Pages

Tuesday, May 25, 2010

44 ခုမြောက် နံနက်ခင်း

 သူမ ၏ 44 ခုမြောက် နံနက်ခင်းသည် သူမ ဖခင်၏ သက်ပြင်းဖွဖွချသံ တစ်ခုဖြင့် စတင်ခဲ့ရခြင်း ဖြစ်သည်။ ဖခင်၏ စိတ်အားလျော့နေမည့် မျက်လုံးတွေကို သူမ မမြင်ရက်သောကြောင့် မျက်လုံးများ ဖွင့်ရမည်ကို ၀န်လေးနေခဲ့သည်။ သို့သော် မဖွင့်ပဲ နေမည်ဆိုလျှင်လည်း မေမေရော ဖေဖေပါ စိတ်ပူနေကြဦးမည်။

မျက်လုံးအစုံကို ဖွင့်လိုက်တော့ နွမ်းနယ်နေပေမယ့် သနားကြင်နာမှုအပြည့်နှင့် ဖခင်ကို သူမ မြင်တွေ့လိုက်ရသည်။ “သမီးကြီး ... နိုးပလား.. အမေကြီးရေ သမီးနိုးပြီကွ.. ဆန်ပြုတ်လေး ယူခဲ့ပေး တိုက်ရအောင်” သူမကို မေးရင်း မေမေ့ကိုပါ တဆက်တည်း ပြောလိုက်သော ဖခင်ကို သူမ ခေါင်းပဲ အသာငြိမ့်ပြလိုက်သည်။


လက်တစ်ဖက်ကို ခေါင်းအောက်လျှိုပြီး ကျန်လက်တစ်ဖက်က ပုခုံးကို ထိန်းကာ ကုတင်ခေါင်းရင်းကို မှီ၍ ခပ်ပြေပြေ အနေအထားရအောင် သူမအား ဖေဖေ က ဆွဲထူမပေးသည်။ “ဖအေ.. ဆန်ပြုတ်လေး အေးအောင် မှုတ်ပေးထား ကျွန်မ ကလေးကို သန့်စင်ပေးလိုက်ဦးမယ်” ဟု မေမေက ပြောလိုက်သည်။ မိဘကို မပြုစုရပဲ မိဘက ပြန်ပြုစုနေရသော သူမဘ၀ကို သူမ အပြစ်တင် အားငယ်မိပါသည်။

သူမ စိတ်ကြိုက် သန့်စင်ပုဝါအေးအေးလေးဖြင့် မျက်နှာကို မေမေက အသာအယာ ပွတ်သပ်ပေးသောအခါ သူမ အနည်းငယ် လန်းဆန်းသွားဟန်ရှိသည်။ ခံတွင်းသန့်ဆေးရည် နှင့် အာလုပ်ကျင်းပြီးသောအခါ သူမ ဆံပင်တွေ ရှင်းပေးဖို့ မေမေက အဆင်သင့်ဖြစ်နေသည်။ ကျဲပါးလှသော ဆံပင်တွေကို တစ်ချက်ချင်း ဖြီးသင်ပေးနေသည့် မေမေ့လက်တွေမှာ နူးညံ့လွန်းလှသော်လည်း နာကျင်မှုကြောင့် သူမ မျက်ရည်များ ကျလာသည်။ မေမေ့မျက်လုံးမှာလဲ မျက်ရည်တွေ ဝေသီနေမည် ဆိုသည့်အသိကြောင့် သူမ ပိုပြီး နာကျင်ရပါသည်။

“သမီးရယ် မထူးပါဘူး ခေါင်းတုံးလေး တုံးရအောင်လေ နော်” မေမေ့ စကားအဆုံးမှာတော့ သူမ ဟင့်ခနဲ ရှိုက်လိုက်မိသည်။ မေမေ့ စေတနာကို သူမ နားလည်ပါသည်။ သူမရဲ့ ဆံပင်တွေ အထွေးလိုက် ကျွတ်ပါနေတယ်ဆိုတာ သူမ သိပါတယ်။ မေမေ ပြောသလို ခေါင်းတုံးရိတ်လိုက်ရင် အခုလို ခေါင်းဖြီးတိုင်း ခံစားရတဲ့ နာကျင်မှုတွေ လျော့ပါးသွားမည်ဆိုတာ သူမ သိပါသည်။ ဒါပေမယ့်... မောင်က ဆံပင်ရှည်တွေကို နှစ်သက်တယ်လေ။ သူမ ....။

“ကဲပါကွာ... ကလေး မလုပ်ချင်တာကို ပြောမနေနဲ့ ... လာ သမီးက လိမ္မာတယ် ဟ.. ”
ဖေဖေ ကိုယ်တိုင် တိုက်တဲ့ ဆန်ပြုတ်ကို နည်းနည်းချင်း အားယူပြီး သောက်လိုက်သည်။ ဆန်ပြုတ်၏ အရသာထက် လည်ပင်းများဆီက နာကျင်မှုကိုသာ သူမ ခံစားရသည်။ ငါးဇွန်းမြောက်မှာတော့ သူမ တင်းမခံနိုင်တော့ပါ။ လက်ကိုသာ မြှောက်ပြလိုက်သည်။ အသာမှိန်းနေသော သူမ၏ နှုတ်ခမ်းထောင့်စွန်း များအား မေမေက တစ်သျှုးစနှင့် တို့ပေးသည်။

“ကဲ သမီးကြီး ဆေးလေး သောက်လိုက်ဦးနော်” ဒါ ဆေးလေးလား ဖေဖေရာ။ ဆယ်မျိုးအထက်မှာ ရှိသော အလုံး၊ အပြား၊ အတောင့် ပုံစံစုံ၊ အရောင်စုံ ဆေးတွေလေ။ သို့သော် ငြင်းပယ်လို့မှ မဖြစ်ပဲကွယ်။ လက်ဝါးထဲသို့ ဖေဖေ ထည့်လာပေးသော ဆေးတွေကို သုံးကြိမ်မျှ ခွဲသောက်လိုက်သည်။ “မေ.. သမီး သီချင်း နားထောင်ချင်တယ် ” သူမလက်ထဲသို့ ရီမုဒ် ကွန်ထရိုးတစ်ခု ချက်ချင်းပဲ ရောက်လာသည်နှင့် မျက်လုံးကို မှိတ်ကာ ရင်းနှီးနေကျ ခလုပ်တစ်ခုကို နှိပ်လိုက်သည်။

.... ♪♫♪ ရင်ထဲက ချည်နှောင်ထားတဲ့ ဒီကြိုးလေးတွေလဲ .. ပြတ်တောက်သွားရင် နောက်ဆုံးတော့ ♪♫♪.....

ကိုအယ်လ်ဖြူရဲ့ ချိုအေးဆွေးမြသော နောက်ဆုံး သီချင်းက တစ်ပိုင်းတစ်စ ထွက်လာသည်။ ကိစ္စမရှိပါ။ ဒီတစ်ပုဒ်တည်းပဲ သွင်းထားသည် မဟုတ်လား။ ဖေဖေ နှင့် မေမေ တိတ်တိတ်လေး ပြန်ထွက်သွားသည်ကို သိလိုက်သည်နှင့် ခေါင်းကို ညာဖက် အသာစောင်းငဲ့ပြီး မျက်လုံးကို ဖွင့်လိုက်သည်။

လောကကြီးကို ဘောင်ခတ် အမှောင်ချပြီး စိမ်ပြေနပြေ ထိုင်ကြည့်ချင်တယ်လို့ ဆိုခဲ့ဖူးသူ မောင်က နံရံပေါ်က ဓါတ်ပုံထဲမှနေ ခပ်စိမ်းစိမ်းကြည့်လျှက်။

...♪♫♪ ပါတ်သက်ခဲ့တာ ဒါ နောက်ဆုံးပဲ နာကျင်စေမယ့် စကားတို့ ... ♪♫♪

လိမ့်ဆင်းလာသော မျက်ရည်စတို့ကို လက်မနှင့် သူမ တို့သုတ်ပစ်လိုက်သည်။

...♪♫♪ သိပ်ချစ်ခဲ့တာ သိသားနဲ့... ပြန်လည်ကာလေ စဉ်းစားကြည့်ပါဦး.. ကလေးရယ် ...♪♫♪

သူမ အိပ်ပျော်သွားရင် ကောင်းမယ်ထင်တယ်။ သီချင်းကို ရပ်လိုက်သည်။ ဖေဖေ အနားကို ရောက်လာကာ “ သမီး ပြန်လှဲတော့မလား” ဟု မေးသည်။ “နည်းနည်း စောင်းပေးပါ ဖေဖေ.. ” နောက်ကျောဖက်ဆီမှာ ခေါင်းအုံး ခုကာ သူမ သက်တောင့်သက်သာ ဖြစ်အောင် ဖေဖေ လုပ်ပေးပါသည်။

“ဖေ.... ဖေ့ကို ချစ်တယ် ”
”ဖေရီးလဲ သမီးကို ချစ်ပါတယ်ဗျာ..”
”မေကလဲ ငါ့သမီးကို ချစ်ပါတယ်တော်. ” ခေါင်းအုံးဘေးကို နှင်းဆီပန်းအချို့ လာချပေးကာ မေမေ ပြောသည်။
“ မေ့ကို ချစ်တယ်”
“ မေ.. ဖုန်းလာလို့ သမီးမနိုးဘူးဆို နှိုးပေးနော်”
“နှိုးပေးမှာပေါ့.. အိပ် အိပ် .. သမီးသာ ပျော်အောင်အိပ်..”

Ring မမြည်တာ 44 ရက်ကြာမြင့်ပြီ ဖြစ်သော နှစ်ဦးတည်း သီးသန့်သုံးသည့် ဖုန်းလေးကို လက်ထဲမှာ ဆုပ်ကိုင်ရင်း သူမ မျက်လုံးများကို မှိတ်လိုက်တော့သည်။

ရင်ငြိမ်းပန်း(ပခုက္ကူ)

No comments: