Pages

Thursday, May 27, 2010

ဖြတ်သန်းခဲ့သော မြစ်ပြင်များ


ကျွန်မ ရေမကူးတတ်ပါ။ ပို၍ တိကျစွာ ပြောရလျှင် ရေထဲတွင် ကိုယ်ကိုဖော့၍ ခြေရော လက်ပါ လှုပ်ရှားကာ ကူးခပ်ရသော အတက်ပညာကို ကျွန်မ တက်မြောက်ခြင်း မရှိပါ။ သို့သော်.. ခရီးသွားလာရန်ဖြစ်စေ၊ ဘ၀ရပ်တည်မှု အတွက် ဖြစ်စေ၊ အခြားသော အကြောင်းအရင်း ပေါင်းများစွာဖြင့် မြစ်ပြင်များကို ကျွန်မ ဖြတ်သန်းခဲ့ ရသည်မှာ ငွေရတု တိုင်လာသော အသက်အပိုင်း အခြားတွင် ကြိမ်ရေ ရာချီနေပြီ ဖြစ်သည်။

ကျွန်မ ဘ၀ရဲ့ ကနဦး မြစ်ဖြတ်ကူးခဲ့ရခြင်းမှာ မိဘ တည်းဟုသော အကာအရံ တို့နှင့် ဖြစ်၍ ဖေဖေ၏ စောင့်ရှောက်မှု မေမေ၏ နွေးထွေးမှုတို့ အကြားမှာ လှိုင်းဆိုတာလဲ ကျွန်မ ကြောက်ရွံ့ရကောင်းမှန်း မသိခဲ့ပေ။ လေထန်၍လည်း ငိုကြွေးဖို့ သတိမရလောက်အောင် မိသားစုအတွင်းမှာ ပျော်ရွှင်ခဲ့သည်သာချည်း ဖြစ်သည်။ ကစားစရာ အသစ်အဆန်း တစ်ခုကို တွေ့မြင်ရသည့် ကလေးတစ်ဦးသဖွယ် မြစ်ရေတို့အား ထိတွေ့ကိုင်တွယ်လိုစိတ်နှင့် ကျွန်မ တက်ကြွခဲ့သည်။

မိဘ၊ မိသားစု မပါပဲ ဖြတ်ကူးခဲ့ရသော မြစ်ကူးခရီးစဉ်မှာ ချစ်သူနှင့် ဖြစ်သည်။ ချစ်သူနှင့်အတူ သွားလာစဉ် မြစ်ပြင်ပေါ်မှာ တည်ငြိမ်သည်လဲ ရှိသည်၊ လူးလွန့်သည်လဲ ရှိသည်။ ရင်ခုန်မှု၊ ယုံကြည်မှုတို့နှင့် ကျွန်မ ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်မလာခဲ့။ ချစ်သူ၏ ပုခုံးကို မှီနွဲ့ရင်း စိုးထိတ်ဖို့ ကျွန်မ မေ့လျော့ခဲ့သည်။ ချစ်သူ့လက်ကို ဆွဲရင်း မြစ်ပြင်ကိုပင် အကြိမ်ကြိမ် ကူးဖြတ်ခဲ့သည်။


ဘ၀ဟူသည် မျှော်မှန်းထား၍ မရသော အပြောင်းအလဲ၊ အချိုးအကွေ့များနှင့် ပြည့်နှက်နေသော အရာပင် ဖြစ်သည်။ ချစ်သူအတွက် မြစ်ပြင်ကို ပျော်ရွှင်စွာ ဖြတ်ကူးခဲ့သော ကျွန်မ မြစ်ပြင်ပေါ်မှာပင် ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရသည်။ ကိုင်ဆွဲစရာ လက်မရှိတော့သော ကျွန်မ သတိသက်ဝင်လာသောအခါ ကျွန်မ၏ ပတ်ဝန်းကျင်သည် ရေချည်းအတိသာ ဖြစ်သည်။


ကျွန်မ ရေမကူးတတ်ပါ။ ပို၍ တိကျစွာ ပြောရလျှင် ရေထဲတွင် ကိုယ်ကိုဖော့၍ ခြေရော လက်ပါ လှုပ်ရှားကာ ကူးခပ်ရသော အတက်ပညာကို ကျွန်မ တက်မြောက်ခြင်း မရှိပါ။

မှောင်မိုက်သည့် မြစ်ပြင်အလယ်တွင် ကျွန်မ ရေစုန်ကို မျှောလိုက်ရမလား၊ ဒါမှမဟုတ် ရေဆန်ကို ဆန်တက်ရမလား ဝေခွဲရခက်စွာ တွေဝေခဲ့သည်။ ရွက်ကျိုး၊ တက်ကျိုးသည့် အနေအထားတွင် ၀ဲဂယက်ထဲတွင် မျောပါစီရင်ဖို့ မတွေးစရဲ တွေးခဲ့မိသည်။ မြစ်ရေစီးကြောင်း၊ အတွန်း၊ အတိုက်၊ ကမ်းပေါ်မှ လူအချို့၏ လှောင်ပြောင်ပြစ်တင်မှုများ အလယ်တွင် ကျွန်မ မွန်းကြပ်စွာ နစ်မြုပ်လုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် မိသားစုနှင့် သူငယ်ချင်း မိတ်ဆွေများ၏ ဖေးမကူညီမှုနှင့် ကျွန်မ မြစ်ပြင်ကို ထိခိုက်နာကျင်စွာ ကူးဖြတ်ခဲ့ရသည်။

မိဘ၊ သူငယ်ချင်း သို့မဟုတ် ချစ်သူ မပါပဲ ကိုယ်တစ်ဦးတည်း ဦးဆောင်၍ ပထမဆုံးအဖြစ် ဖြတ်ကူးခဲ့ရသော ကျွန်မ၏ မြစ်ပြင်သည် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ ရေမကူးတတ်သော ကျွန်မသည် မြစ်ရေစီးကြောင်းထဲတွင် နာရီပေါင်း မြောက်များစွာ ကူးလာဖြတ်သန်းခဲ့ရသည်။ ရေစီးထဲ မျောပါသွားစေရန် မသိမသာ ကပ်တွန်းသူများနှင့် ကြုံသလို ရေနစ်တုန်း ၀ါးကူထိုးမည့်သူများနှင့်လဲ တွေ့သည်။ အဖြူရောင်နှင့် ကူကမ်းလက်တွေကိုလဲ တွေ့ရသည်။

လေကြမ်းထန်ပြီး လှိုင်းကြီးသည့် အချိန်မျိုးတွင်လဲ ကျွန်မ ကူးဖြတ်ရသည်။ အေးဆေးငြိမ်သက်၍ ကြည်နှုးဖွယ်အချိန်မျိုးတွင်လဲ ကျွန်မ ကူးဖြတ်ရသည်။ ကူးဖြတ်ဖို့ အားပြတ်လပ်၍ ရေစီးအတိုင်း မျောပါသွားသည်လဲ ရှိသည်။ နှုတ်ခမ်းကို တင်းတင်းကိုက်၍ လေထန် ရေဆန်ကို ဆန်တက်ရသည်လဲ ရှိသည်။ အောင်မြင်သည့်အခါ မြစ်ရေအေးအေးကို လက်ဖြင့် ဆော့ကစားကာ ပျော်ရွှင်ရသည်လဲ ရှိသည်။

အချိန်သည် အကောင်းဆုံး သမားတော်ဟု ဆိုကြသည်နှင့် ညီစွာ အချိန်ရဲ့ အထိရောက်ဆုံး ကုစားမှုနှင့် ရင့်ကျက်သည်ဟု မဆိုသာသော်လည်း တည်ငြိမ်မှု ရှိသင့်သလောက် ရှိလာသော ကျွန်မ မြစ်ပြင်များကို ဖြတ်သန်းနေရဦးမည်သာ ဖြစ်သည်။ ခုအချိန်ထိလဲ ရေကူးခြင်း အတက်ပညာကို ကျွန်မ မတက်မြောက်သေးပါ။ သို့သော် ဟိုစဉ်ကလို တွေဝေမိန်းမောကာ အနစ်မွန်း မခံတော့ပါ။ ရေကူး မတက်ကျွမ်းသေးပေမယ့် ရေနစ်မည့် အရေးကြုံလာလျှင် မည်သို့ ပြုမှု ဆောင်ရွက်သင့်ကြောင်း ကျွန်မဘ၀၏ အတွေ့အကြုံများအရ နားလည်သွားပြီ ဖြစ်သည်။

ကျွန်မအတွက် အမှီအတွယ်သည် မိဘနှင့်တူသော သက်ကယ်အင်္ကျီတစ်ထည်လျှင်လည်း ဖြစ်မည်။ မိသားစု ကဲ့သို့သော သက်ကယ်ဗောကွင်း တစ်ခုလျှင်လည်း ဖြစ်မည်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းဟုသော ပျဉ်တစ်ချပ်လဲ ဖြစ်နေနိုင်သည်။ ချစ်သူ၊ ခင်ပွန်းသို့ အတူယှဉ်တွဲ ကူးခပ်ဖော်လဲ ဖြစ်လျှင် ဖြစ်မည်။ ရေကူး မကျွမ်းကျင်သော်လည်း သက်လုံကောင်းနေဖို့ လိုအပ်ပါမည်။ အသက်အောင့်ကောင်း အောင့်နေရပါမည်။ ဂမူးရှုးထိုး ဖြင့် ရုတ်ရင်းဆန်ခတ် မလုပ်မိဖို့လဲ လိုအပ်မည်။


ဆိုက်ကပ်ရာ ကမ်းသည် မည်သည့်အရပ်တွင် ဖြစ်စေ.. နီးစပ်သည် ဖြစ်စေ ဝေးကွာသည် ဖြစ်စေ... ဆက်လက် အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် အားအင်များကို စုစည်းကာ ကျွန်မ ကြံ့ကြံ့ခိုင်နေရပါမည်။ မည်သို့သော အခက်အခဲ လှိုင်းလုံးများ၊ အဟန့်အတား လေကြမ်းများ ရင်ဆိုင်နေရပါစေ.. မြစ်ပြင်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ရပါမည်။

ကျွန်မ ဖြတ်သန်းခဲ့ရသော မြစ်ပြင် အမျိုးမျိုး မှာ လှိုင်းအထွေထွေ၊ လေအဖုံဖုံ မျက်မြင် တွေ့ကြုံခဲ့ပြီးသော “အတွေ့အကြုံ” များအား သက်လုံအဖြစ် ပြောင်းလဲယူကာ ရေစီးကြောင်းထဲတွင် မျောမပါစေပဲ ဆန်တက်လှော်ခပ်ပါမည်။

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

/*ဤပို့စ်အား အရူးလေးဇေယျလင်းထင်(သံဇဉ်မဲ့)၊ မိုးထက်အိမ်(မေကျော်)နှင့် အစအိ တိုမိုကိုလေး တို့အား တဂ်ပါသည်။ အားသော အချိန်လေးများတွင် အားရင် အားသလို ရေးပေးကြမယ်လို့ ယုံကြည်ပါသည်။ */

No comments: