Pages

Tuesday, May 25, 2010

ကျွန်မ မောင့်ကို ချစ်သည်။

ကျွန်မ : လက်တစ်ဝါးစာ ရင်ဘတ်ကလေးနဲ့ မိုးကောင်ကင်လောက် ခံစားသူ။
မောင် : ကျွန်မ မပိုင်ဆိုင်သော ကျွန်မ၏ ဒုတိယအသက်။
ချစ်သည် : ချစ်သည်ဟု ဆိုရာဝယ် “အချစ်” ဆိုသည့် စကားကို ထပ်မံညွှန်းဆိုရန် လိုမည် ထင်သည်။
အချစ် : လူအမျိုးမျိုး၊ စိတ်အထွေထွေ တွင် အချစ်သည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရပ်တည်နေပါလိမ့်မည်။

တစ်ချို့က အချစ်ဆိုတာ ချိုလဲချို၊ ခါးလဲခါး၊ မာလဲမာ၊ ပျော့လဲပျော့၊ ပူလဲပူ၊ အေးလဲအေးသည်ဟု ဆိုသည်။ တစ်ယောက်ကလဲ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းဟု ပြောသည်။ ပေးဆပ်လိုက်ရသူ တစ်ယောက်ကလည်း အချစ်ဆိုတာ စွန့်လွှတ်ခြင်းဟု၍ ပြောပါလိမ့်မည်။ အချစ်ဆိုတာ ရေခဲတုံးလိုပဲ စားခဏမှာ အေးပြီး ရင်ထဲရောက်ရင် ပူတယ်ဟု ဆိုသူက ဆိုပြန်သည်။ အချို့သော သူတွေအတွက်တော့ အချစ်ဟာ ခွန်အားတစ်ခု ဖြစ်သလို အချို့အတွက်တော့ အချစ်ဟာ နတ်ဆိုးတစ်ပါး ဖြစ်နေလေရဲ့။


အချစ်ဟူသည် ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ကျဆုံးခြင်း၊ လဲပြိုခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ အေးမြခြင်း၊ ပူလောင်ခြင်း၊ ......

ကျွန်မအတွက်တော့ အချစ်သည် “အချစ်” သာ ဖြစ်သည်။ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချက်မျိုးမှ မပါဝင်သော “အချစ်” သပ်သပ်သာ ဖြစ်သည်။

မောင့်အတွက် ..... ကျွန်မ၏ အချိန်များ ပေးဆပ်ခဲ့သည်။ ကျွန်မ၏ ပေးဆပ်မှုများကို မောင် အသိအမှတ်ပြုသည် ဖြစ်စေ လှစ်လျှုရှုသည် ဖြစ်စေ.. ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်အတွက် ..... ကျွန်မ၏ မာနများ၊ အတ္တများ စွန့်လွှတ်ခဲ့သည်။ ကျွန်မ၏ စွန့်လွှတ်မှုများကို မောင် ကြည့်မြင်ခဲ့သည် ဖြစ်စေ၊ မျက်နှာလွှဲသည် ဖြစ်စေ.. ကျွန်မ မောင့်ကို ချစ်ပါသည်။
မောင့်ဆီမှ ..... “ချစ်တယ်” ဟုသော စကားကို ကျွန်မ ရယူပိုင်ဆိုင်ခဲ့သည်။ မရခဲ့လျှင်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။ မောင့်အပါးတွင် ..... ကျွန်မ၏ “ငါ” ဟုသော မာန်များ ကျဆုံးခဲ့သည်။ ရှုံးနိမ့်ခဲ့သည်။ ထိုသည်ကို သူ နားမလည်သော်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။

မောင့်၏ ဂရုစိုက်၊ ကြင်နာမှုများအတွက် ကျွန်မ ၀မ်းမြောက်၊ ပျော်ရွှင်ခဲ့သည်။ မောင်၏ နေနိုင်စိမ်းကားမှုများအတွက် ကျွန်မ လဲပြိုကြေကွဲခဲ့သည်။ မောင်၏ အပြုံးပွင့်များအတွက် ကျွန်မ အေးမြကြည်နူးခဲ့သည်။ မောင်၏ မာထန်သော စကားတို့ အောက်တွင် ကျွန်မ ပူပြင်းလောင်မြိုက်ခဲ့သည်။ ဘယ်လိုပင် ဖြစ်ပါစေ ကျွန်မ မောင့်ကို ချစ်သည်။ မည့်သည်အရာမျှ မပါဝင်သော ချစ်ခြင်း သပ်သပ်ဖြင့်သာ ကျွန်မ မောင့်ကို ချစ်သည်။

လူသားထဲက လူသားတစ်ယောက်ဖြစ်သော ကျွန်မတွင် တခြားသော သူများကဲ့သို့ အတ္တစိတ်လေးများ ရှိသည်။ ဖြစ်နိုင်လျှင် ဒေါင်းတစ်တွန်၊ စွန်တစ်ဝဲစာ ချစ်သူ မောင့်၏ အပါးတွင် နေလိုပါသည်။ မောင့်လက်မောင်းကို တွဲခိုကာ ယုယစကားများ မိနစ်တိုင်းရဲ့ စက္ကန့်တိုင်းမှာ ပြောနေချင်ပါသည်။ မောင့်ရဲ့ ရင်ခွင်ရိပ်အောက်မှာ အေးမြလုံခြုံစွာ နားခိုလိုပါသည်။ မောင်နှင့်အတူ နွေးထွေးသော မိသားစုလေးတစ်ခုအား ဖန်တီးပျိုးထောင်လိုပါသည်။


မောင့်ကို ကျွန်မ ချစ်မြတ်နိုးသလို မောင့်ဖက်မှလဲ ကျွန်မတစ်ဦးတည်းကိုသာ ချစ်ခင်စေလိုသည်။ ကျွန်မ၏ အပါးတွင်သာ ရှိနေစေချင်သည်။ သို့သော် ထိုအခွင့်အရေးများ ရယူလိုသော ကျွန်မ၏ အတ္တထက် မောင့်၏ လွတ်လပ်ပျော်ရွှင်မှုကို ကျွန်မ ပိုပြီး မျှော်လင့်ပါသည်။ မောင့် ဆန္ဒတစ်ခုတည်းဖြင့် ကျွန်မ၏ အတ္တများ ချိုးနှိမ်လိုက်နိုင်သည်။ ကျွန်မ ပိုင်ဆိုင်သော အတ္တများထက် မောင့်ကို ကျွန်မ ချစ်ပါသည်။


မောင့်အပေါ် ထားရှိသော ကျွန်မ၏ ချစ်ခြင်းတွင် အချိန် မလိုအပ်ပေ။ မည့်သည့်ခေတ်ကာလသို့ ရောက်ရှိသည် ဖြစ်စေ၊ မည့်သည် ယဉ်ကျေးမှုတွေ ထွန်းကားသည် ဖြစ်စေ၊ ဝေးကွာရသော အချိန်နာရီတွေ မည်မျှ များပြားသည် ဖြစ်စေ ကျွန်မ မောင့်ကို ချစ်နေ၍ ရသည်။ ထို့အတူ နေရာလဲ မလိုအပ်ပေ။ မောင် မည့်သည့်အရပ်တွင် နေထိုင်သည် ဖြစ်စေ၊ မည်သည့် ဒေသတွင် ရောက်ရှိသည် ဖြစ်စေ၊ မောင်နှင့် ကျွန်မ အကြား မိုင်တွေ မည်မျှ ဝေးကွာသည် ဖြစ်စေ ကျွန်မ မောင့်ကို ချစ်နေ၍ ရသည်။


မောင့်ဘ၀ ရပ်တည်နေထိုင်မှုအတွက် ကျွန်မ နောက်တွန့်မှာ မဟုတ်သလို မောင်၏ ပိုင်ဆိုင်မှုများအတွက် ကျွန်မ၏ ချစ်ခြင်း ပြောင်းလဲမည် မဟုတ်ပေ။ ကျွန်မ ဟုသော အမှတ်နှင့် မောင် ဟုသော အမှတ်တို့ အကြား ချစ်ခြင်းတစ်ခုသာ ရှိ၍ မောင်၏ နောက်ကွယ်မှ အရိပ်များကို စောင်းငဲ့ကြည့်ဖို့ ကျွန်မ စိတ်မ၀င်စားပါ။ မောင့်ထံတွင် ကျွန်မကဲ့သို့သော အမှတ်များ မည်ရွေ့မည်မျှ ရှိနေမည်ဆိုသည်ကိုလဲ ကျွန်မ မေးမြန်းသိရှိလိုစိတ် မရှိပါ။ မောင့် နှုတ်ခမ်းအစုံမှ “ချစ်တယ်” ဟုသော စကားတစ်ခွန်း ကျွန်မအတွက် တွဲလွဲခိုနေသရွေ့ မောင်၏ ချစ်သူမှာ ကျွန်မသာလျှင် ဖြစ်သည်ဟု ကျွန်မ ခံယူသည်။ သို့မဟုတ်ခဲ့လျှင်လည်း ကျွန်မ မောင့်ကို ချစ်ပါသည်။

ကျွန်မ၏ နှလုံးအိမ်အတွင်းဝယ် မောင့်အတွက် ချစ်ခြင်းမေတ္တာများ ပြည့်ဝနေသော်လည်း မောင့်၏ ဦးစားပေးစာရင်းတွင် နံပါတ်ခုနှစ် နေရာ၌ တည်ရှိရခြင်းအပေါ် ကျွန်မ ငြူစူစရာ အကြောင်း မရှိခဲ့ပါ။ မည်သို့သော အကြောင်းအချင်းအရာတွေ ရှိနေသည် ဖြစ်စေ... မောင်၏ ”ချစ်တယ်” ဟုသော စကားတစ်ခွန်းနှင့် ကျွန်မ ကျေနပ်ရောင့်ရဲနိုင်သည်။

ချစ်တိုင်းလဲ လက်ထပ်ဖို့ မဖြစ်သလို လက်ထပ်တိုင်းလဲ အချစ် မဖြစ်ဘူး ဒါပေမယ့် ချစ်သူတိုင်းကတော့ လက်ထပ်ဖို့ ရည်ရွယ်ပြီး ချစ်ခဲ့ကြတာချည်း ဖြစ်သည်။ သို့သော်... မတူညီသော နယ်ပယ်အသိုင်းအ၀ိုင်းတွင် ကွဲပြားခြားနားသော
ရပ်တည်မှုတို့ဖြင့် ရှင်သန်နေထိုင်နေကြသော ကျွန်မနှင့် မောင်၏ အကြားတွင် “ဆုံနိုင်ခွင့်” ဟုသည် ရာခိုင်နှုန်း နည်းပါးသော ဖြစ်နိုင်ချေတစ်ခုပင် ဖြစ်သည်။

ဆိုခဲ့ပြီးသလို အချစ်သည် အချစ်သပ်သပ်သာ ဖြစ်သည်ဟု ခံယူထားသည့်အတွက်.. တစ်ယောက်တစ်နေရာစီနေပြီး ပေါင်းဆုံနိုင်ခြင်း မရှိသည့်တိုင်အောင် ကျွန်မ မောင့်ကို ချစ်နေမည်သာ ဖြစ်သည်။ ကျွန်မ၏ အချစ်သည် ချိပ်မဟုတ်သည့်အပြင် မောင်ကလဲ ကျွန်မအတွက် မီးတောက်တစ်ခု မဟုတ်သည့်အတွက် “မီးဝေး ချိပ်မာ” ဟုသော စကားမှာ မောင်နှင့် ကျွန်မအတွက် အကျုံးဝင်မည် မဟုတ်ပေ။

ကျွန်မရင်ထဲက ချစ်ခြင်းမေတ္တာများကို မောင့်အနေဖြင့် အလုံးစုံ ယုံကြည်မှုပေးနိုင်ဖို့ မသေချာသော်လည်း မောင့်၏ နှုတ်ထွက်စကားတစ်ခွန်းတည်းဖြင့် ဘ၀တစ်သက်လုံးစာ ကျွန်မ မောင့်ကို ယုံကြည်ပါသည်။ ထိုယုံကြည်မှုနှင့်အတူ.. ကျွန်မ မောင့်ကို ချစ်ပါသည်။

နန်းလေပြေနု

No comments: