Pages

Sunday, May 30, 2010

ကျွန်မ၏ ပဲ့ကိုင်ရှင်

ကျွန်မတို့ မိသားစုသည် ဖေဖေ၊ မေမေ၊ ညီမလေး နှင့် ကျွန်မသာ ပါဝင်သော မိသားစုလေးတစ်ခုဖြစ်သည်။ ဖေဖေသည် တည်တံ့သော မျက်နှာနှင့် တင်းကြပ်သော စည်းကမ်းများနှင့် စကားကို မလိုအပ်ပဲ မပြောတတ်သူ ဖြစ်သည်။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်သာ မကပဲ ကျွန်မတို့ အိမ်သို့ အလည်ရောက်လာတတ်သော ကျွန်မတို့၏ သူငယ်ချင်းများပါ ဖေဖေ့ကို ချစ်၊ ကြောက် ရိုသေခဲ့ကြရသည်။ သူ၏ ပင်ကိုစရိုက်ကြောင့် မျက်နှာထား တင်း သော်လည်း ခင်မင်အားနာတတ်သူလဲ ဖြစ်သည်။ အပေါင်းအသင်း များနှင့် ဆုံရင်တော့ ပုံတိုပတ်စလေးများ၊ ဟာသများ၊ သူ၏ ဘ၀အတွေ့အကြုံများကို မျှဝေကာ ပျော်ပျော်နေတတ်သူ ဖြစ်သည်။

ယောင်္ကျားတော်တော်များများက အရက်သောက်ထားရင် သွေးဆိုးတတ်ပေမယ့် ကျွန်မ၏ ဖေဖေကတော့ အရက်သောက်ထားလေ ပိုပြီး ချစ်ဖို့ကောင်းလေ ဖြစ်သည်။ ပုံမှန်က တည်တင်းသော မျက်နှာနှင့် ဖေဖေသည် အနည်းငယ် သောက်ထားပြီဆိုသည်နှင့် အိမ်ရှိလူကုန်ကို လိုက်နောက်ကာ စကားတွေ အများကြီး ပြောတတ်သည်။ ထိုသို့အခါတွင် ကျွန်မတို့ ညီအစ်မနှစ်ယောက်နှင့် မေမေတို့ ပျော်ရွှင်ရယ်မောနေကြရသည်။ သားအဖတတွေ ၀ိုင်းကြီးပတ်ပတ် ကစားခဲ့ရဖူးသည်။ မေမေ့ လက်ကို ဆွဲကိုင်ပြီး ကပြခဲ့ဖူးသည်။

စည်းကမ်းတကျ နေတတ်သော ဖေဖေရဲ့ အုပ်ချုပ်မှုအောက်တွင် ကျွန်မတို့ ညီအစ်မ အိမ်လည်မထွက်ခဲ့ဖူးပါ။ ကျွန်မတို့ အိမ်သို့သာ သူငယ်ချင်းများ လာရောက်လည်ပတ် ကစားခဲ့ရသည်။ နယ်မြို့လေးရဲ့ ရိုးရာ တန်ဆောင်တိုင်ပွဲတိုင်း ကျွန်မတို့ညီအစ်မ အပြင်မထွက်ရပါ။ လမ်းထိပ်မှ ဖိုးရှမ်းတို့ မောင်နှစ်မ နှစ်ယောက်ကို ခေါ်ပေးပြီး လေးယောက် တည်းနဲ့ အိမ်ထဲတင် ပိုက်ဆံကြဲကာ ကောက်စေခဲ့သော ဖေဖေပင် ဖြစ်သည်။

မောင်နှစ်မနည်းသော ကျွန်မတို့ ညီအစ်မနှစ်ယောက်ကလဲ သူငယ်ချင်း ကို အလွန်ခုံမင်တွယ်တာတတ်သည်။ မေမေ ထမင်း ခွံ့ကျွေးချိန်တိုင်း နှစ်ယောက်တည်း စားရသည်ကို ပျင်းသည်။ မေမေ ထမင်းခူးတာ မြင်သည်နှင့် လမ်းထိပ်က ဖိုးရှမ်းတို့ မောင်နှစ်မကို ပြေးခေါ်သည်။ ပြီး မေမေခွံ့သည့် ထမင်းလုပ်ကို လေးယောက် အလုအယက်စားသည်။ လေးယောက် ပါးစပ်ကို အလျင်မှီအောင် ခွံ့ရသော မေမေ့ကို ကြည့်ပြီး ကျွန်မတို့ ပျော်ရွှင်ရသည်။

ဖေဖေနှင့်မေမေသည် နှစ်ဖက်မိဘတွေ အခက်အခဲရှိရက်နှင့် ရအောင်လက်ထပ်ယူထားကြသော ဇနီးမောင်နှံဖြစ်သည်။ သို့သော် အခြေခံမတူသော ဘ၀ကိုယ်စီကလာသူတွေမို့ အမြဲလိုလို စကားများ ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်တိုင်း မေမေက ညီမလေး၏ လက်ကို ဆွဲကိုင်ကာ အိမ်ပေါ်က ဆင်းသည်။ အကြီးဖြစ်သော ကျွန်မကတော့ ထွက်ခွာသွားသည့် မေမေနှင့် ညီမလေးကို ကြည့်ကာ မျက်ရည်ဝဲကာ ကျန်ရစ်ခဲ့ရတာချည်းပင်။

ဖေဖေ နှင့် ကျန်နေခဲ့ရသော ကျွန်မအတွက် ဘာမှမလိုအပ်ခဲ့ပါ။ ထမင်းဟင်းကို ဆိုင်မှာ သွားစားကာ ကျောင်းပို့သည့်အခါတွင်လည်း မေမေကဲ့သို့ ဖွယ်ဖွယ်ရာရာ စီစဉ်မပေးနိုင်သည့် ဖေဖေက မုန့်ဖိုးကို အများကြီး ပေးလိုက်လေ့ရှိသည်။ မေမေ ကျောင်းလိုက်ပို့သော ညီမလေးကတော့ ထမင်းဘူးနှင့် မုန့်ခြင်းနှင့် ဖြစ်သည်။ ကျောင်းရောက်မှ ဆုံရသော ကျွန်မတို့ ညီအစ်မမှာ ကျွန်မက ပါလာသော ပိုက်ဆံဖြင့် ညီမလေးကို မုန့်ဝယ်ကျွေးသည်။ ညီမလေးက မေမေ ထည့်ပေးလိုက်သော မုန့်တို့အား ကျွန်မကို ကျွေးသည်။



ဖေဖေ နှင့် မေမေ အမြဲလိုလို ရန်ဖြစ်နေကြသဖြင့် ကျွန်မတို့ ညီအစ်မ အချစ်ပိုခဲ့ကြသည်နှင့် တူသည်။ စကားနည်းကာ ကြောက်ရွံ့တတ်သော ညီမလေးက ဖေနဲ့မေ ရန်ဖြစ်သည့်အခါတိုင်း အိမ်ခန်းထဲ သို့မဟုတ် ရေအိမ်ထဲတွင် ၀င်ပုန်းနေတတ်သည့် အချိန်တွင် စိတ်ဆက်ကာ ဒေါသထွက်လွယ်သော ကျွန်မက ဖေနဲ့ မေကြား ဟိုဆွဲ၊ ဒီဆွဲနှင့် အော်ဟစ်ငိုယိုနေတတ်သည်။ ရန်ပွဲပြီးသွားသောအခါတွင်မှ အခန်းထဲမှာ တိုးတိက်စွာ ငိုရှိုက်နေသော ညီမလေးကို ပွေ့ဖက်ချော့ရသည်။

အနေအေးသော ကျွန်မတို့ ညီအစ်မနှစ်ယောက်သည် ထို့သို့ အကြောင်းများကြောင့်ပင် စာကို ကြိုးစားခဲ့ကြသည် ထင်သည်။ ငယ်စဉ်ကတည်းက စာကြည့်၊ စာကျက်ဖို့ တစ်ခွန်းမှ မပြောရအောင် ကျွန်မတို့ ညီအစ်မ စာရေး၊ စာဖတ် ၀ါသနာပါခဲ့ကြသည်။ နှစ်စဉ် အတန်းစဉ် ဆုရခဲ့ကြသော ကျွန်မတို့ ညီအစ်မ၏ ဆုပေးပွဲတိုင်း ဖေဖေ မတက်ရောက်ခဲ့သည်မှာလဲ ပို၍တိုး ကြိုးစားဖို့ တွန်းအားတစ်ခု ဖြစ်ပါလိမ့်မည်။

သာမန်လူလတ်တန်းစား ချမ်းသာကြွယ်ဝမှုထက် အနည်းငယ်သာလွန်သည်ကလွဲလျှင် ကျွန်မတို့ မိသားစုသည် ချမ်းသာသော မိသားစုတစ်ခု မဟုတ်ပေ။ ထို့အတွက် ကျွန်မတို့သည် သူဌေးသမီးများ မဟုတ်ပေ။ သို့သော် သူဌေးသမီးများကဲ့သို့ ခုလိုချင် ခုတန်းမရပေမယ့် လိုချင်သည့်အရာတိုင်းကိုတော့ အချိန်အတိုင်းတာ တစ်ခုအတွင်း ရရှိခဲ့ကြသည်။ လိုအပ်ချက်ဆိုတာ မရှိလောက်အောင် ပြည့်စုံခဲ့ကြသည်။ ထို့အတွက် ကျွန်မတို့ ညီအစ်မ ကံကောင်းသည်ဟု ဆိုရပါမည်။

ထိုထက်ပို၍ ကျွန်မတို့ ကံကောင်းသည်မှာ ဖေဖေ၏ စကားတစ်ခွန်းပင် ဖြစ်သည်။ ”ငါ့သမီးတွေဖက်ကသာ ထူးချွန်နေပါစေ ဖေဖေ့ ဖက်က မတက်နိုင်ဘူးဆိုတဲ့ ကိစ္စ မရှိစေရဘူး” ဆိုသော စကားမှာ ကျွန်မတို့ ညီအစ်မ၏ အားအင်တစ်ခုပင် ဖြစ်သည်။ သင်တန်းတက်မယ်၊ စာအုပ်ဝယ်မယ် ဆိုတဲ့ ကုန်ကျစရိတ်ကလွဲလျှင် တခြားမိန်းကလေး အသုံးစရိတ်နည်းပါးသည့် ကျွန်မတို့ ညီအစ်မကလဲ ရောက်သည့်နေရာတိုင်း ထူးချွန်အောင် ကြိုးစားခဲ့ကြသည်။

ထို့အတွက် ကျွန်မတို့၏ ကွယ်ရာတွင် ဂုဏ်ယူစကား ပြောတတ်သော်လည်း ဖေဖေ၏ နှုတ်မှ ချီးကျူးစကားဆိုတာ ကျွန်မတို့ မကြားဖူးခဲ့ပေ။ တင်းကြပ်ပြီး စိတ်ထဲကသာ ချစ်တက်သော ဖေဖေ ဖြစ်သည်။ တင်းကြပ်သော ဖေဖေနှင့် အကြောတင်းကာ မဟုတ်မခံ စိတ်ထားပိုင်ရှင် ကျွန်မတို့ အမြဲ ထိပ်တိုက်တွေ့ရလေ့ရှိသည်။ ဖေဖေ နှင့် ကျွန်မ ဖြစ်လေ့ရှိသော ပြဿနာအများစုမှာ ညီမလေး အတွက်ပင် ဖြစ်သည်။

