Pages

Monday, May 31, 2010

အွန်လိုင်းပေါ်မှ ချစ်ပုံပြင်

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ တစ်ချက်ချင်းပေါ်လာတဲ့ စာသားတွေကို ကြည့်ရင်း နန်း လက်ဖျားတွေ အေးစက်လာ တယ်။ မျက်နှာပေါ်က အပြုံးတို့ တဖြည်းဖြည်းချင်း လွှင့်စင်ကာ မျက်လုံးတွေေ၀၀ါးလာတယ်။ တဆက်ဆက် တုန်နေတဲ့ နှုတ်ခမ်းဆီက ဘာသံမှ ထွက်မလာပေမယ့် သိသာထင်ရှားလောက်အောင် နန်း ရုပ်ပျက်နေပြီ...။ မေးလ်ထဲက စာတွေကို အလွတ်မပေးပဲ အတင်းကြည့်နေပေမယ့် ဘာကိုမှ မမြင်နိုင်အောင် ဖြစ်နေပြီ။

”ဟင့်အင်း... မဟုတ်ဘူး ဟင့်အင်း မဖြစ်နိုင်ဘူး... ”
ဆိုတဲ့စကားကို စိတ်ထဲက အခါခါ ရွတ်ဆိုရင်းနဲ့ ကီးဘုတ်ပေါ် မျက်နှာအပ်ကာ အသံမထွက်ပဲ တသိမ့်သိမ့်တုန်သည် အထိ နန်း ငိုမိသည်။ ဘေးဘီမှာ ဘယ်သူရှိနေမလဲ.. ။ ဘယ်သူတွေ နန်းကို ကြည့်နေမလဲ နန်းမသိတော့ဘူး။ နန်း ရင်ထဲမှာ ၀မ်းနည်းနာကျင် နှမြောတသမှုတွေပဲ ရှိတယ်။ ဘာကိုမှ နန်းသတိမထားနိုင်တော့ဘူး။ နန်း တကယ်ကို ခံစားကြေကွဲရပါတယ် စိုင်းရယ်။

စိုင်း.........။

အဝေးရောက်ချစ်သူ

မင်းမှာလဲ အတိတ်ရှိသလို ငါ့မှာလဲ အတိတ်နဲ့ပဲလေ...
လူဆိုတာ အတိတ်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မင်းအနာဂတ်နဲ့ ငါ့အနာဂတ် တူညီနေဖို့ လိုတာပါကွာ

မင်းထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
ငါ့စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
ငါ့ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မင်း အရှေ့က လမ်းကူပြမယ်...

မင်းနဲ့ငါကြားမှာ
လေဟာနယ်တွေရှိမယ်...
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်...
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်...

ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မင်း အသံအက်ရှရှတွေရယ်...
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မင်း အပြုံးပွင့်တွေရယ်...

အနားမှာ ရှိမနေပေမယ့်..
မင်း ရင်ခွင်မှာ ငါ ခိုဝင်တယ်...
အနားမှာ ရှိမနေပေမယ့်..
ငါ့ပုခုံးထက်မှာ မင်း မှီတွယ်တယ်..

ချစ်သူရယ်...
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Sunday, May 30, 2010

ချစ်သူ့စကားသည်သာ

လက်မောင်းတစ်ခုလုံး ထုံကျင်စွာနဲ့ ရွှေစင် နိုးထလာသောအခါ မနက် ငါးနာရီကျော်နေပြီ ဖြစ်သည်။ ညက ကိုပိုင် ပြန်အလာကို စောင့်ရင်း ကီးဘုတ်ပေါ်လက်တင် ခေါင်းအုံးကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ ထိုင်လျှက်အိပ်ပျော် သွားခြင်း ဖြစ်၍ နာနေသော ခါးကို လက်သီးဆုပ်ဖြင့် နောက်ပြန်ဖြေရင်း ရွှေစင် မက်ထပ်ထ ရပ်လိုက်သည်။ အခန်းကို ဝေ့ကြည့်လိုက် တော့ မနေ့ကအတိုင်း ဘာမှအရာမယွင်း။ ယုတ်စွအဆုံး ကိုပိုင် လောလော လောလောနှင့် ပစ်တင်ထားခဲ့သော မျက်နှာသုတ်ပုဝါကအစ ဒီအတိုင်းတိုင်း။ သက်ပြင်းတစ်ချကို ရှည်လျားစွာ ချလိုက်မိသည်။ ဖုန်းကို ဖွင့်ကြည့်တော့လဲ ဘာမှမထူးခြား၊ မေးလ်ဘောက်စ်မှာတော့ မဆေ့ခ်ျ ရှိနိုင်ကောင်းပါရဲ့လေ. ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖွင့်ကြည့်သော်လည်းပဲ ဘာမှမရှိ။

မျက်လုံးကိုမှိတ် ခေါင်းမော့ပြီး အသက်တစ်ချက်၀၀ ရှုလိုက်သည်။ မနေ့က ဘာများဖြစ်ခဲ့ပါလိမ့် စဉ်းစားကြည့်မိသည်။ ထိုနေ့က စနေနေ့။ တစ်မြို့တည်းနေပြီး အလုပ်ကိုယ်စီနှင့် မတွေ့ဖြစ်သော ချစ်သူကို တမ်းတလွမ်းဆွတ်သော စိတ်ဖြင့် ကိုပိုင်ဆီကို သူမ ထွက်လာခဲ့သည်ပဲ။ မနက်ဖြန် တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သောကြောင့် ကိုပိုင်နှင့် တစ်ညလုံး ဂစ်တာတီးမယ် သီချင်းဆိုမယ် စကားပြောမယ် ဆိုသည့် အတွေးတို့နှင့် ဖြစ်သည်။ သူကြိုက်တတ်သည့် သီးစုံပဲဟင်း ချက်ကျွေးရန် လိုအပ်သည့် အသီးအနှံများ ၀ယ်ယူကာ လာခဲ့သော ရွှေစင်အား သော့ပိတ်ထားသော အခန်းက ကြိုနေခဲ့သည် မဟုတ်လား။

“အဲ့ဒီ ကိုပိုင် တစ်ယောက်ဟာလေ ရုံးပိတ်ရက်လဲ ဘယ်သွားနေမှန်း မသိဘူး ဖုန်းလေး တစ်ချက် မဆက်ချင်ရင်တောင် မဆေ့ခ်ျလေးတောင် ချန်ထား သင့်တယ်ကွာ” ရွှေစင် ညည်းညူစွာ တစ်ကိုယ်တည်း ပြောဆိုရင်း တစ်ယောက် တစ်ချောင်းစီ ကိုင်ဆောင်ထားသော သော့နှင့် အခန်းအား ဖွင့်ဝင် လိုက်သည်။ ဘယ်လောက်ပဲ အချိန်နည်းနည်း အခန်းကို အချိန်ယူပြီး ရှင်းတတ်တဲ့ ကိုပိုင့်အကျင့်လေး ကြောင့် အခန်းလေးက ရှင်းသန့်နေသည်။ ၀ယ်လာသည့် ပစ္စည်းတွေကို မီးဖိုခန်းထဲက စင်ပေါ်တင်ပြီးသည်နှင့် အခန်းပြတင်းပေါက်တွေကို လိုက်ဖွင့်လိုက်သည်။ သူ ပြန်လာမှပဲ ပူပူနွေးနွေး ချက်စားမယ်ဆိုသည့် စိတ်ကူးနှင့် ရွှေစင် ကွန်ပျူတာရှေ့ကို ထိုင်လိုက်သည်။

ကျွန်မ၏ ပဲ့ကိုင်ရှင်

ကျွန်မတို့ မိသားစုသည် ဖေဖေ၊ မေမေ၊ ညီမလေး နှင့် ကျွန်မသာ ပါဝင်သော မိသားစုလေးတစ်ခုဖြစ်သည်။ ဖေဖေသည် တည်တံ့သော မျက်နှာနှင့် တင်းကြပ်သော စည်းကမ်းများနှင့် စကားကို မလိုအပ်ပဲ မပြောတတ်သူ ဖြစ်သည်။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်သာ မကပဲ ကျွန်မတို့ အိမ်သို့ အလည်ရောက်လာတတ်သော ကျွန်မတို့၏ သူငယ်ချင်းများပါ ဖေဖေ့ကို ချစ်၊ ကြောက် ရိုသေခဲ့ကြရသည်။ သူ၏ ပင်ကိုစရိုက်ကြောင့် မျက်နှာထား တင်း သော်လည်း ခင်မင်အားနာတတ်သူလဲ ဖြစ်သည်။ အပေါင်းအသင်း များနှင့် ဆုံရင်တော့ ပုံတိုပတ်စလေးများ၊ ဟာသများ၊ သူ၏ ဘ၀အတွေ့အကြုံများကို မျှဝေကာ ပျော်ပျော်နေတတ်သူ ဖြစ်သည်။

ယောင်္ကျားတော်တော်များများက အရက်သောက်ထားရင် သွေးဆိုးတတ်ပေမယ့် ကျွန်မ၏ ဖေဖေကတော့ အရက်သောက်ထားလေ ပိုပြီး ချစ်ဖို့ကောင်းလေ ဖြစ်သည်။ ပုံမှန်က တည်တင်းသော မျက်နှာနှင့် ဖေဖေသည် အနည်းငယ် သောက်ထားပြီဆိုသည်နှင့် အိမ်ရှိလူကုန်ကို လိုက်နောက်ကာ စကားတွေ အများကြီး ပြောတတ်သည်။ ထိုသို့အခါတွင် ကျွန်မတို့ ညီအစ်မနှစ်ယောက်နှင့် မေမေတို့ ပျော်ရွှင်ရယ်မောနေကြရသည်။ သားအဖတတွေ ၀ိုင်းကြီးပတ်ပတ် ကစားခဲ့ရဖူးသည်။ မေမေ့ လက်ကို ဆွဲကိုင်ပြီး ကပြခဲ့ဖူးသည်။

စည်းကမ်းတကျ နေတတ်သော ဖေဖေရဲ့ အုပ်ချုပ်မှုအောက်တွင် ကျွန်မတို့ ညီအစ်မ အိမ်လည်မထွက်ခဲ့ဖူးပါ။ ကျွန်မတို့ အိမ်သို့သာ သူငယ်ချင်းများ လာရောက်လည်ပတ် ကစားခဲ့ရသည်။ နယ်မြို့လေးရဲ့ ရိုးရာ တန်ဆောင်တိုင်ပွဲတိုင်း ကျွန်မတို့ညီအစ်မ အပြင်မထွက်ရပါ။ လမ်းထိပ်မှ ဖိုးရှမ်းတို့ မောင်နှစ်မ နှစ်ယောက်ကို ခေါ်ပေးပြီး လေးယောက် တည်းနဲ့ အိမ်ထဲတင် ပိုက်ဆံကြဲကာ ကောက်စေခဲ့သော ဖေဖေပင် ဖြစ်သည်။

မောင်နှစ်မနည်းသော ကျွန်မတို့ ညီအစ်မနှစ်ယောက်ကလဲ သူငယ်ချင်း ကို အလွန်ခုံမင်တွယ်တာတတ်သည်။ မေမေ ထမင်း ခွံ့ကျွေးချိန်တိုင်း နှစ်ယောက်တည်း စားရသည်ကို ပျင်းသည်။ မေမေ ထမင်းခူးတာ မြင်သည်နှင့် လမ်းထိပ်က ဖိုးရှမ်းတို့ မောင်နှစ်မကို ပြေးခေါ်သည်။ ပြီး မေမေခွံ့သည့် ထမင်းလုပ်ကို လေးယောက် အလုအယက်စားသည်။ လေးယောက် ပါးစပ်ကို အလျင်မှီအောင် ခွံ့ရသော မေမေ့ကို ကြည့်ပြီး ကျွန်မတို့ ပျော်ရွှင်ရသည်။

ဖေဖေနှင့်မေမေသည် နှစ်ဖက်မိဘတွေ အခက်အခဲရှိရက်နှင့် ရအောင်လက်ထပ်ယူထားကြသော ဇနီးမောင်နှံဖြစ်သည်။ သို့သော် အခြေခံမတူသော ဘ၀ကိုယ်စီကလာသူတွေမို့ အမြဲလိုလို စကားများ ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်တိုင်း မေမေက ညီမလေး၏ လက်ကို ဆွဲကိုင်ကာ အိမ်ပေါ်က ဆင်းသည်။ အကြီးဖြစ်သော ကျွန်မကတော့ ထွက်ခွာသွားသည့် မေမေနှင့် ညီမလေးကို ကြည့်ကာ မျက်ရည်ဝဲကာ ကျန်ရစ်ခဲ့ရတာချည်းပင်။

ဖေဖေ နှင့် ကျန်နေခဲ့ရသော ကျွန်မအတွက် ဘာမှမလိုအပ်ခဲ့ပါ။ ထမင်းဟင်းကို ဆိုင်မှာ သွားစားကာ ကျောင်းပို့သည့်အခါတွင်လည်း မေမေကဲ့သို့ ဖွယ်ဖွယ်ရာရာ စီစဉ်မပေးနိုင်သည့် ဖေဖေက မုန့်ဖိုးကို အများကြီး ပေးလိုက်လေ့ရှိသည်။ မေမေ ကျောင်းလိုက်ပို့သော ညီမလေးကတော့ ထမင်းဘူးနှင့် မုန့်ခြင်းနှင့် ဖြစ်သည်။ ကျောင်းရောက်မှ ဆုံရသော ကျွန်မတို့ ညီအစ်မမှာ ကျွန်မက ပါလာသော ပိုက်ဆံဖြင့် ညီမလေးကို မုန့်ဝယ်ကျွေးသည်။ ညီမလေးက မေမေ ထည့်ပေးလိုက်သော မုန့်တို့အား ကျွန်မကို ကျွေးသည်။

Friday, May 28, 2010

ညီမလေးသို့ အိတ်ဖွင့်ပေးစာ



ညီမလေးရေ

တို့မြန်မာ မိသားစု ရိုးရာ

အထက်အောက်ဆိုတဲ့
အစဉ်အလာဟောင်းထဲက ဖောက်ထွက်ခဲ့ပါ။

အကြီးနဲ့ အငယ်ကို
ဖယ်ထားလိုက်ရင်

ညီအစ်မဆိုတာပဲ
ကျန်မှာ မဟုတ်လား။

ငါ မှားပြီး မင်းမှန်တဲ့အခါ
မင်း အစ်မလုပ်ပြီး ဆုံးမပေါ့……..

မင်းမှားပြီး ငါမှန်တဲ့အခါ

မင်း ညီမလုပ်ပြီး နာခံလိုက်ပေါ့……။

ငါ့ရယ်သံတွေ
မင်းနှုတ်ခမ်းက ထွက်ကျတဲ့အထိ
မင်း ငိုရှိုက်သံတွေ
ငါ့နှုတ်ခမ်းက ပွင့်အန်တဲ့အထိ
ရင်ချင်းထပ်လို့ ချစ်ခဲ့ကြတာပဲ။

မင်းကြုံလာတဲ့ ကိစ္စတိုင်းမှာ
ရှေ့ကနေ ငါ မားမားရပ်ခဲ့သလို
ငါကြုံခဲ့တဲ့ ပြဿနာတိုင်းမှာ
နောက်ကနေ မင်း ကြံ့ကြံ့ခိုင်ပေးခဲ့တာပဲ။

မင်း စိတ်ဆိုးအောင် ငါလုပ်ခဲ့ဖူးသလို
ငါ ဒေါသထွက်အောင် မင်း စခဲ့ဖူးတယ်
စိတ်ကောက်၊ ရန်ဖြစ်ပြီး
သဘောထားတွေ ကွဲလွဲခဲ့ဖူးတယ်။


မင်းဖျားတုန်းက ငါလိုက်ဖျားခဲ့သလို
ငါ မျက်ရည်ကျတော့ မင်းလိုက်ငိုခဲ့ဖူးတယ်
သုံးနှစ်ကျော် ကွာပေမယ့်
အမြွာတွေ ထင်ရလောက်အောင်
တို့နှစ်ယောက်စည်းလုံးခဲ့ဖူးတယ်။

Thursday, May 27, 2010

ဖြတ်သန်းခဲ့သော မြစ်ပြင်များ


ကျွန်မ ရေမကူးတတ်ပါ။ ပို၍ တိကျစွာ ပြောရလျှင် ရေထဲတွင် ကိုယ်ကိုဖော့၍ ခြေရော လက်ပါ လှုပ်ရှားကာ ကူးခပ်ရသော အတက်ပညာကို ကျွန်မ တက်မြောက်ခြင်း မရှိပါ။ သို့သော်.. ခရီးသွားလာရန်ဖြစ်စေ၊ ဘ၀ရပ်တည်မှု အတွက် ဖြစ်စေ၊ အခြားသော အကြောင်းအရင်း ပေါင်းများစွာဖြင့် မြစ်ပြင်များကို ကျွန်မ ဖြတ်သန်းခဲ့ ရသည်မှာ ငွေရတု တိုင်လာသော အသက်အပိုင်း အခြားတွင် ကြိမ်ရေ ရာချီနေပြီ ဖြစ်သည်။

ကျွန်မ ဘ၀ရဲ့ ကနဦး မြစ်ဖြတ်ကူးခဲ့ရခြင်းမှာ မိဘ တည်းဟုသော အကာအရံ တို့နှင့် ဖြစ်၍ ဖေဖေ၏ စောင့်ရှောက်မှု မေမေ၏ နွေးထွေးမှုတို့ အကြားမှာ လှိုင်းဆိုတာလဲ ကျွန်မ ကြောက်ရွံ့ရကောင်းမှန်း မသိခဲ့ပေ။ လေထန်၍လည်း ငိုကြွေးဖို့ သတိမရလောက်အောင် မိသားစုအတွင်းမှာ ပျော်ရွှင်ခဲ့သည်သာချည်း ဖြစ်သည်။ ကစားစရာ အသစ်အဆန်း တစ်ခုကို တွေ့မြင်ရသည့် ကလေးတစ်ဦးသဖွယ် မြစ်ရေတို့အား ထိတွေ့ကိုင်တွယ်လိုစိတ်နှင့် ကျွန်မ တက်ကြွခဲ့သည်။

မိဘ၊ မိသားစု မပါပဲ ဖြတ်ကူးခဲ့ရသော မြစ်ကူးခရီးစဉ်မှာ ချစ်သူနှင့် ဖြစ်သည်။ ချစ်သူနှင့်အတူ သွားလာစဉ် မြစ်ပြင်ပေါ်မှာ တည်ငြိမ်သည်လဲ ရှိသည်၊ လူးလွန့်သည်လဲ ရှိသည်။ ရင်ခုန်မှု၊ ယုံကြည်မှုတို့နှင့် ကျွန်မ ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်မလာခဲ့။ ချစ်သူ၏ ပုခုံးကို မှီနွဲ့ရင်း စိုးထိတ်ဖို့ ကျွန်မ မေ့လျော့ခဲ့သည်။ ချစ်သူ့လက်ကို ဆွဲရင်း မြစ်ပြင်ကိုပင် အကြိမ်ကြိမ် ကူးဖြတ်ခဲ့သည်။


ဘ၀ဟူသည် မျှော်မှန်းထား၍ မရသော အပြောင်းအလဲ၊ အချိုးအကွေ့များနှင့် ပြည့်နှက်နေသော အရာပင် ဖြစ်သည်။ ချစ်သူအတွက် မြစ်ပြင်ကို ပျော်ရွှင်စွာ ဖြတ်ကူးခဲ့သော ကျွန်မ မြစ်ပြင်ပေါ်မှာပင် ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရသည်။ ကိုင်ဆွဲစရာ လက်မရှိတော့သော ကျွန်မ သတိသက်ဝင်လာသောအခါ ကျွန်မ၏ ပတ်ဝန်းကျင်သည် ရေချည်းအတိသာ ဖြစ်သည်။


Tuesday, May 25, 2010

ကျွန်မ မောင့်ကို ချစ်သည်။

ကျွန်မ : လက်တစ်ဝါးစာ ရင်ဘတ်ကလေးနဲ့ မိုးကောင်ကင်လောက် ခံစားသူ။
မောင် : ကျွန်မ မပိုင်ဆိုင်သော ကျွန်မ၏ ဒုတိယအသက်။
ချစ်သည် : ချစ်သည်ဟု ဆိုရာဝယ် “အချစ်” ဆိုသည့် စကားကို ထပ်မံညွှန်းဆိုရန် လိုမည် ထင်သည်။
အချစ် : လူအမျိုးမျိုး၊ စိတ်အထွေထွေ တွင် အချစ်သည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရပ်တည်နေပါလိမ့်မည်။

တစ်ချို့က အချစ်ဆိုတာ ချိုလဲချို၊ ခါးလဲခါး၊ မာလဲမာ၊ ပျော့လဲပျော့၊ ပူလဲပူ၊ အေးလဲအေးသည်ဟု ဆိုသည်။ တစ်ယောက်ကလဲ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းဟု ပြောသည်။ ပေးဆပ်လိုက်ရသူ တစ်ယောက်ကလည်း အချစ်ဆိုတာ စွန့်လွှတ်ခြင်းဟု၍ ပြောပါလိမ့်မည်။ အချစ်ဆိုတာ ရေခဲတုံးလိုပဲ စားခဏမှာ အေးပြီး ရင်ထဲရောက်ရင် ပူတယ်ဟု ဆိုသူက ဆိုပြန်သည်။ အချို့သော သူတွေအတွက်တော့ အချစ်ဟာ ခွန်အားတစ်ခု ဖြစ်သလို အချို့အတွက်တော့ အချစ်ဟာ နတ်ဆိုးတစ်ပါး ဖြစ်နေလေရဲ့။

44 ခုမြောက် နံနက်ခင်း

 သူမ ၏ 44 ခုမြောက် နံနက်ခင်းသည် သူမ ဖခင်၏ သက်ပြင်းဖွဖွချသံ တစ်ခုဖြင့် စတင်ခဲ့ရခြင်း ဖြစ်သည်။ ဖခင်၏ စိတ်အားလျော့နေမည့် မျက်လုံးတွေကို သူမ မမြင်ရက်သောကြောင့် မျက်လုံးများ ဖွင့်ရမည်ကို ၀န်လေးနေခဲ့သည်။ သို့သော် မဖွင့်ပဲ နေမည်ဆိုလျှင်လည်း မေမေရော ဖေဖေပါ စိတ်ပူနေကြဦးမည်။

မျက်လုံးအစုံကို ဖွင့်လိုက်တော့ နွမ်းနယ်နေပေမယ့် သနားကြင်နာမှုအပြည့်နှင့် ဖခင်ကို သူမ မြင်တွေ့လိုက်ရသည်။ “သမီးကြီး ... နိုးပလား.. အမေကြီးရေ သမီးနိုးပြီကွ.. ဆန်ပြုတ်လေး ယူခဲ့ပေး တိုက်ရအောင်” သူမကို မေးရင်း မေမေ့ကိုပါ တဆက်တည်း ပြောလိုက်သော ဖခင်ကို သူမ ခေါင်းပဲ အသာငြိမ့်ပြလိုက်သည်။