပြပေးနေတဲ့ နန်းကို တ၀မ်းပူလေး ပြောလိုက်တာက.........။ “မကြီး Toilet က ဘယ်နားမှာလဲ ပြပေးခဲ့ဦး” တဲ့။ အဲလို အစ်မကို နေရာတကာ အားကိုးတတ်တဲ့ တ၀မ်းပူ။



မိန်းထဲက တိုက်အမှတ် 22 မှာ အဆောင်သာ ထားခဲ့ရတာ ကလေးကို စိတ်မချဘူး။ အိမ်မှာ ဘာမှမလုပ်ဖူးတဲ့ ကလေးဆိုတော့ လေ။ နေ့တိုင်း ဖုန်းဆက်၊ တစ်ပါတ်တစ်ခါ စားစရာပို့။ တစ်လတစ်ခါ လွှဲတဲ့ငွေတောင် ဘဏ်သွားမထုတ်တတ်လို့ ဦးလေးကနေ တဆင့် လွှဲပို့ပေးရတာလေ။ အဲ...။ ပထမနှစ်ပြီးလို့ ပြန်သွားကြိုတော့ ဖေဖေ့မိတ်ဆွေတစ်ယောက်ရဲ့ သားက ကားမောင်းပို့ပေးတာ။ အဲ့အစ်ကိုကြီးက တိုးတိုးလေး လာကပ်ပြောတယ်။ “အကြီးမ.. နင့်ညီမ ခြင်းထဲမှာ ဖဲထုပ်တွေ တွေ့တယ်” တဲ့။ စိတ်ပူပြီး မေးကြည့် တော့ အဆောင်က အစ်မကြီးတွေနဲ့ စက္ကူပိုက်ဆံကြေး ကစားတာတဲ့။ ဖဲချိုးတာများ တော်ရုံဖဲသမားတောင် သူလို လှအောင် မချိုးတတ်ဘူး။ အဲလို တ၀မ်းပူ။



နေ့လည်စာ ထမင်းသွားစားမယ်.. ဘယ်ဆိုင်ကောင်းလဲဆိုတော့.. “ ညီမလေးက ပုံစားဆိုင်ပဲ သိတာ” တဲ့။ မန်းလေးမှာက ထမင်း ပေါ်မှာ အသားနှစ်မျိုး၊ အရွက်နှစ်မျိုး ဟင်းတွေကို ပုံပေးပြီး ရှမ်းထမင်းဆိုပြီး ရောင်းကြ၊ စားကြတာလေ။ အစ်ကိုကြီးက ငါ ပုံစား တော့ မစားနိုင်ဘူး လို့ ပြောပြီး ဖရန့် လဖက်ရည်ဆိုင်ကို မောင်းတယ်။ အဲ့ဒီမှာ တ၀မ်းပူလေး မှာစားတာက ကြက်ကီးမား။ ကီးမား ကို ခက်ရင်းနဲ့ ဖြဲပြီး တစ်ဇွန်းစာ ပါးစပ်ထဲ သူထည့်လိုက်တယ်။ နန်း ကြည့်နေတယ်။ မျက်နှာက ရဲလာပြီး မျက်ရည်တွေ ၀ဲလို့။ “ အငယ်လေး ထွေးလိုက်လေ.. ပူသေးတယ်မလား” ပြောတယ်။ ဆိုင်ထဲမှာဆိုတော့ ရှက်ရှက်နဲ့ မထွေးပဲ ဒီတိုင်း ကြိတ်ခံနေတာ အာခေါင်တွေ အပူလောင်သွားတယ်။ အဲလို တ၀မ်းပူ။



သူတို့ နိုင်ငံခြားဘာသာတက္ကသိုလ်က ပွဲတော်တော်များတဲ့ ကျောင်း။ လစဉ်လတိုင်း ပွဲတစ်ခုမဟုတ် တစ်ခု ရှိနေတာလေ။ လေမှုတ် ပိန်ပေါင် ပြိုင်ပွဲ၊ ထမင်းနှဲထိုးပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ မော်ဒယ်လ်ရှိုး၊ ခြင်းခတ်၊ သစ်ပင်စိုက်၊ ဘယ်တော့မှ မရိုးဘူး။ တစ်ရက် .. တ၀မ်းပူလေးက ပြောလာတယ်။ “မကြီး.. ညီမလေး လမ်းလျှောက်ပြိုင်ပွဲ ၀င်မလို့ ဖိနပ်ဝယ်ပေးပါ”တဲ့။ နန်း ညီမလေး က အားကစား စိတ်ဝင်စားသားပဲပေါ့..။ ဖိနပ်ဆိုင် သုံးနေရာလောက် ပြောင်းပြီး သူ့စိတ်ကြိုက် ဖိနပ်ကို ၀ယ်ပေးလိုက်တာပေါ့။ ပြိုင်ပွဲက ပြန်လာရင် အဆင်သင့်စားဖို့ သူကြိုက်တတ်တာလေးတွေ ၀ယ်ပြီး နန်းက စောင့်နေတာ။



ပြန်လာတော့ စူပုတ်စူပုတ်နဲ့...။ အခြေအနေ ဘယ်လိုလဲဆိုတော့ မဖြေဘူး။ ကိုရီးယားဘာသာက သူ့သူငယ်ချင်းလေးက ၀င်ဖြေ တယ်.။ နောက်ကရေရင် ဒုတိယတဲ့။ နန်းတို့ အတူတူနေတဲ့ မေကျော်အပါအ၀င် သူငယ်ချင်းတွေ အကုန်ရယ်ကြပါလေရော။ စိတ်ကောက်ပြီး အပေါ်ထပ်ကို ခြေဆောင့်တက်သွားတယ်။ သူ့သူငယ်ချင်းမလေးက ဆက်ပြောတယ်။ “ဒါတောင် နောက်ဆုံး တစ်ယောက်က ခဏထိုင်နားလိုက်လို့ သူ့နောက် ရောက်သွားတာ”တဲ့။ သူ ရှီဆူအိုကာ မှာ ကျောင်းဆက်တက်မယ်ဆိုတော့.. ဖေဖေက ပြောတယ် နိုင်ငံခြားက ကျောင်းတွေမှာ အားကစားပါ ထူးချွန်ရတယ်တဲ့ သမီးငယ် ဘာကစားတတ်လဲတဲ့။ သူက ဖြေတယ် “ဖဲ”တဲ့။ အဲလို အားကစား ထူးချွန်တဲ့ တ၀မ်းပူ။

1 comment:

nobelmine said...

ညီမလေးနှစ်ယောက် ဒီထက်ချစ်နိုင်ကြပါစေလို့
ကိုကြီးဆုတောင်းပေးနေပါတယ်