Pages

Monday, August 9, 2010

သူ့ဝန်ထမ်း

တာဝန်နဲ့ ၀တ္တရားဆိုတဲ့
ကမ်းပါးနှစ်ခုကြားမှာ
မြစ်ကျိုးအင်းတွေ ဗရပွနဲ့
ဒဏ်ရာရမြစ်တစ်စင်း
ဖြစ်မှန်းမသိ ဖြစ်ခဲ့သူ။ ။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Friday, August 6, 2010

ငါ၏ ကျဆုံးခြင်း

ခွင့်လွှတ်မှု
နားလည်မှုတွေနဲ့
ကိုယ့်ကိုကိုယ်
ပိုက်ထွေးထားလိုက်ရတာ
ငါဆိုတာတောင် ရှာမတွေ့တော့ဘူး။ ။


ရင်ငြိမ်းပန်း(ပခုက္ကူ)

Monday, August 2, 2010

လင်းလက်နေစေချင်ပါသည်

      တိတ်ဆိတ်တယ်လို့ မဆိုသာသော်လည်း ဆူညံသံများနဲ့ ကင်းဝေးတဲ့ ဒီနေရာလေးကို ကျွန်မ တစ်ယောက်တည်း ရောက်ခဲ့ပြန်ပြီကောကွယ်.....။

    နှင်းတို့ရဲ့ အငွေ့အသက်နဲ့ အေးစက်နေတဲ့ ကျောက်သားလှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်ရင်းနဲ့ပဲ ကျောက်တောင်ဘုရားပေါ်ကို ကျွန်မ ရောက်လာခဲ့ပြီ။ ပင့်သက်တစ်ချက်ကို ရှိုက်ထုတ်လိုက်ရင်း အမောဖြေကာ ဘုရားဝတ်ပြုဖို့ နေရာကို မျက်လုံးဝေ့ပြီး ရှာကြည့်လိုက်သည်။ အဟက်..  ရုတ်တရက် စိတ်ထဲက ရယ်ချင်ပက်ကျိ ဖြစ်ကာ အသံထွက်ရယ်လိုက်မိသည်။ ကျွန်မဆိုတာက ဘယ်အရပ်၊ ဘယ်ထောင့်ဆိုတာတွေ အစွဲရှိသူမှ မဟုတ်ပဲလေ။ ဘယ်နေရာက ဝတ်ပြုပြု ယုံကြည်သဒ္ဓါစိတ်ကသာ အဓိကလို့ လူအမြင်ကပ်အောင် ကြွေးကြော်ခဲ့သူပေပဲ.. ဘယ်နှယ့်ကြောင့် နေရာရွေးနေရတာလဲ နန်းနုရယ်။

      အင်း.. အရင်တစ်ခေါက်က နေရာရွေးကာ ထိုင်ခဲ့စေသူကို သတိရနေတာပဲ မလား.......။ အတွေးထဲက အမေးနဲ့အတူ မဆိုစလောက်လေး  တိုက်ခတ်သွား သော လေနုအေးက အရိုးထဲထိပါ စိမ့်သက်သွားစေသည်။ လက်နှစ်ဖက်ကို အသာထွေးပိုက်ရင်း အနွေးထည်မပါသော အဖြစ်ကို ကျွန်မ သတိထားမိလိုက် သည်။

    “ဒီလောက်အေးနေတာကွာ အနွေးထည်က မယူလာဘူး
     လာ ဒီဖက်တိုး.... ကိုယ်နွေးအောင် လုပ်ပေးမယ်”

     ဆိုတဲ့ စကားနဲ့အတူ အနားတိုးကပ်ကာ ရင်ခွင်ထဲ ထွေးပွေ့ထားမည့်သူလဲ မရှိတော့ပြီပဲ။

   လေထုထဲက အမှိုက်တစ်စများ မျက်လုံးထဲ ဝင်သွားရော့လားမသိ ကျွန်မ မျက်လုံးတွေ ကျိန်းစပ်လာသည်။ လျှပ်တပြက် အတွေးတွေနဲ့ ရောက်နေတဲ့ နေရာမှာ တွေတွေကြီး ရပ်နေမိရာကနေ ဘုရားရင်ပြင်ဆီကို ကျွန်မ လျှောက်လာလိုက်သည်။ ပြီး အမေ့ရှေ့ရောက်နေတဲ့ အပြစ်ရှိ ကလေးငယ်လို ကျုံ့ကျုံ့လေး ထိုင်ကာ နဖူးပေါ်လက်စုံတင်ကာ ကျွန်မ စိတ်လိုလက်ရ ဘုရားဝတ်ပြုလိုက်သည်။ ဝတ်ပြုအပြီး ပုံမှန်အတိုင်း  ဆုတောင်း၊ အမျှဝေလိုက်သည်။ ရွတ်နေကျ စာသားတွေ ဖြစ်နေတဲ့အတွက်     နှုတ်က သူ့အတိုင်းသား ထွက်ကျလာတဲ့ ဆုတောင်းတွေပေါ့လေ။

    “ဖေဖေနဲ့ မေမေ ကျန်းမာပါစေ၊ ချမ်းသာပါစေ
     ညီမလေးလဲ ကျန်းမာစွာနဲ့ လိုအင်ဆန္ဒပြည့်ဝပါစေ
     သူငယ်ချင်းများအားလုံး ဘေးမသီရန်မခနဲ့ ကျန်းမာကြပါစေ.
     ချစ်သူ “မောင်” လဲပဲ ကျန်းမာ...”
         တုံ့ခနဲ ဖြစ်သွားတဲ့ ဆုတောင်းအတွက် ကျွန်မ စိတ်လက်မသက်သာစွာနဲ့ပဲ မျက်ခုံးတွန့်လိုက်မိပါရဲ့။ သြော်.. ချစ်သူတွေမှ မဟုတ်တော့ပဲလေ......။ သူငယ်ချင်း များထဲမှာပဲ ထည့်လိုက်တာပေါ့ အင်း........။

    “ယနေ့ပြုသမျှ ကောင်းမှုကုသိုလ်အမျှ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်...”
      အဆုံးသပ် သာဓုခေါ်ပြီးတာနဲ့ ကျွန်မ ထရပ်လိုက်တယ်။ မိုက်ခနဲ ဖြစ်သွားလို့ လက်တစ်ဖက်ထောက်ပြီး ပြန်ထိုင်လိုက်တဲ့ အချိန်မှာတော့ အမှိုက်ဝင်ထားတဲ့ မျက်လံုးကနေ မျက်ရည်တစ်စက် ကျလာတယ်....။  သြော်.. ခုချိန်မှာတော့  အမှိုက်လေးတစ်စကလဲ မျက်ရည်လမ်းကြောင်း တစ်ခုပဲပေါ့...။ ကြမ်းခင်းရဲ့ အေးစက်တဲ့ အတွေ့ကြောင့် ကျွန်မ ကြာကြာ ထိုင်မနေသင့်ဘူးဆိုတာ သိနေတယ်။ ကြိုးစားပြီး ကျွန်မ ... ရင်ပြင်ဝရံတာဆီကို လျှောက်လာလိုက်တယ်။

    ဟိုးအဝေးမှာ ကြယ်ပွင့်လေးတွေ လက်နေလိုက်တာ..........။ ကျွန်မကို စွန့်ခွာသွားခဲ့ပြီဖြစ်သော မောင်တစ်ယောက်ရော.. သူနေထိုင်ရာ ဘဝဝန်းကျင်မှာ လင်းလက်နေပါရဲ့လား။ ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ကျွန်မရဲ့ စိတ်နဲ့ခန္ဓာ မှာ လောင်ကျွမ်းနေသော အလွမ်းများဖြင့် သူ့ဘဝလေး ..............................
                   လင်းလက်နေစေချင်ပါသည်။
                   လင်း လက် နေ စေ ချင် ပါ သည်။
                   လ င်း လ က် ေ န ေ စ ခ် င် ပါ သ ည်။
                   လ င်း လ က် ေ  န  ေ စ ခ ် င် ပါ သ ည် ။
                   လ  င်း  လ  က်  ေ  န   ေ  စ ခ  ်  င် ပါ သ  ည်။