ညီမလေးကို ဆူတိုင်း၊ ငေါက်တိုင်း သုံးနှစ်သာကွာသော ကျွန်မက ”ကလေးကို ဘာလို့ငေါက်တာလဲ ကလေးက ဘာသိမှာလဲ” ဟုသော စကားဖြင့် ဖခင်ကို ပြန်ပြော ရန်ုလုပ်တတ်သည်။ အငယ်က အကြီးကို ပြန်ပြောခွင့်မရသော မိသားစုမှာ ကြီးပြင်းခဲ့ရသော ဖေဖေက စိတ်ဆိုးဒေါသထွက်ကာ ကျွန်မကို ရိုက်သည်။ ကျွန်မ၏ ဘ၀တစ်လျှောက်လုံးတွင် ဖေဖေ၏ အရိုက်ကို သုံးခါမျှ ခံခဲ့ရဖူးသည်။ ပထမတစ်ကြိမ်သာ ကျွန်မ၏ အပြစ်ဖြစ်ပြီး နောက်နှစ်ကြိမ်စလုံး ညီမလေးဖက်က ရပ်တည်ပြန်ပြောသော ပြစ်မှုချည်း ဖြစ်သည်။

စီးပွားရေးကို တစ်မျိုးပြီး တစ်မျိုး လုပ်နေသော ဖေဖေက အိမ်မှာ နေထိုင်ချိန် နည်းပါးသည်။ ဖေဖေ နှင့် ကျွန်မတို့ ညီအစ်မကြားမှာ နွေးထွေးမှုက ရှိသင့်သည်ထက် နည်းပါးခဲ့ပါလိမ့်မည်။ သို့သော် ကျွန်မတို့ ညီအစ်မနှစ်ယောက်စလုံး ဖေဖေ့ကို ချစ်ခင်သည်။ ကျွန်မ ကြုံတွေ့ခဲ့ရသည့် အခက်အခဲတိုင်း စကားနည်းသော ဖေဖေ၏ ဆယ်လုံးမျှသော စကားအချို့နှင့် ဖြေရှင်းနိုင်ခဲ့သည်။ ထို့အတူ ညီမလေး လိုအပ်သော အားအင်တို့အား ဖေဖေ၏ နှုတ်ထွက်စကားအနည်းငယ်မှ ရရှိခဲ့ပါလိမ့်မည်။

စာဖတ်နာကာ အတွေ့အကြုံများသော ဖေဖေသည် မည်သို့အရာမျိုးနှင့် ကြုံလာလာ စိတ်ခံစားမှုကို မျက်နှာပေါ်တွင် မပေါ်စေပဲ အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်းလေ့ရှိသည်။ အရာရာကို အကွက်ကျကျ စနစ်ရှိရှိ စာရင်းနှင့် ဇယားနှင့် အမြဲတွက်ချက်ကာ စီမံကွပ်ကဲနိုင် သော ဖေဖေ၏ အရည်အချင်း များကို မှီဖို့ ကျွန်မ အများကြီး ကြိုးစားဖို့ လိုအပ်ပါသေး သည်။ ဘယ်လိုပဲ အနေ စိမ်းစိမ်း၊ ဘယ်လောက်ပဲ နွေးထွေးမှု နည်းပါးပါး ကျွန်မအတွက် ဖေဖေသည် “အဖေ” ပင်ဖြစ်သည်။ ပုထုဇဉ် ပီပီ ဖေဖေ့တွင်လဲ လိုအပ်ချက်များ ရှိကောင်းရှိနေနိုင်ပါသည်။ သို့သော် ကျွန်မ ၏ ပဲ့ကိုင်ရှင် ဖေဖေ့ကို ချစ်သည်။

1 comment:

raja7 said...

ညီမလေးနန်း ကိုကြီးမျက်ရည်ဝဲရလောက်အောင် စာရေးကောင်းပါတယ်။
နွေးထွေးတဲ့ မိသားစုမေတ္တာကို ခံစားသွားပါတယ်။သာယာပျော်ရွှင်ပါစေ..