Pages

Monday, May 31, 2010

အွန်လိုင်းပေါ်မှ ချစ်ပုံပြင်

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ တစ်ချက်ချင်းပေါ်လာတဲ့ စာသားတွေကို ကြည့်ရင်း နန်း လက်ဖျားတွေ အေးစက်လာ တယ်။ မျက်နှာပေါ်က အပြုံးတို့ တဖြည်းဖြည်းချင်း လွှင့်စင်ကာ မျက်လုံးတွေေ၀၀ါးလာတယ်။ တဆက်ဆက် တုန်နေတဲ့ နှုတ်ခမ်းဆီက ဘာသံမှ ထွက်မလာပေမယ့် သိသာထင်ရှားလောက်အောင် နန်း ရုပ်ပျက်နေပြီ...။ မေးလ်ထဲက စာတွေကို အလွတ်မပေးပဲ အတင်းကြည့်နေပေမယ့် ဘာကိုမှ မမြင်နိုင်အောင် ဖြစ်နေပြီ။

”ဟင့်အင်း... မဟုတ်ဘူး ဟင့်အင်း မဖြစ်နိုင်ဘူး... ”
ဆိုတဲ့စကားကို စိတ်ထဲက အခါခါ ရွတ်ဆိုရင်းနဲ့ ကီးဘုတ်ပေါ် မျက်နှာအပ်ကာ အသံမထွက်ပဲ တသိမ့်သိမ့်တုန်သည် အထိ နန်း ငိုမိသည်။ ဘေးဘီမှာ ဘယ်သူရှိနေမလဲ.. ။ ဘယ်သူတွေ နန်းကို ကြည့်နေမလဲ နန်းမသိတော့ဘူး။ နန်း ရင်ထဲမှာ ၀မ်းနည်းနာကျင် နှမြောတသမှုတွေပဲ ရှိတယ်။ ဘာကိုမှ နန်းသတိမထားနိုင်တော့ဘူး။ နန်း တကယ်ကို ခံစားကြေကွဲရပါတယ် စိုင်းရယ်။

စိုင်း.........။


တစ်ကြိမ်တစ်ခါ အသည်းကွဲဖူးလို့ အချစ်ဆိုတာကို လက်ရှောင်နေခဲ့သော နန်း...။ ပြင်ပလောကကို အဆက်အသွယ် ဖြတ်ကာ စာအုပ်ပုံကြားမှာပဲ ငြိမ်းအေးစွာ ဖြတ်သန်းလာခဲ့သော နန်း... ရဲ့ ဘ၀ထဲကို စိုင်းဟာ နှုတ်ဆက်စကားအချို့နဲ့ပဲ ၀င်ရောက်လာခဲ့တာ။ အွန်လိုင်းပေါ်က အချစ်ကို အယုံအကြည်ကင်းမဲ့ကာ ချစ်သည်ဆိုသူတို့ကို အထင်သေးခဲ့ဖူးသော နန်းအား အွန်လိုင်းအချစ်ကို ယုံကြည်သက်ဝင်လာအောင် စိုင်းပဲ ဖန်တီးပေးခဲ့တာ။

နန်းနဲ့စိုင်းက စဆုံစဉ်ကတည်းက မျက်ရည်တွေနဲ့ ဆိုတာ နန်း မှတ်မိသေးတယ်။ အဲဒီနေ့က..........။ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့်ပုံစံ တင်ဖို့နောက်ကျသွားလို့ ညီမလေးကို ပြောပြရင်း နန်း ငိုနေခဲ့တာ။ ဘယ်အချိန် Invite လုပ်ထားလို့ ဘယ်တုန်းက Accept လုပ်ထားမိမှန်း မသိတဲ့ စိုင်းရဲ့ နစ်ကနေ “ဟိုင်း” လို့ စနှုတ်ဆက်ခဲ့တယ်။

နန်းမသိတဲ့နစ်တွေဆို စကားပြောခဲတဲ့ နန်းလေ.. ညစ်နေတဲ့ စိတ်တွေကိုပဲ ထွက်ပေါက်ပေးမိတာလား။ ဒါမှမဟုတ် စိုင်းနဲ့ဆုံဖို့ပဲ ဖန်လာတာလား မသိဘူး..
”မဟိုင်းသေးပါဘူးဟာ
အသက်ကြီးလို့မှ စိတ်ညစ်နေပါတယ်ဆို နင်ကလဲ”
နှစ်ဆယ့်လေးနှစ်ဆိုသော အသက်ကို ကြီးပြီဟုထင်ကာ တကယ်တမ်း မရင့်ကျက်သေးသော နန်းက ပြန်ပြောခဲ့တယ်။ ဒီလို မျက်ရည်တွေနဲ့သာ အဆုံးသပ်ရမယ်ဆိုတာ ကြိုသိခဲ့ရင် နန်း ပြန်မပြောခဲ့ပါဘူးကွယ်။

ဖြစ်ပြီးသား အဖြစ်က ပြောင်းလဲယူလို့ မရသလို ချစ်ပြီးသား အချစ်ကိုလဲ ပြန်နှုတ်ယူလို့ မရဘူး စိုင်းရယ်။ စိတ်ညစ်နေတဲ့ နန်းကို အားပေးစကားတွေ ပြောရင်း ရင်းနှီးမှုရယူခဲ့တဲ့ စိုင်းရဲ့ ရည်ရွယ်ချက်ကိုလဲ နန်းက သံသယမှ မရှိပဲလေ။ လူတိုင်းကို ကိုယ်လို ရိုးသားလိမ့်မယ်လို့ ဘာလို့များ ရူးရူးမိုက်မိုက် တွေးရတာလဲလို့ နန်းကို မေမေက အမြဲမေးခဲ့သလိုပဲ နန်းက စိုင်းကို နန်းလိုပဲ ထင်ခဲ့တယ်။ ဒါပေမယ့်လည်းကွယ် လက်ခုပ်သံဆိုတာ နှစ်ဖက်တီးမှ မြည်တဲ့အရာမျိုးမလား။ စိုင်းဆွဲခေါ်တဲ့ နယ်မြေသစ်ဆီကို နန်းမျက်စိလည် လမ်းမှားခဲ့တာမှ မဟုတ်တာလေ။ အယုံလွယ်တဲ့ နန်းက သေဖူးတာ တောင် ပျဉ်ဖိုးကိုနားမလည်ပဲ ထပ်တစ်ကြိမ် သေဖို့ခုန်ချခဲ့သူတစ်ဦးပဲပေါ့။ စိုင်း အားထုတ်ကြိုးပမ်းဖို့မလိုလောက်အောင် ကို နန်းက ယုံလွယ်ခဲ့တာ။

စကားလေးတွေ ပြောရင်း၊ စာလေးတွေ ရေးရင်း၊ တွယ်လာတဲ့ သံယောဇဉ်က တော်တော်လေး ခိုင်မာလာခဲ့ပြီ။ နန်းအသက်ထက် ငါးနှစ်ငယ်တဲ့ စိုင်းကို ကလေးလို့ပြောရင် မကြိုက်တာဟာ ယောင်္ကျားလေး ဗီဇပဲလို့ နန်းက ထင်ခဲ့တာလေ။ ချိန်းထားတဲ့အချိန်ကို နောက်ကျနေခဲ့ရင်လည်း ရှမ်းဓါးသိုင်းကို သင်နေတာဆိုတဲ့ ဆင်ခြေလေးနဲ့ နန်းက ကျေနပ်နေခဲ့တာ။ စိုင်းအကြောင်းကို နာမည်ကလွဲရင် ဘာတစ်ခုမှ မသိပဲနဲ့ ချစ်ခဲ့မိတာဟာ မိုက်ရူးရဲဆန်တယ်လို့ ပြောလို့ရပေမယ့် ဖြူစင်တယ်လို့ နန်းက ခံစားခဲ့တာ။

လူမှုရေးဘာသာရပ်မှာ ဂုဏ်ထူးရထားပေမယ့် လူမှုဆက်ဆံရေးဘာသာရပ်နဲ့ လူကဲခပ်ပညာဆိုတာ နန်း ညံ့ဖျင်းပါတယ် စိုင်းရယ်။ အထူးသဖြင့် အချစ်ရေးမှာ ကျရုံးခဲ့သူ တစ်ဦးပါ။ ဒီလောက် လွယ်လွယ်ကူကူနဲ့ ပျော်ဝင်သွားခဲ့တာကလည်း နန်းရဲ့ ပြစ်ချက်တစ်ခုပဲပေါ့။ အဲ...။ အချစ်ဆိုတာ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်ပေါက်ဖွားတက်သလားဆိုတာကိုလည်း နန်းသံသယ ရှိခဲ့တယ်။ စိုင်းနဲ့ တွေ့တဲ့အချိန်မှာ နန်းကို ထားသွားခဲ့တဲ့ ချစ်ဦးသူကို နန်းမမေ့နိုင်သေးဘူးလေ။

“စိုင်း နားလည်ပါတယ်။ သူ့ကို သတိရတိုင်း စိုင်းကိုပါ သတိရပေး ဒါဆို ကျေနပ်တယ်..” စိုင်းပြောခဲ့တဲ့ ဒီစကားကို နန်းက ကြည်နူးခဲ့တာ။ သူ့ကိုလွမ်းလို့ နန်း ငိုမိတဲ့အချိန်တိုင်း စိုင်းက ဖျောင်းဖျပြီး ချော့မော့ခဲ့တာ။

“နန်းကလေ စိတ်ညစ်နေရင် တစ်ယောက်တည်း ဒိန်ချဉ်သွားသောက်တက်တယ်...”
“ဒီတစ်ခါ စိုင်းပါ လိုက်မှာပေါ့...”
“ငိုချင်တဲ့အခါ ဆီချက်ခေါက်ဆွဲ သွားစားတတ်တယ်. ခေါင်းကို ငုံ့ပြီး စားလိုက် ငိုလိုက်နဲ့ တစ်ပွဲလည်းကုန်ရော
ငို့လို့လည်း ပြီးရော...”
“ဒီတစ်ခါ စိုင်းပုခုံးပေါ်မှာ ငိုပေါ့..”
“စိတ်တိုတဲ့အခါ အနားရှိတဲ့လူကို ကိုက်ဆွဲပစ်တထ်တယ်...”
“စိုင်း လက်သေချာဆေးထားမှာပေါ့..”
“စိတ်ထဲမှာ သိပ်မွန်းကြပ်လာတဲ့အခါ မြစ်လယ်က သစ်ပင်ကြီးကို သွားစကားပြောတက်တယ်”
“ခုကစပြီး စိုင်း သစ်ပင်ကြီး ဖြစ်သွားပြီ.. နန်းနဲ့ စိုင်းက အင်တာနက်ချစ်သူ မဟုတ်ဘူးနော် တကယ့်ချစ်သူတွေ”

အင်း....။ စိုင်း ဒီလောက်အပြောကောင်းမှတော့ နန်း ပျော်ဝင်တာ မဆန်းဘူးထင်ပါတယ်နော်။ ဒါပေမယ့်လေ နန်းက လည်သလိုလိုနဲ့ သိပ်အတာ။ နန်းထက် သုံးနှစ်ငယ်တဲ့ ညီမလေးက နန်းကို အမြဲ သတိပေးရတယ်။ “မမကြီး အွန်လိုင်းမှာ အမှန်အတိုင်း ပြောတာ နင်တစ်ယောက်ပဲ ရှိတာ.. ဟိုက နင့်ကို ရောင်းစားသွားမယ်” တဲ့။ အဲလိုသတိပေးတဲ့ ကြားကနေ စိုင်းကို နန်းအကြောင်းတွေ အမှန်အတိုင်း ပြောလိုက်တယ်။ နန်းကတော့ လိမ်ထားစရာအကြောင်းမရှိဘူး ထင်တာကိုး။ အွန်လိုင်းပေါ်မှာ လူမမြင်ရရုံနဲ့ ကိုယ့်အကြောင်းကို ထိန်ချန်ထားစရာ မဟုတ်ဘူးလို့ နန်းက ယူဆတာကိုး။

နန်းရဲ့ ဘိုင်အိုဂရပ်ဖီအကုန် အပြင်၊ နန်းမိဘရဲ့ လုပ်ငန်းတွေကိုပါ ပြောလိုက်တယ်လေ စိုင်းရယ်။ ဒါဟာ နန်းရဲ့ ရိုးသား မှုကို ဖော်ပြခြင်းပါပဲ။ အွန်လိုင်းကနေ တွေ့ခဲ့တယ်ဆိုပေမယ့် နန်းက ရင်နဲ့ ရင်းပြီး ခံစားလိုက်တာပါ စိုင်း။ နန်းရဲ့ ချစ်ဦးသူ နဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီးမှ တခြားတစ်ယောက်ကို လက်ထပ်သွားခဲ့လို့ ကျန်ရစ်ဖြစ်ရတဲ့ အကြောင်းပါမကျန် နန်းက အရှိအတိုင်း ဖွင့်ချပြခဲ့တာ။ ယုတ်စွအဆုံး စိုင်းဟာ နန်းရဲ့ ဓါတ်ပုံကိုလည်း မြင်ဖူးပြီးသား၊ နန်းရဲ့ အကြောင်း အားလုံးကိုလည်း သိထားပြီးသားလေ။ နန်းက စိုင်းဆိုတာကို စိုင်းခွန်နောင်ဆိုတဲ့ နာမည်နဲ့ ကျောက်မဲမြို့က အီးမေဂျာနဲ့ ကျောင်းပြီးထားတဲ့ လူငယ်တစ်ယောက်ဆိုတာက လွဲပြီး မျက်နှာတောင် မမြင်ဖူးခဲ့သူပါ။

“ညက ချစ်သူကို အိပ်မက်မက်တယ် ဒါပေမယ့် မျက်နှာပါမလာဘူး...” ဆိုတဲ့ ကမ်စတမ်မဆေ့ခ်ျကို တင်ထားတိုင်း “စိုင်းက ရုပ်ဆိုးတယ်ကွ နန်း မြင်ရင် စိုင်းကို ထားခဲ့မှာ သိနေတယ်” လို့ အမြဲ ပြောတက်တဲ့ ကောင်လေးကို နန်းက အတင်းမပြောရက်ဘူးလေ။ သြော် နန်းအချစ်တွေကို ယုံကြည်လာတဲ့တစ်နေ့ နန်းရှေ့ကို ချပြလာမှာပဲလို့ မေမေ ပြောသလို ရူးရူးမိုက်မိုက် တွေးခဲ့တာလေ။ ဒါပေမယ့် နန်း စိုင်းကို သတိပေးခဲ့တယ်နော်။

”နန်းက အယုံလွယ်တယ်။ ဒါကြောင့် လွယ်လွယ်လိမ်လို့ရတယ်။ နန်းကို လိမ်ထားခဲ့တဲ့ အကြောင်းအရာတွေ ရှိနေ ရင်လည်း နန်း အပြစ်မတင်ဘူး။ ဒါပေမယ့် နန်း သေသည့်အထိ ဆက်လိမ်ပေးပါ။ နန်းကို လိမ်ခဲ့တာကို နန်း ပြန်သိ ရင် စိတ်ထိခိုက်ကြေကွဲရလိမ့်မယ်” လို့လေ။ နန်း ဒီလောက် အတန်တန် သတိပေးထားရက်နဲ့ စိုင်းရယ်။ နန်း မသိ ချင်တဲ့ အကြောင်းအရာတွေကို ဘာလို့များ ပြောပြချင်ခဲ့တာလဲ။ နန်းက ချက်တင်းထိုင်ပြီး အီစီကလီ လုပ်တက်တဲ့ မိန်းကလေးမဟုတ်သလို ချစ်တယ်ဆိုတဲ့စကားကိုလဲ လွယ်လွယ်ပြောတတ်တဲ့သူ မဟုတ်ဘူးဆိုတာ စိုင်း ခံစားမိပါတယ်။ နန်းရဲ့ အကြောင်းကို အလုံးစုံ သိထားရက်နဲ့ နန်း ဒီလောက်ဖြူဖြူစင်စင်ချစ်ခဲ့တာကို လုပ်ရက်တယ် စိုင်းရယ်။

စိုင်း ဘာကိုတွေးပြီး ဘာကိုပြောရမှန်း မသိအောင်ကို ၀မ်းနည်းတာပါ ကောင်လေးရာ။ နန်းရဲ့ ယုံကြည်မှုတွေကို စိုင်းရဲ့ မေးလ်တစ်စောင်က ဖျတ်ဆီးသွားခဲ့ပြီ။ တိတ်ဆိတ်စွာ ငိုကြွေးရခြင်းသည် အော်ဟစ်ပေါက်ကွဲရခြင်းထက် အဆပေါင်းများစွာ ပိုခံစားရတယ်ဆိုတာ စိုင်း မသိဘူးလားကွယ်။ နန်းကို ထားသွားမယ့် ဒုတိယလူ မဖြစ်ချင်ဘူးဆို။ နန်းဘေးနားမှာ ထာဝရလက်တွဲဖော်အဖြစ် နေခွင့်မရရင်တောင် နန်းစီးသွားမယ့် ဖိနပ်လေးတော့ ဖြစ်ချင်တယ်ဆို။ လိမ်တယ်ဆိုလည်း တစ်ဘ၀စာ လိမ်ပါ့လား စိုင်းရယ်။ နန်း စိတ်ကို နာကျင်အောင် လုပ်ရက်လိုက်တာ။

“ကျောင်းမှာတုန်းက စိတ်ဝင်စားခဲ့ဖူးတဲ့ သူကို မထင်မှတ်ပဲ နန်းအဖြစ်နဲ့ ချစ်သူတွေဖြစ်နေတာသိရတော့ ကိုယ်ပျော်သွားတာပေါ့ နန်းကနန်းရဲ့အကြောင်းတွေကို ကိုယ့်ကိုပြောပြတော့..ကိုယ်တုန်လှုပ်သွားတယ်... နန်းရဲ့ ရိုးသားမှုကို လေးစားသွားတယ်... နန်းကိုအရမ်းလည်းချစ်မိသွားတယ်... ကိုယ်လေ ပြောပြချင်လိုက်တာ.. ကိုယ့်ရဲ့အကြောင်းတွေကို ဒါပေမယ့် ကိုယ်ပြောပြလိုက်ရင် နန်းကိုယ့်ကို မချစ်တော့မှာ ကို ကြောက်နေမိတယ်....

အေးအေးဆေးဆေးစဉ်းစားတယ် ကိုယ်သိနေတယ် မတရားဘူးဆိုတာ... ကိုယ်ဆုံးဖြတ်ချက်ချခဲ့တယ်. နန်းနဲ့ တစ်ရက် လောက်တော့ ချစ်သူအဖြစ်နဲ့ စကားတွေအများကြီးပြောချင်သေးတယ်...နောက်ရက်မှ ကိုယ့်ရဲ့အကြောင်းတွေ အမှန် ကိုအမှန်အတိုင်းဖွင့်ပြောမယ်လို့လေ. ကိုယ်ဒီနေ့ ကိုယ့်ရဲ့အကြောင်းတွေကို အကုန်ဖွင့်ပြောလိုက်ပြီနော်. ကိုယ်ဟာ ယုတ်မာတဲ့ သူတစ်ယောက်ပါ... မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို လိမ်ညာပြီးရယူခဲ့တယ်...နန်း စိုင်းကိုချစ်တယ်... ပြောတိုင်းကိုယ်နာကျင်စွာခံစားရပါတယ်..

နန်းကို စိုင်းအနေနဲ့ရော ကိုကိုမောင် အနေနဲ့ရော အရမ်းချစ်ခဲ့ပေမယ့် ကိုယ်ဟာ အရှက်မရှိတဲ့ လူလိမ်လူညာတစ် ယောက်ပါ......ရိုးသားဖြူစင်တဲ့ နန်းရဲ့အချစ်နဲ့မထိုက်တန်ပါဘူး..နန်းရယ်..... နန်း ကို စိုင်း အရမ်းချစ်တယ်...ဒါပေမယ့် ခုလိုချိန်မှာ(ဒီစာကိုရေးတဲ့အချိန်မှာ) စိုင်းဆိုတာသေဆုံးသွားပါပြီ.... ကိုယ်လိမ်ညာမိခဲ့တာကိုအရမ်းရှက်တယ်ကွာ..  ကိုယ့်ရဲ့လိမ်ညာမှု တွေကို နန်းခွင့်မလွှတ်ပါနဲ့..... နန်းရဲ့ အချစ်တွေကို ဆုံးရှုံးရမှာကြောက်မိပေမယ့်... နန်းကိုကိုယ် ဆက်ပြီး မလိမ်ညာရက်တော့ဘူး..... အဲဒီအတွက် ကိုယ့်ရဲ့ အဖြစ်မှန်တွေကိုဖွင့်ပြောပြလိုက်ရတာပါ. စိုင်းနန်းကိုချစ်လျက်နဲ့ နှုတ်ဆက်ခဲ့ပါတယ်.... စိုင်းနန်းကိုမချစ် လို့ ထားခဲ့တာမဟုတ်ပါဘူး... အရမ်းချစ်လွန်းလို့ပါ...”

နန်းလေ စိုင်းစာကို ဖတ်နေရင်း မျက်ရည်တွေ ကျလာတယ်။ ထိန်းမရလောက်အောင်ပါ။ နန်း ခံစားရတာကို စိုင်းမသိ ဘူး နန်း တော်တော်လေးပြိုကွဲတယ်။ မသိဘူး.. ဘာကိုကိုမောင်လဲ ဘယ်က ကိုကိုမောင်လဲ နန်း မသိချင်ဘူး။ နန်းရဲ့ စိုင်းကိုပဲ ပြန်ပေးပါ။ ကျေးဇူးပြုပြီး နန်းရဲ့ စိုင်းကို ပြန်ပေးပါ စိုင်းရယ်... နော်။ နန်း စိုင်းကို စိုင်းခွန်နောင် အဖြစ်နဲ့ပဲ ဟိုးအရင်ကလို ဆက်ချစ်နေပါရစေ။ စိုင်း ဘယ်သူပဲဖြစ်နေနေ နန်း မသိချင်ဘူး၊ မရချင်ဘူး၊ မတွေ့ချင်ဘူး နန်းရဲ့ စိုင်းကိုပဲ နန်းပြန်လိုချင်တယ်။ အချိန်ဆိုတာကို ရွေ့လို့ရရင် နန်း ပြန်ရွေ့လိုက်ချင်ပါတယ် စိုင်းရယ်။ နန်း စိုင်းစာကို မဖတ်မိရင် သိပ်ကောင်းမှာ။ နန်း ခုလို မနာကျင်ရတော့ဘူးပေါ့။

အငယ်လေးက သတိပေးနေတဲ့ ကြားက မျက်လုံးမှိတ် ယုံခဲ့မိတာ နန်း စိုင်းကို ချစ်လို့ပါ စိုင်းရယ်။ အမှည့်ခြွေ
ခြွေခဲ့တယ်ရယ်လို့ ပြောရအောင်လဲ နန်းကိုယ်တိုင်က အညှာလွယ်ခဲ့တာပါ စိုင်းရယ်။ နန်း စိုင်းကို အပြစ်မတင်ပါဘူး ၊ နားလည်ပါတယ်၊ ခွင့်လွှတ်ပါတယ်။ နန်းရဲ့ အားနည်းချက်ကိုက အယုံလွယ်တာ မဟုတ်လား။ စိုင်းက အားထုတ်ပြီးတော လိမ်လိုက်ရတာမှ မဟုတ်တာ။ နန်းကိုက အလိမ်ခံချင်နေခဲ့တာ။

စိုင်းရယ် နန်း စိုင်းကို .. စိုင်းခွန်နောင်ကို ချစ်တယ် တကယ်ပါ နန်း စိုင်းကို ချစ်တယ်။ စိုင်း ဘာဖြစ်လို့ နန်းကို.... .။ အစကတည်းက ရည်ရွယ်ထားရင် ဘာလို့ ချစ်စကားတွေ ပြောထွက်ခဲ့တာလဲ စိုင်းရယ်။ နန်း ယုံလာအောင် ဘာလို့ ဂရုစိုက်ပြခဲ့တာလဲ။ နန်းကို တကယ်ချစ်တယ်ဆိုရင် ဘာလို့ ဒီအဖြစ်အပျက်ကြီးကို ပေးသိတာလဲ။ နန်း ဘာဆက်လုပ် ရမလဲ စိုင်း၊ နန်း ကိုကိုမောင်ဆိုတဲ့သူကို နန်း ဘာသွားပြောရမှာလဲ။ မဟုတ်ဘူးမလား။ ကိုကိုမောင်ဆိုတဲ့လူက နန်းနဲ့ စိုင်း ချစ်နေကြတာကို မနာလို သဘောမကျလို့ ခုလို ချောက်တွန်းတာ နေမှာပါ။ စိုင်း ပြန်လာပေးပါ နော်။ နန်းကို ချစ်တယ်ဆို ပြန်လာပေးပါနော်။ စိုင်း အပျော်သဘောနဲ့ နောက်ခဲ့တဲ့ နန်းက ဒီလောက်စူးစူးနစ်နစ် ချစ်နေတယ်ဆိုတာ စိုင်း မသိဘူး။ စိုင်းကြောင့် နန်း ဘယ်တော့မှ မျက်ရည်မကျစေရဘူးဆို။

စိုင်း..........။

ကီးဘုတ်ပေါ်မှာ မှောက်ပြီး နန်းငိုနေတာ နာရီဝက်နီးပါးတော့ ရှိနေပြီ ထင်တယ်။ ခေါင်းကို မတ်ပြီး နန်း မျက်ရည်တွေ သုတ်လိုက်တယ်။ ပြီး မေးလ်တစ်စောင်ကို ခပ်သွက်သွက်ရေးလိုက်သည်။ ရေးတုန်းက ရေးလိုက်ပေမယ့်လည်း ပို့ဖို့ရာ နန်း တွေဝေပါသည်။ စဉ်းစားတယ်။ ပို့ရမလား၊ မပို့ရဘူးလား။ နန်း... သူငယ်ချင်းပိုင်စိုးလင်းဆီကို ဖုန်းခေါ်လိုက်သည်။
“အေး စိုးလင်းလား နင် တစ်ကနေ တစ်ဆယ်ထိ ကြိုက်တာ ပြောစမ်းဟာ..”
“ကိုး” တစ်ချက်လေးတောင် မစဉ်းစားပဲ စိုးလင်းကလည်း ဖြေသည်။ နံပါတ်ကတော့ အကြီးပဲ။ “အင်း.. အင်း.........“
ဖုန်းကို ပြန်ချထားကာ send buttonပေါ်သို့ mouse pointer ကို တင်လိုက်သည်။ မကောင်းသူထိပ်၊ ကောင်းသူထိပ်ပဲ.
မျက်လုံးကိုမှိတ်ကာ နန်း click လိုက်ပါသည်။