Friday, July 30, 2010

ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည်

    လွန်ခဲ့သော ခုနှစ်နှစ်ခန့် 2003 ဆီက ဖြစ်သည်။ ကျွန်မတို့ တွဲဖော်တွဲဖက် သူငယ်ချင်း လေးယောက်ဖြစ်တဲ့ မေကျော်၊ စန္ဒာ၊ အောင်လွင် နဲ့ ကျွန်မ (နန်းလေပြေနု) တို့ သင်တန်းတစ်ခုကို အတူတကွ တက်ဖြစ်ခဲ့သည်။ programming သင်တန်းတစ်ခု ဖြစ်သည်။ သင်တန်းဆရာများက ကျောင်းဆင်းခါစ ငယ်ငယ်ရွယ်ရွယ်လေးတွေ ဖြစ်ပေမယ့် နည်းပညာကျွမ်းကျင်ကာ စာသင်ကြားခြင်းမှာလဲ ထူးချွန်တက်မြောက်သူများ ဖြစ်သည်။
    သူငယ်ချင်းတွေ အတူတကွ တက်ခြင်း ဖြစ်သည်ကြောင့်ရော၊ ဆရာများ၏ သင်ကြားမှု ကောင်းမွန်သည်ကြောင့်ရော ကျွန်မတို့တတွေ အတော်လေး ပျော်ရွှင်ခဲ့ကြသည်။ ဆရာများက တခြားမြို့မှ လာရောက်ကာ သင်တန်းဖွင့်ခြင်း ဖြစ်သဖြင့် ငှင်းတို့၏ နာမည်မှ အပ ကျန်သည်ကို ကျွန်မတို့ မသိရှိကြပေ။ သိရှိဖို့ရန်လဲ မလိုအပ်ပေ။ အဓိက က ကိုယ်တက်ရောက်သည့် သင်တန်း အောင်မြင်စွာ ပြီးဆုံးဖို့ပင် ဖြစ်သည်။
    ထိုသို့ ကျောင်းမှာရော သင်တန်းမှာပါ တတွဲတွဲနေနေကြသည့် ကျွန်မတို့ လေးယောက်ကို သူများတွေ အားကျ မနာလိုဖြစ်သည့်အထိပင် ထိုသင်တန်း၏ သင်ကြားမှုက စိတ်ကျေနပ်စေခဲ့သည်။ ထိုအခါ အခြား သူငယ်ချင်းတစ်ယောက်ဖြစ်သော ရာရားကို ထိုသင်တန်းတက်ဖို့ ကျွန်မတို့တွေ တိုက်တွန်းကြလေသည်။ ငါးယောက်ဖြစ်သွားသော ကျွန်မတို့ အဖွဲ့ ပိုပြီးစုစည်းသွားကာ အိမ်ကလူတွေ မျက်စေ့နောက်သည့်အထိ လက်တွဲမြဲမြံ ချစ်ခင်ခဲ့ကြသည်။
    သင်တန်းလေးကိုလဲ တွယ်တာကာ ဆရာတို့ကိုလဲ လေးစားချစ်ခင်ခဲ့ရသည်။ ထို့ကြောင့်ပင် ဆရာများအတွက် ကျွန်မတို့ ငါးယောက်အဖွဲ့က အနီးကပ် တပည့်ရင်းတွေ ဖြစ်သွားကြသလို ကျွန်မတို့အတွက်လဲ ဆရာများသည် သူရဲကောင်းများ သဖွယ် ဖြစ်လာကြသည်။ လူတို့၏ သဘောသဘာဝ အရ လေးစားပြီ၊ ချစ်ခင်ပြီ ဆိုလျှင် အရာတော်တော်များများကို အကောင်းဖက်ကသာ ကြည့်မြင်ကြလေ ရှိသည်။
    ထိုအချိန်မှာပဲ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေကြသော ကျွန်မတို့ကို သင်ကြားပြသပေးနေသည့် ဆရာများသည် တဖြည်းဖြည်းနှင့် သတင်းဆိုးများ ထွက်စပြုလာသည်။ အဓိက အကြောင်းအရင်းမှာ ငှင်းတို့ သင်ကြားပေးနေသော တပည့်ကျောင်းသူများနှင့် ပါတ်သက်ရာမှ အစပြုခြင်း ဖြစ်သည်။ ထိုအခါ သင်တန်းမှ မဟုတ်သော သူငယ်ချင်းများက ကျွန်မတို့ အဖွဲ့အား မေးမြန်းစပ်စုကြသည်။  ဘကုန်းနှင့် စသော မေးခွန်းများ..။ လနှင့် ဆုံးသော မေးခွန်းများအကြားတွင် ကျွန်မတို့ သူငယ်ချင်း ငါးယောက် ခေါင်းမဖော်နိုင်အောင် အလူးအလဲ ဖြစ်ခဲ့ကြသည်။
    ကျွန်မ အပါအဝင် လူတော်တော်များများ၏ အကျင့်လေးတစ်ခုမှာ ကိုယ်ချစ်ခင်နှစ်သက်သည့် လူတစ်ယောက်ကို ကိုယ်ကသာ လက်ညှိုးထိုး အပြစ်ဆိုချင်ဆိုမယ် တခြားသူ အပြစ်ဆို ကဲ့ရဲ့ခြင်းကိုတော့ ဆက်ဆက်ထိ မခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အတွက် အဖွဲ့ထဲတွင် ခေါင်းဆောင်လို ဖြစ်နေသော လူမိုက်ဘွဲ့ခံ ကျွန်မနှင့် အောင်လွင်တို့မှ ဆရာတို့ဖက်မှ တက်နိုင်သမျှ ခုခံကာကွယ်ခဲ့ကြသည်။
    လူသားအချင်းချင်း ချစ်ခင်သက်ဝင်ကြသည်မှာ အပြစ်တစ်ခုဟု ကျွန်မ မထင်မြင်မယူဆချင်ပါ။ ကျောင်းသူဖက်က စသည်ဖြစ်စေ ဆရာ့ဖက်မှ စသည်ဖြစ်စေ လူနှစ်ယောက် ချစ်ခင်ကြသည်မှာ မုန်းတီးသည်ထက်တော့ ပိုပြီး နားဝင်ချိုပါသည်။ သို့သော်...................။
    ထို သို့သော်မှာ တာဝန်တော်တော်ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ နေထိုင်ကြီးပြင်းရာ မြန်မာမိသားစု အသိုင်းအဝိုင်းထဲမှာက လိုက်နာရမည့် စည်းကမ်းများ၊ လိုက်နာသင့်သော စည်းမျဉ်းများ၊ တစ်နည်းအားဖြင့် ဆိုသော် လူ့စည်း၊ ဘီလူးစည်း ဟု ဆိုရမည့် စည်းများ တော်တော်များများကို ရှိနေသည်။ လွတ်လပ်သော လူငယ်နှစ်ယောက် ချစ်ခင်ကြသည့် အဖြစ်မှာ ... ဆရာ နှင့် တပည့်ဟုသော စည်းလေး ရှိနေသည့်အတွက် အများအမြင်နှင့် အကြားအတွက် ကဲ့ရဲ့ပြစ်တင် အတင်းဆိုစရာ ဖြစ်နေသည်။
    ဆရာနှင့် တပည့် လက်ထပ်သည့် အဖြစ်အပျက်တွေ မရှိဘူး မဟုတ်ပါဘူး။ အများကြီး ရှိပါတယ်။ ကျွန်မရဲ့ ဖေဖေ နှင့် မေမေက အစ ဆရာတပည့်ယူထားခြင်း ဖြစ်သည်။ မတူညီသည့် အဆင့်အတန်းကို ညီမျှအောင် ညှိယူနိုင်မည်ဆိုလျှင် ပြဿနာ မရှိဟု ကျွန်မ ထင်မြင်သည်။ ဆရာက တပည့်ကို လက်ထပ်ယူသည့်အတွက် လူအများလေးစားခံရသည့် ဘဝမှာ နိမ့်ဆင်းပေးရကောင်း ပေးရလိမ့်မည်။ ဆရာဘဝကို စွန့်လွှတ်ကောင်း စွန့်လွှတ်ရလိမ့်မည်။ တပည့်မအနေနှင့်လဲ အနန္တောအနန္ဒ ဂိုဏ်းဝင် ဆရာသမားကို လက်ထပ်ယူသည့်အတွက် ဂိုဏ်းပြစ်သင့်သည် မသင့်သည်တော့ မသိ။ လူအများစု၏ ကဲ့ရဲ့ပြစ်တင်မှုကိုတော့ ခံယူရပေလိမ့်မည်။
    ကျွန်မ တွေးမိသည်မှာ ဆရာက တပည့်ကို ချစ်မိသည်မှာ အပြစ်တစ်ခုဟု မဆိုသာပေ။ သို့ပေမယ့် အားလုံးခံယူထားကြသည့် စည်းများမှ အစွန်းလွတ်စေရန် ဆရာဘဝကို စွန့်လွှတ်လိုက်။ ဆရာ မဟုတ်တော့သဖြင့် တပည့်ကျောင်းသူနှင့် ပါတ်သက်သည် မဟုတ်တော့ပဲ အခြေတူလူနှစ်ယောက် ချစ်ကြိုက်ခြင်းသာ ဖြစ်သွားမည်။ ထိုအနေအထားကို ကျွန်မသာ မဟုတ်ပဲ လူတော်တော်များများ လက်ခံနိုင်ကြသည် ဆိုသည်ကို ကျွန်မကိုယ်တိုင် လူ အယောက်နှစ်ဆယ်ကို လိုက်မေးကာ 72 : 28 အချိုးရရှိခြင်းဖြင့် သိရှိခဲ့သည်။
    သို့သော်.. မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ ထိုသည်မှာ ဆရာဘဝကို မစွန့်လွှတ်နိုင်သော ကျွန်မတို့၏ ဆရာက တပည့်ကျောင်းသူဖက်မှ စတင်ကာ မေတ္တာသက်ဝင်ခဲ့သဖြင့် ထိုသို့ ဖြစ်ရပါသည်ဟု ဆိုကာ လူအများ သမုတ်ကြသည့် ပြစ်တင်ဝေဖန်မှုများကို တာဝန်မယူပဲ မိန်းကလေးဖက်ကို လုံးလုံးလျားလျား လွှဲချခဲ့ခြင်း ဖြစ်သည်။
    တစ်ချိန်လုံး လေးစားအထင်ကြီးခဲ့ရသည့် ထိုဆရာကို ကျွန်မတို့ သူငယ်ချင်းတွေ စိတ်အကြီးအကျယ် ပျက်သွားခဲ့ရသည်။ မည်သူ့ ဖက်မှ စတင်သည်ဖြစ်စေ.. ချစ်သူရည်းစားဘဝကို တစ်ဦးတစ်ယောက်တည်းနှင့် ဖန်တီးယူလို့ မရဘူးဆိုတာ အလယ်တန်းကျောင်းသားအရွယ်တွေတောင် ရှင်းရှင်းလင်းလင်း သိနေသည့် ဒီခေတ်ကြီးမှာ ဘာအတွက် ထိုသို့ ဖန်တီးချင်ရသလဲဆိုတာ ကျွန်မ တွေးတောမရပါ။
    အခြားသော သင်တန်းသားများရှေ့ လူသိထင်ရှား လက်ဆောင်လဲလှယ်ခြင်း၊ ကဗျာရေးစပ်ခြင်း၊ စာအပြန်အလှန်ပေးပို့ခြင်း ..... စသည်ကို စိတ်ရှင်းရှင်း၊ လိပ်ပြာလုံလုံနှင့် ထိုဆရာ လုပ်ခဲ့သည်ကို ကျွန်မအပါအဝင် လူတော်တော်များများ သိမြင်ကြားခဲ့သည်။ ဤသည်မှာ ထိုတပည့်ကျောင်းသူ၏ ဖိတ်ခေါ်မှုဖြင့် လုပ်ဆောင်ခဲ့ရပါသည် ဆိုလျှင် ... သင်ကြားခဲ့ဖူးသည်ကို မထောက်ညှာပဲ ကျွန်မ ဝေဖန်ချင်ပါသည်။ ထိုဆရာ ဦးနှောက်မရှိသူ တစ်ယောက်ပေလား။ သို့တည်းမဟုတ်. ကလေးတစ်ယောက် စဉ်းစားဆင်ခြင်နိုင်သည့် ကိစ္စကို တွေးတောဆင်ခြင် နိုင်သည့် ညဏ်ရည်မျိုး မရှိသူ တစ်ယောက်လား။
    ကျွန်မတို့ သူငယ်ချင်းတွေ ဘယ်လောက်ပဲ ခုခံကာကွယ်ပေးချင်သော်ငြား ဖုံးဖိလို့ မရနိုင်သည့် အကျင့်ဆိုးကို ထိုဆရာ ပိုင်ဆိုင်ထားသည်မှာ ကျွန်မတို့အတွက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။ သင်တန်းသားတွေ တရုန်းရုန်းနှင့် ဝေစည်ပျော်ရွှင်စရာ သင်တန်းအဖြစ်ကနေ ခပ်ကျဲကျဲ ခပ်ပါးပါး သင်တန်း ဖြစ်လာသည်ကို ထိုင်ကြည့်ရင်း ကျွန်မ စိတ်တော်တော်မကောင်းပါ။ ကျွန်မတို့အနေနှင့် အဖတ်ဆည်လို့ မရနိုင်သည့် ထိုအဖြစ်အတွက် ဘယ်လိုမှတ်ချက်မျိုးမှလဲ မပေးချင်တော့ပါ။
    နင်တို့ ဆရာက အဲလိုကြီးဆို... ။ ဒါဆို နင်တို့ သင်တန်းက ဆရာတွေ အဲလိုလုပ်နေတာကို အကာအကွယ်ပေးထားတဲ့ သင်တန်းကြီးပေါ့... ။ နင်တို့သင်တန်းကြီးက ... ။ ... ။ ..........။ ......................။
    ကျွန်မရဲ့ ခေါင်းထဲတွင် ရှိသည်က ဆရာအဝတ်ကို လွှမ်းခြုံထားသ၍ ထိုသူသည် ဆရာတစ်ယောက်သာ ဖြစ်သည်။ သို့သော် ယခင်က ထားရှိခဲ့သည့် လေးစားမှု၊ အထင်ကြီးမှုများ မရှိသလောက် လျော့ပါးသွားမည်လားတော့ ကျွန်မ မသိနိုင်။ သည်လိုနှင့်ပင် ကျွန်မ သင်တန်းဆီသို့ အရောက်အပေါက်နည်းသွားသည်။ ဆရာ့အတွက်နှင့် ကျွန်မတို့ သူငယ်ချင်းတွေ ငြင်းရခုန်ရသည်။ အတွေးအမြင်တွေ ကွဲလွဲရသည်။ ကာယကံရှင် နှစ်ယောက်က နေသာသလို နေနေကြသည့်အချိန်တွင် သူတို့အတွက် ကျန်သူများ သွေးကွဲကြရသည်။
    ........................................................................................။
    ဆရာနှင့် တွဲဖက်ရေးသားနေသော ပရော့ဂျက် ကိစ္စအတွက် ဆရာနှင့် တွေ့ဆုံသည်၊ ပူးပေါင်းဆောင်ရွက်သည်၊ အောင်မြင်အောင် ကြိုးစားသည်။ ထိုသည်မှ လွဲ၍ ကျွန်မနှင့် ဆရာ့ အကြား ဘာမျှ မရှိတော့ပါ။ ကျွန်မကို သင်ကြားပြသခဲ့ဖူး၍ ဆရာဖြစ်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် တစ်ယောက် အဖြစ်သာ ကျန်ရှိတော့သည်။ ဒီလိုလူမှန်းသိနေတာတောင် တွဲပြီး လုပ်ကိုင်နေသေးလားဟု ကျွန်မ မေးခွန်း အထုတ်ခံရသည်။ သူ့ ပုဂိုလ်ရေးကိစ္စမှ လွဲလျှင် ကျွန်မအတွက်တော့ ဆရာသမားကောင်းတစ်ယောက်သာ ဖြစ်သည်။ ကျွန်မမသိသော နည်းပညာများနှင့် ပရော့ဂျက် ရေးသားနည်းများကို နည်းပြလမ်းညွှန်ခဲ့သော ဆရာသည် ဆရာပင်ဖြစ်သည်။
    သူတို့နှစ်ဦး ကိစ္စနှင့် ပါတ်သက်၍ မည်သူ့ဖက်ကမှ ကာကွယ်ပြောဆိုခြင်းမျိုးလဲ မလုပ်တော့ပါ။ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အကြောင်းရှိ၍သာ အကျိုးဖြစ်ခဲ့ရခြင်းပင် မဟုတ်ပါလား။ မည်သူပြောခဲ့မှန်း မသိပေမယ့် အိမ်အများစုမှာ ချိတ်ဆွဲထားလေ့ရှိသော စာသားလေးတစ်ခုကိုသာ ကြားယောင်မိသည်။
    ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည်။


ချစ်ခင်စွာဖြင့်
နန်းလေပြေနု

Monday, July 26, 2010

မည်သို့ပင်ဖြစ်စေ............. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

 27.12.2009 တွင် ရေးဖြစ်ခဲ့သော စာစုလေး ဖြစ်ပါသည်။

2008 ခုနှစ် ဒီဇင်ဘာလ 27 ရက် ကနေ ဒီနေ့ 2009 ခုနှစ် ဒီဇင်ဘာလ 27 ရက်နေ့အထိ ရက်ပေါင်း 365 ရက်တိတိ။ နာရီဖြင့်ဆိုလျှင် 8760 နာရီ၊ မိနစ်ဖြင့်ဆိုလျှင် 525600 မိနစ်၊ စက္ကန့်ဆိုပါက သုံးရာတစ်ဆယ့်ငါးသိန်းနှင့် သုံးသောင်း ခြောက်ထောင် စက္ကန့်ခန့် ကြာလေပြီ။ တစ်လလောက် ခွဲရတာလေးကိုတောင် မျက်ရည်ကျမိအောင် ၀မ်းနည်း တက်သော ကျွန်မဒီမျှအထိ သူနဲ့ ခွဲခွာနေနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဘူးပါ။ သို့သော် မယုံကြည် နိုင်လောက်အောင်ပင် သူနဲ့ ကျွန်မ ဝေးကွာခဲ့တာ တစ်နှစ်တင်းတင်း ပြည့်လေပြီ။

လေးနှစ်စာ တည်ဆောက်ခဲ့သော ချစ်ခင်မှု၊ ရင်းနှီးမှု၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ယုံကြည်မှု၊ လေးစားမှု၊ ကြင်နာမှုတို့ကို မေ့ ပစ်ဖို့ရာ တစ်နှစ်ဆိုသော အချိန်သည် လုံလောက်ပါရဲ့လား။ သူရော ကျွန်မကို မေ့ပစ်လိုက်နိုင်ပြီလား။ သို့တည်းမဟုတ် ကျွန်မလို မဟုတ်ရင်တောင် တိုက်ဆိုင်မှု ရှိတဲ့အခါတိုင်း ကျွန်မကို သတိရဖြစ်ပါရဲ့လား။ အရာရာကို လက်တွေ့ကျကျ ရှု့ မြင်တတ်သော သူသည် ကျွန်မလို အချိန်တိုင်း လွမ်းဆွတ်ခံစားနေမည့်သူ မဟုတ်တာ သေချာပါသည်။ သို့ဆိုလျှင် အပြီးတိုင် ဖျောတ်ဖျတ်၍ မရသော မှတ်ညဏ်အစိတ်အပိုင်းထဲမှ အပ သူ့ရင်ထဲတွင် ကျွန်မ ရှိမနေတော့မှာလဲ သေချာ ပါသည်။

ကျွန်မကတော့ လွမ်းဆွတ်မှုကို ရေလဲလို စားသုံးကာ သူနဲ့ ပါတ်သက်သမျှကို ရင်ထဲမှာ သိမ်းဆည်းပြီး ဝေဒနာကို ထမ်းပိုးနေသူဖြစ်သည်။ လွမ်းတယ်ဆိုတာ ရင်ထဲမှာ ဆို့နစ်လာအောင် သတိရတတ်တာမျိုး မဟုတ်လား။

Sunday, July 25, 2010

...............................

အခုဆို
နှင်းတွေလည်း ကျိတ်ကျိတ်ပြီး ငိုလို့
မြေနီတိုက် (၃၆ )ရှေ့က ပုဏ္ဍရိပ်တန်းလေးလည်း
ဗိုလ်ကတော်ပင်တန်းလေးလည်း တိက်တိက်လေး စိုလို့။
ပျော်ရွှင်ခြင်း သွေးကြောတွေ
အေးခဲရပ်ငေးနေသွားတဲ့ည
မျှော်လင့်ခြင်း မျက်ဝန်းတွေ
အားလျော့နာကျင်သွားတဲ့ည
လောကဓံရဲ့ ဘက်တော်သားတွေ
ဗုံမောင်း ခြိမ့်ခြိမ့်ခတ်လိုက်တဲ့ည
ရင်တစ်ခုလုံး မတို့ထိရဲအောင် ကြေမွနစ်စူး
ငါ့ရင်ခွင်မှာ မင်းမရှိဘူး
မင်းမရှိတဲ့ ငါ့ရင်ခွင်မှာ ဘာဆိုဘာမှလဲ မရှိတော့ပါဘူး................။

Thursday, July 22, 2010

ညည်းချင်း

ခုတလော ဘာစာမှ ရေးချင်စိတ်မရှိဘူး ဖြစ်နေတယ်ဗျာ..
ကျောင်းမှာလဲ အဆင်မပြေဘူး
ဒါက ညည်းစရာတစ်ခု မဟုတ်တဲ့အတွက် မညည်းတော့ပါဘူး
.... နဲ့လဲ အဆင်မပြေဘူး
ဒါလဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ မညည်းတော့ပါဘူး
ဒါဆို ဘာညည်းချင်သေးတာလဲ
ဘာကိုမှ မညည်းချင်တဲ့အကြောင်း ညည်းလို့လဲ မရတဲ့အကြောင်း
ညည်းမလို့လေ.
ဟုတ်တယ်ဗျာ...

ရာသီဥတုကလဲ ပူလိုက်တာ
လေကလဲ တိုက်တာ ကြမ်းလိုက်တာ
ကြယ်တွေကလဲ မှိန်နေလိုက်တာ
ငှက်လေးတွေလဲ ငြိမ်နေလိုက်တာ
ပန်းပွင့်လေးတွေလဲ မှိုင်နေလိုက်တာ
ဖုန်းလိုင်းတွေလဲ ကြပ်နေလိုက်တာ
အင်တာနက်လိုင်းတွေလဲ နှေးနေလိုက်တာ

ရာသီဥတု ပူတာကို ပြုပြင်ဖန်တီးယူဖို့ မတက်နိုင်သေးဘူး
လေတိုက်ကြမ်းတာကိုလဲ ညှိယူဖို့ မတက်နိုင်သေးဘူး
ကြယ်တွေမှိန်နေတာကိုလဲ တောက်ပစေဖို့ မတက်နိုင်သေးဘူး
ပန်းပွင့်လေးတွေ လန်းဆန်းစေဖို့ မတက်နိုင်သေးဘူး
ဖုန်းလိုင်းတွေ ကြပ်တာကလဲ နည်းလမ်းမတွေ့သေးဘူး
အင်တာနက်လိုင်းတွေ မြန်နှုန်းမြှင့်ဖို့ ........ အင်း မတွေ့သေးဘူး မတက်နိုင်သေးဘူး

ညည်းတော့ပါဘူးဗျာ ဒါတွေအကြောင်းကို
ကဲ...
ခွင့်လွှတ်ပါ
ငါ နင့်ကို ချစ်တယ်............။

Tuesday, July 20, 2010

တစ်မိုးအောက်

မြေကမ္ဘာကြီးရဲ့အပေါ်
ကောင်းကင်တစ်ခုတည်းအောက်
ရှင်သန်ခွင့်တူညီနေသရွေ့
မဝေးဘူးဆိုပေမယ့်လည်း....

ချစ်ခြင်းတွေ ရှင်းသန့်နေရင်
တို့နှစ်ယောက်ရဲ့ကြား
ဘယ်လိုအရာနဲ့မျိုးနဲ့မှ
ကာဆီးမထားဘူးဆိုပေမယ့်လည်း...

အနားမှာအတူရှိမနေတာကလွဲရင်
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊
ပြည့်စုံခြင်း၊ လိုအပ်ခြင်း
အားလုံးကို ထပ်တူဆိုပေမယ့်လည်း

မောင်ရေ
ကျွန်မရင်ထဲက အလွမ်းတွေကို...
စာနာနားလည်ဖို့ အခွင့်ရှိမယ်ဆိုရင်
တစ်မိုးအောက်မှာ နေခွင့်ပြုပါနော်...။

ရင်ငြိမ်းပန်း(ပခုက္ကူ)
18-3-10 (17:14)

Saturday, July 17, 2010

အမှတ်တရ ရှိသော အကြောင်းအရာများ

အမှတ်တရဆိုတာ ဘာကို ပြောတာပါလိမ့်......။

အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် ပစ္စည်းတွေလား.......။ လူတစ်ယောက်အတွက် အမှတ်တရ ရှိခဲ့တဲ့ အရာဟာ သူနှစ်သက်သော ပစ္စည်းကို လက်ဆောင်ရတဲ့နေ့ ဒါမှမဟုတ် ဆုံးရှုံးလက်လွှတ်ရတဲ့နေ့ ဖြစ်နေနိုင်တယ်။ နေရာဒေသ တစ်ခုဟာလဲ အမှတ်ရစရာ ပဲပေါ့။ ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်တဲ့နေ့ကို အမှတ်ရနေနိုင်သလို ၀မ်းနည်းနာကျင်ခံစားခဲ့ရတာကလည်း အမှတ်တရ ဖြစ်နေနိုင်တာပဲလေ....။ 

ကိုယ့်အပေါ်မှာ ဂရုစိုက် ကြင်နာတဲ့သူကို အမှတ်ရတက်သလို စိတ်နာကျည်းမှုတွေ ပေးတဲ့သူကိုလဲ မမေ့တက်ကြဘူးပဲ။ ကျွန်မအတွက် အမှတ်တရတွေကရော ဘာတွေများလဲ......တွေးကြည့်မိတယ်။ အခုအသက်အရွယ်အထိ ဖေဖေရဲ့ အရိုက်ကို သုံးခါတိတိ ခံခဲ့ရဖူးပါသည်။ 

Friday, July 16, 2010

ပန်းပွင့်အမုန်း

ရင်နဲ့ရင်းကာ

ပေးအပ်လိုက်သော

ချစ်ခြင်းများတွက်

ပြန်ရလိုက်သော.....

အမုန်းများ......

ပန်းသို့ပြောင်းကာ

လောကအားလုံး

ရနံ့သင်းပျံ့

စေသတည်း..........။

Wednesday, July 14, 2010

အလွမ်းကဏ္ဍ

ရင်နဲ့မမျှ
လွမ်းရတာတွေ
ဖွင့်လှစ်အန်ချ
ဒီပို့စ်လေးမှ
လွှင့်ထုတ်လိုက်သည်
နှလုံးသားမှတဆင့်
ရေဒါကိုဖွင့်
နားစွင့်ပါ..........။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Monday, July 12, 2010

ပလပ်စတစ် ဒိုင်ယာရီ

ကောင်မလေးရယ်...
အဆုံးမဲ့တဲ့ သံယောဇဉ်နဲ့
အကြင်နာတွေ ယိုဖိတ်
ဒီရင်က အချစ်စိတ်တွေကို
တိက်တိက်လေး ၀န်ခံ
ကိုယ့်စိတ် ကိုယ်ပြန်ဝေဖန်ရင်း
ခြေလှမ်းတွေ နောက်ဆုတ်ခဲ့ရတာ..........

တကယ်ဆို
ငါ့ရဲ့ စိတ်တွေကိုက
မြေကြီးကို ထိုးခွဲထွက်ရတဲ့
မှိုတစ်ပွင့်ရဲ့ ထိပ်ဖူးလို
ပျော့မလိုလိုနဲ့ မာရင်း...
မာသယောင်ယောင်နဲ့ ပျော့နေခဲ့တာ..

Wednesday, July 7, 2010

ခွဲခွာချိန်

ရင်ထဲမှာ နာကျင်လွန်းလို့
စကားတစ်ခွန်းတောင် မပြောချင်ဘူး
”ကျန်းမာရေးကို ဂရုစိုက်.
သတိရရင် စာရေး”
မင်း ပြောခဲ့တဲ့ စကား......
ငါ ခုထိ ကြားယောင်ဆဲပါ.။

စိတ်မကောင်းဘူး ချစ်သူရယ်
ငါ ကြိုးစားဖန်တီးပေမယ့်
အရည်ကြည်ဝိုင်းတဲ့ မျက်လုံးတွေနဲ့မို့
အပြုံးဆိုတာ...
မပီပြင်ခဲ့ဘူး.........။

ရခဲလှတဲ့ အတူရှိနေချိန်တွေရဲ့
နောက်ဆုံးမိနစ်တွေမှာ
မလွှတ်တမ်း ဆုပ်ကိုင်ခဲ့ကြတဲ့..
တို့နှစ်ယောက်လုံးရဲ့ လက်တွေဟာ
ဘာလို့ အေးစက်နေရတာလဲ..။

ကားဟွန်းတီးသံ၊ စကားပြောသံ
အော်ဟစ်ဆူညံသံတွေရဲ့ ကြားမှာ
ငါတို့နှစ်ယောက်ရဲ့ ကမ္ဘာက
ဘာလို့များ......
တိက်ဆိတ်နေခဲ့တာလဲ..။

တွဲလက်ကိုဖြူတ်ပြီး
မင်းကို ကျောပေးလိုက်ချိန်မှာ
ငါ့ ပါတ်ဝန်းကျင်တစ်ခုလုံး
အောက်ဆီဂျင်တွေ ပျောက်ဆုံးသလိုမျိုး
ရင်ထဲမှာ မွန်းကျပ်...
ကလေးတစ်ယောက်လို အော်ငိုမိမတက်ပါပဲ..။

အနားမှာ အမြဲအတူနေချင်ပေမယ့်
မဖြစ်နိုင်သော.. မဖြစ်သင့်သော..
.......................သော
ခေါင်းစဉ်ပေါင်းများစွာနဲ့
နင်နဲ့ငါ ခွဲရဦးမယ်....။

ချစ်သူရေ
ပြန်မဆုံသေးခင်အချိန်အထိ
တစ်ယောက်တစ်နေရာစီနေ
တို့.....
သတိတွေ ရနေကြမယ်နော်.......။ ။

ရင်ငြိမ်းပန်း( ပခုက္ကူ)

အသည်းကွဲ ဝေဒနာ

အတွေ့အကြုံတဲ့လား

အရသာက ခါးသက်လိုက်တာ

တစ်ဘ၀စာ သေရာပါတဲ့အထိ

ရင်ဘတ်မှာ ငြိခဲ့တာက ခက်တယ်....။

ရင်ငြိမ်းပန်း(ပခုက္ကူ) 

Tuesday, July 6, 2010

တစ်လမ်းသွား

ချစ်သူ
ကိုယ်တိုင်က လိုလိုလားလား
မှားယွင်းခဲ့တာမို့
အပြစ်လို့လဲ မယူရက်ခဲ့ပါဘူး

ငါ့စိတ်၊ ငါ့ဝိဥာဉ်ကို
အပိုင်စားပေးခဲ့ပြီးပြီပဲ
ကျန်တာတွေလဲ အရေးမကြီးတော့ပါဘူး

Monday, July 5, 2010

စာရေးသူ



သူမသည် အပျော်တမ်း ဝါသနာရှင်အဆင့် စာရေးသူတစ်ယောက်သာဖြစ်သည်။ မျိုးရိုး၊ ဗီဇ တစ်ခုတစ်လေမှ မရှိပဲနှင့် စာရေးသားခြင်းကို နှစ်သက်စွဲလမ်းသူ ဖြစ်သည်။ နေထိုင်ကြီးပြင်းရာ ဒေသနှင့် ပါတ်ဝန်းကျင် ဌာနတို့က စာပေနှင့် နီးစပ်ရာ ဖြစ်နေသဖြင့် ဒီလမ်းကြောင်းပေါ် ရောက်ခဲ့ခြင်းလား သူမ တွေးကြည့်မိသည်။ သို့ဆိုလျှင် တစ်အိမ်တည်းနေ ညီမငယ် ဖြစ်သူက အဲလောက် ဝါသနာ မပြင်းထန်။ သူမသည်သာ စာမရေးရရင် မနေနိုင်လောက်အောင် ပိုးက ကပ်ညိတွယ်ခဲ့သည်။

သူမ၏ မိဘများ ဖွင့်ထားသော “လေပြေနု” ဟုသော စာအုပ်အငှားဆိုင်လေး၏ မှိန်ပျသော အလင်းရောင် အောက်တွင် သုံးတန်းကလေးအရွယ် နှင့် မလိုက်ဖက်စွာ စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် လောဘတကြီး ဖတ်ခဲ့ရာမှ ယခုအသက်အရွယ်အထိ စာဖတ်ခြင်းကို အလုပ်တစ်ခုလို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ စာဖတ်ရင်းဖြင့်ပင် စာရေးချင်စိတ် ပေါ်ပေါက်လာသည်လား သူမ မဝေခွဲနိုင်။ အဘယ်ကြောင့်ဆိုသော် မြင်ကွင်းတစ်ခု၊ ယပ်တောင်တစ်ချောင်း ဖြင့်လဲ သူမအတွက် ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်း ဖြစ်လာခဲ့ဖူးသောကြောင့် ဖြစ်သည်။

စာရေးသည်၊ ကဗျာရေးသည် မှန်သည်။ သူမ ရေးသော စာ၊ ကဗျာများမှာ မည့်သို့သော အမျိုးအစားများ ဖြစ်ပါသနည်း။ ထိုမေးခွန်းကို မေးလာလျှင် သူမ ပြုံးပြီးပဲ ခေါင်းယမ်းပြမည် ထင်သည်။ သူမ ရေးခဲ့သည့် ကဗျာ ဆယ်ပုဒ် ရှိလျှင် ခုနှစ်ပုဒ်က အချစ်၊ အလွမ်း ကဗျာများသာ ဖြစ်သည်။ ထို့ကြောင့် သူမအား အချစ်ကဗျာရေးသူ သို့မဟုတ် အချစ်ဝတ္ထုရေးသူ ဟူ၍ ခေါင်းစဉ်တပ်ခဲ့သော် သူမ ငြင်းဆန်မည် မဟုတ်ပါ။ သို့အတူ လက်ခံမည်လဲ မဟုတ်ပါ။ သူမသည် ဝါသနာအရသာ စာရေးခြင်း ဖြစ်၍ သူမ၏ စာများကို ခေါင်းစဉ်တပ်လိုသော ဆန္ဒမရှိပါ။

Saturday, July 3, 2010

ညီလေး သိဖို့ ရေးတဲ့စာ

ညီလေး သိဖို့ ရေးတဲ့စာ

ညီလေးရာ မင်းက မသိဘူး.........
သန်းခြောက်ဆယ်ရဲ့ ထက်ဝက်ကျော်ကျော်က
ယူရိုငွေ တစ်ကျပ်မပြည့်တဲ့ ငွေသားအတွက်
တစ်နေကုန်အောင် အလုပ်လုပ်နေရတဲ့အကြောင်း
မင်းက မသိပါဘူး  ညီလေးရယ်......။

အဲလိုပဲ........
အခွင့်များ ရှိခဲ့ရင်
“ပြောင်းထမင်းစားသူများ”ကို ခံစားရေးဆွဲဖို့
ဗန်ဂိုးကို တို့ရပ်ကွက်ထဲ ဖိတ်ခေါ်ချင်တဲ့ အကြောင်း
မင်း သိမှာ မဟုတ်ဘူး ညီလေး.......။

သူတို့တွေရဲ့ အိပ်မက်ထဲမှာ
ချစ်ကြည်ရေးဆိုတာ မသိဘူး
အတိုက်အခံဆိုတာ နားမလည်ဘူး
မနက်ချက်မယ့်အိုး ဆန်ရှိနေဖို့ပဲ လိုတယ်ဆိုတာ
ညီလေး မင်း တွေးထင်မိမှာတောင် မဟုတ်ဘူး။

Friday, July 2, 2010

မေတ္တာနယ်မြေ

မေတ္တာနယ်မြေ
....................
ဗီစာမလို
ကွန်ယက်မသုံး
တစ်ကမ္ဘာပြုန်းလဲ
ခရီးမဆုံးနိုင်ပါပေ......။

ရင်ငြိမ်းပန်း (ပခုက္ကူ)

Thursday, July 1, 2010

သူနဲ့ကျွန်မ

*မျက်နှာမူရာ ဘယ်ဖက်ကိုပဲ လှည့်လှည့်
  ချစ်သူရဲ့ ကိုယ်သင်းနံ့ကို မရတာ ကြာပြီ........။

*အမျိုးသားကောင်း ယောင်္ကျားတို့ရဲ့ ၀တ်စုံကို
 ပြည့်စုံလုံခြုံအောင် ၀တ်ဆင်ထားပြီး
 ပိရိသေချာတဲ့ နှုတ်ခမ်းပါးတို့က
 အပြုံးတုတစ်ခုကို ဖန်တီးကာ
 သူ နှုတ်ဆက်သွားတဲ့ အဲဒီညက
 ကျွန်မ မျက်ဝန်းမှာ စံပယ်တွေ တလက်လက်ထလို့။

*မိနစ်တွေရဲ့ စက္ကန့်တိုင်းမှာ
 အရိပ်လို မခွဲမခွာ ထာဝရအတူနေလိုသူကိုမှ
 ကတိ၊ သစ္စာ၊ မှာတမ်းစကားတွေ အထပ်ထပ်ခြွေရင်း
 “အသက်“လို့ အဓိပ္ပါယ်ရတဲ့ မြို့လေးဆီကို
 လက်မပြပဲ ထွက်ခွာသွားခဲ့သော
 သူ...........။

*“နောင်တစ်ချိန်မှာ အတူရှိနေနိုင်ဖို့
 တို့တွေ ခဏခွဲကြဦးစို့နော်“
 ထိုစကားစုကို
 လေးခုမြောက် ပြက္ခဒိန်အား ကြည့်ရင်း
 တစ်ခြမ်းမြင့် အပြုံးနဲ့ ရေရွတ်တက်လာခဲ့သော
 ကျွန်မ............။

*လုပ်ငန်းခွင်ရဲ့ တာဝန်နဲ့ ၀တ္တရားကို
 မလစ်ဟင်းပဲ တိကျစွာကျေပွန်တက်ပေမယ့်
 ချစ်သူထံအား တစ်လတစ်စောင်သော်မျှ
 စာမှန်မှန်ရေးဖို့ သတိမေ့ ပျက်ကွက်တက်သော
 သူ.............။

*ဒိုင်ယာရီထဲမှာ အနီရောင်ကြက်ခြေခတ်တွေ
 တစ်ခုတိုးလာတိုင်း၊ တိုးလာတိုင်း
 ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရာကနေ
 အေးစက်ခြောက်ကပ်စွာ ရယ်မောတက်လာသော
 ကျွန်မ............။

*စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ
 အရာတော်တော်များများကို
 မသိဟန်ဆောင် လစ်လျုရှု့တက်လာသော
 သူ.........
 ကျွန်မ ရင်ထဲကို မြင်အောင်လှမ်းမကြည့်ဖြစ်ဘူး။

*အိပ်မပျော်သော ညဖက်တွေရဲ့
တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေမှာ
အေးစက်စေးထန်းတဲ့ လက်အစုံကို
တမ်းတမှုတွေ ပါဝင်တဲ့အကြောင်း.........
ကျွန်မ........
သူ့ကို ပြန်မပြောပြဖြစ်ဘူး။

*”ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရတယ်”တဲ့
 ရွေ့လျှားပြောင်းလဲမှုအတွက်
 ဖိနပ်အသစ်ကို ချမစီးရဲခဲ့တဲ့
 သူ နဲ့ ကျွန်မ .........
 ခြေနှစ်လှမ်းကို ပြိုင်တူဆုတ်လိုက်မိတာ
 လေးလှမ်းမကဘူး ဝေးသွားခဲ့တယ်။

*ဒီလိုနဲ့ပဲ
 နာရီလက်တံတွေရဲ့ ဦးတည်ရာကို
 နောက်ကျောပေး ဆန့်ကျင်လိုက်တာ
 ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ......
 သူ နဲ့ ကျွန်မ ........... နှစ်ယောက်သားလေ
 .... ပိုနေဝေး၊ ကြာနေဝေး.....။    ။

ရင်ငြိမ်းပန်း (ပခုက္ကူ)

ဖြစ်နိုင်မယ်ဆိုရင်လေ

နားလည်မှုဆိုတာ တစ်ဖက်တည်းနဲ့ ရပ်တည်လို့ရတာမဟုတ်ဘူးလေ။
ခံစားရတာ များလွန်းလာရင်.. တစ်ဖက်ဖက်ကိုတော့ တိုးသွားမှာပဲ..
အချစ်နဲ့ အမုန်းကြားမှာ မျဉ်းတစ်ကြောင်းပဲ ခြားတာပါကွယ်
ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး..
ဘယ်သူမပြု မိမိမှု.. ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်ပိုင်ကမ္ဘာလေးအတွက် ကိုယ်တိုင်ပဲ ရင်စည်းခံရုံ
ဖြစ်နိုင်မယ်ဆိုရင်တော့...
ကျွန်မ.. အချစ်နဲ့ ဝေးချင်တယ်...

Tuesday, June 29, 2010

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

“......”
“ အိုး နင်တောင် ပြောင်းလဲသွားသေးတာ ငါက ဒီအတိုင်းလေးပဲ ကျန်မယ်လို့ နင် ဘာလို့မျှော်လင့်နေရတာလဲ”
“.........”
“အချစ်အကြောင်းကို စဉ်းစားရင်း အချိန်ကုန်နေရအောင် ငါ ကလေး မဟုတ်တော့ဘူး ကိုကို ငါ့မှာ ဆက်လျှောက် ရမယ့် လမ်းတွေ အများကြီး ကျန်သေးတယ်”
“........”
“နင် လက်ထပ်ခြင်း လက်မထပ်ခြင်းအပေါ်မှာ ငါက ဘာလို့ မိန်းမူးနေရမလဲ ဒါ နင့်ဘ၀လေ ငါ့ဘ၀မှ မဟုတ်တာ နင့်ဘ၀ နင့်လမ်း နင်လျှောက်တာ ငါက ဘာဆိုငိလို့ ခံစားနေမလဲ နင်နဲ့ငါ ချစ်ခဲ့ကြတယ် မှန်တယ် ဒါပေမယ့် ချစ်တိုင်း လက်ထပ်ဖြစ်တာမှ မဟုတ်တာ ငါ့ကို အဲလောက် နင် လျှော့မတွက်သင့်ဘူး ကိုကို”

Monday, June 28, 2010

ဓါးစားခံအန်စာတုံးလေးများ

19.10.2009
သစ်ရွက်မရှိတဲ့ သစ်ပင်ဟာ သစ်ပင်ပဲ။
သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့ အမှိုက်တဲ့။

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ ပျက်စီးယိုယွင်းမှုတွေက နောက်က တစ်ပါတည်း လိုက်လာတက်တာလဲ လောကရဲ့ သဘာဝပေါ့။ အရာရာကို စမ်းသပ်စွန့်စားချင်တဲ့ ဆယ်ကျော်သက် အရွယ်တွေ..... နည်းပညာမြင့် မီဒီယာတွေရဲ့ လွှမ်းမိုးသိမ်းသွင်းမှုအောက်ကို တစ်ဖြည်းဖြည်းနဲ့ ရောက်လာနေပြီ။ လမ်းကြောင်းမှန်ကို ရောက်သွားတဲ့ ကလေးတွေ ရှိပေမယ့် ရေလိုက်လွဲတဲ့ ကလေးတွေ အများကြီးပါ။ ပါတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေရတာတွေလဲ လခြား၊ ရက်ခြားကနေ ခု နာရီလောက်ပဲ ခြားပါတော့တယ်။ အတုမြင် အတက်သင်ဆိုတာ ကလေးတွေအတွက် အများကြီး အရေးကြီးပါတယ်။ အထူးသဖြင့် မိဘရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်ပြီး အဆောင်နေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေမှာ ပိုလို့ အရေးကြီးပါတယ်။ ကျောင်းသားအရွယ်၊ လူငယ်ဆိုတာ ပျော်ချင်တယ်၊ ပါးချင်တယ်၊ လွတ်လပ်ချင်တယ်.... ဒါ သဘာဝပဲ။ ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်။ လိုအပ်တာထက် ပိုလာရင်တော့ ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲ။

Saturday, June 26, 2010

လူမိုက်

“မှန်တာလုပ် ဟုတ်တာပြော”
သင်ရိုးညွှန်းတမ်းအပြင်ဖက်မှာ ဒီစကားအတွက်
ခြေတစ်ဖက်ချသာရုံတောင် နေရာမရှိခဲ့....

လည်ပတ်နေတဲ့ ယန္တရားကိုက
ဒီစနစ် ဒီခေတ်ဆိုတော့လည်း
လည်မလိုက်ဘူးဆိုရင် ညပ်ပါသွားရုံ....

“ကျွန်တော်/ကျွန်မကတော့ လိမ်တာကို အမုန်းဆုံးပဲ”
သူသူကိုယ်ကိုယ် ပြောဖြစ်ပေမယ့်
လက်တွေ့ဘ၀မှာ မဆိုစလောက်ကတော့ လိမ်ဖြစ်နေကြတုန်း....

“မုသားမပါ လင်္ကာမချော”

ပထမတစ်ခါကတော့ ကြားကောင်းရုံ..
ဒုတိယတစ်ခါက ဖုံးရုံဖိရုံ....
တတိယတစ်ခါက လိမ်ထားတာ မပေါ်ရုံ......

ကြိမ်ဖန်ရေများလာတော့လဲ
လိမ်တာက လိမ်တာ မဟုတ်တော့သလို
ထမင်းစား ရေသောက် ကျူးလွန်နေကြတာများ
မှန်တဲ့သူက လူမိုက်ကြီးလုံးလုံးကို ဖြစ်လို့............။ ။

ပလပ်စတစ်(ကလေကချေ)

Tuesday, June 22, 2010

အရောင်တူ ပုံစံကွဲ

“လာကွာ ဘူတာကြီးရောက်တုန်း အာဆင်နယ်မှာ ထမင်းကြော်သွားစားကြရအောင်”။ ပခုက္ကူကို ပြန်မယ့် သူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ ကိုဇော်မိုးနဲ့ ကိုသက်ကြီးတို့ကို လိုက်ပို့တဲ့အချိန်မှာ ကိုစောကြီးက ပြောလိုက်ခြင်းဖြစ်သည်။ စကားဆုံးတာနဲ့ 78 လမ်းကို ဖြတ်ဆင်းကာ 77 လမ်း 31 နဲ့ 32 ကြားမှာ ရှိတဲ့ အာဆင်နယ် ထမင်းကြော်ဆိုင်လေးဆီကို မီးမီးတို့ အဖွဲ့ ချီတက် လာကြသည်။

ကိုစောကြီး။ သူက နောက်ပြောင် ပျော်ရွှင်တတ်သောသူ..။ သူမို့ ကျောင်းခန်းထဲမှာ ရှိလျှင် အတန်းသူ အတန်းသားမှန်သမျှ ပါးစပ်မစေ့ရအောင်ပင် တစ်မျိုးပြီး တစ်မျိုး ရယ်စရာတွေ ပြောနေတတ်သည်။ အသံအကျယ်ကြီးနှင့် လူအမြင်ကပ်အောင် ရယ်တတ်သောသူလဲ ဖြစ်သည်။ စာရေးဆရာပုံစံဖမ်းကာ လွယ်အိတ်အစုတ်ကြီးအား မပြတ်တမ်းလွယ်ကာ “စော်က ၀ယ်ပေးထား တာကွ” ဟု မဟုတ်ပဲ ပြောလေ့ရှိသောသူပင်။

ကိုဇော်မိုး။ အမှန်အကန်သမားဟု နာမည်ပြောင်ပေးရလောက်အောင် ကန်ပစ်ချင်လောက်အောင် မှန်သောသူ ဖြစ်သည်။ စာအုပ်ကြီးသမား ဖြစ်ကာ လှေနံဓါးထစ် တစ်ယူသန်ကာ စိတ်ဆက် ဒေါသထွက်လွယ်သောသူ။ မာနကြီးကာ စကားတစ်ခွန်းပင် အမှားမခံသော၊ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ်ကို အကြိုက်ဖတ်ကာ အကောင်းဆုံး အဆိုတော်သည် မာမာအေးဖြစ်သည်ဟု လက်ခံထားကာ အရာရာမှာ အငြင်းသန်သောသူ။

Monday, June 21, 2010

ဝေဒနာမြို့သို့ တစ်ရက်ခရီး

စိတ်ညစ်စရာ၊ လွမ်းစရာ၊ ဆွေးစရာ၊ သတိရစရာတို့မှ ထွက်ပြေးတိမ်းရှောင်တက်သော လူ့သဘာဝကို ဆန်ကျင့်စွာပင် နန်းနုသည် သတိရစရာများနှင့် ပြည့်နှက်နေသော ထို့မြို့လေးဆီသို့ ရူးမိုက်စွာ တိုးဝင်သွားခဲ့သည်။ မြို့ပြရဲ့အငွေ့အသက် တို့ နည်းနိုင်သမျှ နည်းပါးကာ တောင်ပေါ်မြို့လေးတို့၏ အစဉ်အလာအတိုင်း အေးမြသောရာသီဥတုနှင့် ပန်းတွေဝေဆာ နေတဲ့ ဒီမြို့လေးကို နန်းနု တော်တော်လေး နှစ်သက်ပါသည်။

ကားပြတင်းပေါက်မှတဆင့် တိုးသက်လာတဲ့ လေတို့ကြောင့် အပေါ်ဝတ်အင်္ကျီကို တစ်ချက်တင်းတင်း ဆွဲစေ့လိုက်သည်။ မြို့ဝင်ဆိုင်းဘုတ်ကိုတောင် လှမ်းမြင်နေရပြီပဲ။ နာရီကို ကြည့်လိုက်တော့ 11း20။ “အင်း နေ့လည်စာကိုတော့ တစ် ယောက်တည်း စားရဦးတော့မှာပဲ” ခေါင်းထဲဝင်လာတဲ့ အူကြောင်ကြောင်အတွေးကြောင့်  နန်းနု ပြုံးလိုက်မိသည်။ ဟုတ်ပါရဲ့.. တစ်ယောက်တည်းစားနေရတာက အမြဲတမ်းလိုလိုပဲဥစ္စာ ဘယ်မှာဆန်းလို့လဲ။ စားပွဲထိပ်မှာ ထိုင်ပြီး တင် ထားသော ထမင်းပန်းကန်၊ ဟင်းပန်းကန်တို့ကို စိတ်မသက်မသာနဲ့ ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေနဲ့မျှောချခဲ့ရတဲ့ ရက်တွေ. နေ့တွေ..နှစ်ပြည့်တော့မယ် ထင်ပါရဲ့။

Saturday, June 19, 2010

ဘ၀တစ်လျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ?

လူအဖြစ် မွေးဖွားလာတာကိုက သဘာဝတရားကြီးရဲ့ သဘာဝကျကျ အလွဲတစ်ခု ဖြစ်နေခဲ့တော့လည်း.. အားလုံးဟာ အမှားအယွင်းတွေနဲ့ ကြီးပြင်းရှင်သန်လာရတာ ဆန်းတယ်လို့ မပြောသာဘူးပေါ့။

မှတ်မိသလောက် ပြန်တွေးကြည့်ကြရင် မှားခဲ့တဲ့ အမှားတွေဟာ… အသက်ရှင်သန်ဖို့အတွက် ရှိုက်သွင်းခဲ့တဲ့ လေထုရဲ့ ပမာဏထက်တောင် များနေကြမယ် ထင်တယ်။

မှားခဲ့ကြတဲ့ အမှားတွေထဲမှာ…… မှားမှန်းမသိ မှားခဲ့တာတွေ….. မှားမှန်းသိသိနဲ့ မှားခဲ့တာတွေ… မမှားဘဲ မနေနိုင်လို့ မှားခဲ့တာတွေ…. မမှားချင်ပဲ မှားခဲ့ရတာတွေ………… မှားနည်းပေါင်းမျိုးစုံနဲ့ မှားခဲ့ကြဖူးတယ်...။

ဘ၀တစ်လျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ?

”အမှားလုပ်ခဲ့ဖူးတာ အပြစ်မဟုတ်ဘူး…….. မှားတာကို သိရက်နဲ့ အမှန်ကို မပြင်နိုင်တာကသာ အပြစ်” လို့ ယူဆတယ်...။

အပြစ်လုပ်ပြီးမှ တောင်းပန်တာကို မလိုချင်ဘူး အပြစ်လုပ်ချင်တဲ့စိတ် ဖြစ်မလာတာကိုပဲ လိုချင်တယ်” လို့ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီး မဟတ္တမ္မ ဂန္ဒီက ပြောခဲ့ဖူးတယ်ဗျ။ တောင်းပန်စကားဆိုတာက အမှားလုပ်မိတဲ့ သူတိုင်း ဆိုသင့်တဲ့ စကားဆိုတာမှန်ပေမယ့်.. လူတိုင်းဟာ တောင်းပန်စကားကြားချင်တာထက် အဲဒီအဖြစ်လေး ဖြစ်မလာခဲ့တာပဲ ကောင်းမယ်လို့ တွေးတက်ကြတယ်။ အဲလိုတွေးတက်ရင် ......... ကိုယ်တိုင်လဲ တောင်းပန်စကား ပြောဖို့ထက် တောင်းပန်စကားဆိုရမယ့် အကြောင်းကို ရှောင်နိုင်ကြရင် ကောင်းမယ်လို့ တွေးမိတယ်။