your message has been sent ဆိုတဲ့စာတန်းလေး ပေါ်လာတဲ့အခါမှာတော့ နန်း စိတ်ထဲ အနည်းငယ် နာကျင်သွား သည်။ သြော် မတက်နိုင်ဘူးကွယ်။ ဇာတ်လမ်းဆိုတာ အနှေးနဲ့ အမြန်ပဲ ကွာမယ် ဇာတ်တော့ သိမ်းရမယ်မလား။ သေချာ ပါသည်။ ဒုတိယအကြိမ် ကွဲခဲ့ပြီးတဲ့ နောက်မှာတော့ နန်းရဲ့ အသည်း တော်သင့်သလောက် မာသွားပြီဆိုတာ သေချာပါ သည်။ အဆုံးစွန်အထိ ခံစားပြီးတဲ့နောက်မှာတော့ ရင်ဘတ်ထဲမှာ ခံစားစရာလို့မှ မကျန်တော့ပဲလေ။ ဒီလိုတွေးရင်းနဲ့ နန်း စိတ်လက်တွေပေါ့ပါးသွားခဲ့သည်။ ကမ်စတမ်မဆေ့ခ်ျမှာ ဖတ်ဖူးခဲ့တဲ့ ၀ထ္ထုတစ်ပုဒ်ထဲက စာသားလေးကို တင်လိုက် သည်။
“ငါ့နှလုံးသားကို
အလဲထိုးသိပ်မယ့်သူ
သင်ဘယ်သူလဲ
အချစ်ကလွဲရင်
အားလုံး WELCOME”
လေးစားစွာဖြင့်
ရင်ငြိမ်းပန်း(ပခုက္ကူ)
***************
To: Saikhunnoung
From: Nannlapyaenu
Subject: This too shall pass away!
စိုင်းရေ
စိုင်း ဘယ်သူပဲ ဖြစ်နေနေ နန်း စိုင်းခွန်နောင်ကို တကယ်ချစ်မိခဲ့တာပဲ။
နန်းရဲ့ ဖျောက်ဖျတ်လို့ မရနိုင်တဲ့ မှတ်ညဏ်မှာ စိုင်းကို ချစ်ခဲ့ဖူးတယ်ဆိုတာက ပျောက်သွားမှာ မဟုတ်ဘူး။
အရှိအတိုင်း ချပြရရင် နန်း စိုင်းကို သံယောဇဉ်တွယ်မိတာ အမှန်ပါ။
နန်းကို ချစ်တယ်လို့ ပြောတက်တဲ့ စိုင်းကို နန်း တကယ်ပဲ သံယောဇဉ်များခဲ့ပါတယ်။ ဒါပေမယ့် စိုင်းရယ်...............။
စိုင်းကို နန်းချစ်တဲ့အတွက် နန်း စိုင်းဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှာပါ...............။ စိုင်း စီရင်ခဲ့သလိုပဲ နန်း နေပေးမှာပါ။
နောက်ဘ၀တွေ ဆိုတာ ရှိခဲ့ရင်တော့ စိုင်းကို စိုင်းခွန်နောင် အဖြစ်နဲ့ပဲ... ပြန်တွေ့ရအောင် နန်း ဆုတောင်းနေပါ့မယ်။
စိုင်းကို နန်းနှုတ်ဆက်ပါတယ်....
နန်း

3 comments:

မောင်ဘကြိုင် said...

သောက်ကျိုးနည်း နောက်ဆုံးဖတ်ပြီး ကျုပ်ပါလိုက်ခံစားရပြီပေါ့ နန်းရဲ့ သွားပြီး ကျုပ်ရင်ဘတ်ကြီးတော့

nyi said...

ကောင်းတယ်နော်အစ်မ။ ဘယ်လိုတွေခံစားပြီးရေးလဲမသိဘူး ။

huloki said...

NAN I MISS YOU LONG TIME .. NOW WHERE ARE YOU HILDING..?COME BACK TO MY HEART .. YOU LOVE SAI ...