မှားခဲ့တာက မှားပြီးခဲ့ပြီ…. ဘ၀ဆိုတာက တစ်လမ်းမောင်းစနစ် ဖြစ်တဲ့အတွက် အဖြစ်အပျက်ကိုတော့ ပြန်ပြင်ယူလို့ မရတော့ဘူး သေချာတယ်… ဒါဆို ဘာဆက်လုပ်ရမလဲ………………

”ထက်မြတ်သူတွေက နေရာမှာတင်ထိုင်ပြီး သူတို့ ဆုံးရှုံးနစ်နာခဲ့တာတွေကို တွေးပြီး ၀မ်းနည်းကြေကွဲနေမှာ မဟုတ်ဘူး။ အဲဒီထိခိုက်ဝမ်းနည်းမှုကို ဘယ်လိုဖာထေးရမလဲဆိုတဲ့ နည်းကိုပဲ သူတို့ ရှာကြမှာ ဖြစ်တယ်။” ( ရှိတ်စပီးယား)

ဟုတ်တယ်……. နောက်ထပ် မမှားအောင် ဘယ်လိုပြင်ဆင်ထားရမလဲ… ဘယ်လိုပုံစံနဲ့ ကြိုးစားရမလဲ. ဘာတွေ ဆင်ခြင်ရမလဲ… ဘာ ဆက်လုပ်ရမလဲဆိုတာကိုပဲ စဥ်းစားတွေးခေါ်ရမှာပေါ့…. ပြီးခဲ့တာတွေအတွက် ထိုင်ဝမ်းနည်းနေရုံနဲ့တော့ အမှားတွေက အမှန်ဖြစ်မလာနိုင်ဘူး… အမှားကြောင့် သိမ်ငယ်တဲ့ စိတ်တွေကို ဖြေဖျောက်ယူလို့ ရမှာမဟုတ်ဘူး…….. ဘ၀နဲ့ ချီတဲ့ အမှားဖြစ်ပါစေ........ နောက်ထပ်တစ်ကြိမ် မမှားအောင် ထိန်းသိမ်းလို့ ရရမယ်.. ကိုယ်ရဲ့ အမှားတွေကို သေချာဆန်းစစ်... လေ့လာ ဝေဖန် ကြည့်ရမယ်... လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ရမယ်... ရည်မှန်းချက်ကို အသုံးပြုပြီး လောလောဆယ် အရေးကြီးနေတဲ့ ကိစ္စ ကို တုံ့ပြန်ဆောင်ရွက်ရမယ်... အတိက်မှာ မှားခဲ့တဲ့ ဖြစ်ရပ်တွေထဲကနေ သင်ခန်းစာ ထုတ်ယူရမယ်.. အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားမိအောင် လုပ်ရမယ် အနာဂတ်အတွက်... စီမံကိန်းချပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားရမယ်...။

ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း လို့ အမြဲတမ်း ထင်မြင်နေတာတွေဟာ တကယ်တော့ ခဏတဖြုတ် အခက်အခဲတွေပါ။ ဒီအခက်အခဲတွေကို ရှုံးနိမ့်ခြင်းလို့ လက်ခံယူဆလိုက်ရင်... ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး..။ မှားခဲ့ဖူးသော အမှားတွေ... ကျဆုံးမှုတွေကို ကိုယ့်ဘ၀ အောင်မြင်မှုအတွက် လမ်းညွှန်တစ်ခုအနေနဲ့ အသုံးချရမယ်..။ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ၊ အမှားတွေ၊ အပြစ်တွေကို ခါချပြီး နင်းတက်ကာ အောင်မြင်မှုကို ရအောင်ယူရမယ်..။ ဘာအတွက်နဲ့မှ ရည်မှန်းချက်တွေကို လွှတ်မချရဘူး....... ဘာအတွက်နဲ့မှ လက်မလျှော့ရဘူး......... မဖြစ်နိုင်ပါဘူးလို့ မင်းပြောတဲ့ အချိန်မှာ ဘယ်နှစ်ကြိမ်အထိ အကောင်းဆုံး ကြိုးစားခဲ့ပြီပြီလဲ ဆိုတာ ပြန်မေးကြည့်လိုက်မယ်

သူငယ်ချင်းတို့ရေ....
အမှားတွေကို အောင်မြင်မှုအတွက် လှေကားထစ်လို အသုံးပြုဖို့ ကြိုးစားနေတဲ့ ငါ့ကို ကျေးဇူးပြုပြီး အားပေးကြပါ... အတိက်ရဲ့ အမှားတွေထဲမှာ ကျင်လည်မနေပဲ လက်ရှိ ပစ္စုပ္ပန်မှာ အမှားထပ်မဖြစ်အောင် ငါနဲ့အတူ ကြိုးစားလိုက်ကြရအောင်ပါ...။

頑張れ
kyar yo!!!!!
har jar har jar fighting!!!
try try!!!!


လိုက်နာတယ်ဆိုတာ ပြောသလောက် မလွယ်ဘူး … မှန်ပါတယ်..။ ဒီလို စာတွေကို ရေးတိုင်း.. ဖတ်တိုင်း ကိုယ်တိုင် လိုက်နာနိုင်လား………. ဟင့်အင်း… အမှားကတော့ မကင်းသေးဘူး။ ကင်းဖို့ထက် နည်းသွားဖို့ကို မနိုင်ရင်ကာ ကြိုးစားနေသူ တစ်ယောက်ပါ။ ဒါဆိုလဲ.. အထင်ကြီး လေးစားစရာ မရှိတဲ့ လူတစ်ယောက်ရဲ့ စာတွေကို ဘာကြောင့်မို့ အချိန်ပေး ဖတ်မလဲဗျ ပြောနိုင်ပါတယ်..။ မတော်တဆ ဖြစ်စေ... မကောင်းတက်လို့ ဖြစ်စေ.. မျက်လုံးထဲ ၀င်လာလို့ ဖြစ်စေ.. ဖတ်မိသွားတယ်ဆိုရင်ပဲ.. အမှတ်တမဲ့ ဖြစ်နေတဲ့ ဒီစာထဲက

Friday, June 18, 2010

ဗလာတစ်ယောက်ရဲ့ ခရီး

ကောင်းကင်က ကောင်းကင်
မြေကြီးက မြေကြီး
အရာအားလုံးဟာ ဟိုးအရင်ကလိုပဲ
နေသားတကျ........။

“ရပ်နေတာနဲ့ စာရင်
သွားနေတာက ရောက်ဖို့ သေချာတယ်”
ဘယ်ကိုလဲ...?
ဘယ်တော့လဲ....?

ငါဆိုတဲ့ မျဉ်းမှာ
မြှားခေါင်းမပါခဲ့လို့
ဦးတည်ရာလဲ မရှိ
သွားနေလားလဲ မသိ.....။

ကိန်းဂဏန်းတွေ........
အက္ခရာတွေ.......
ဝိသေသတွေ......
ပညတ်ချက်တွေ........

ဖြောင့်တယ်ဆိုတာကလဲ
ကောက်ကွေ့မှုတွေ ပေါင်းထားတာ
မှန်တယ်ဆိုတာကလဲ
မှားယွင်းမှုတွေ သက်သေပြထားတာ

တည်ရှိတယ်လို့ ထင်ထားတာတွေက မမြဲဘူး...
မမြဲဘူးလို့ ထင်ထားတာတွေက မသေချာဘူး...

ခြေဗလာ၊ လက်ဗလာနဲ့ လာတဲ့ ဘ၀မှာ
အသိဗလာ၊ အတွေးဗလာနဲ့
ထွက်သွားရမှာလဲ ဗလာနဲ့...
.... ဗလာနဲ့။

ပလပ်စတစ် (ကလေကချေ)

Wednesday, June 16, 2010

ခေါက်တုံ့ချည် ကြိုးတစ်စ

တကယ်တော့ ကျွန်မဟာ မောင် မျှော်လင့်ထားသလို နူးညံ့မှု မရှိသေလာက် နည်းပါးခဲ့ပေမယ့်
အချစ်ဆိုတာက မောင် ထင်မှတ်ထားတာထက် ပိုပြီး သိမ်မွှေ့ပါတယ်။
စကားလုံးတွေ အများကြီး သုံးပြီး နှုတ်ဖျားက ဖွင့်ချမှ အချစ် မဟုတ်ဘုး

အကြည့်တစ်ချက်၊ လက်တစ်ဖက်တည်းနဲ့တင် တစ်သက်စာအတွက် အချစ်က ကုံလုံပါတယ်ဆိုတာ မောင် သိနားမလည်ခဲ့ဘူး။ ကျွန်မက ချိုသာပြီး နားဝင်လွယ်တဲ့ စကားတွေ မပြောတတ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ အကြည့်တွေထဲမှာ အချစ်တို့ စီးမျှောပျော်ဝင်နေခဲ့တာ မောင်ကလဲ မြင်အောင် မကြည့်တတ်ခဲ့ဘူး။ ပြုစုယုယမှုတွေ မလုပ်တတ်ခဲ့ပေမယ့် မောင့်ကို ကိုင်ဆွဲထားတဲ့ ကျွန်မရဲ့ လက်တွေမှာ အားကိုးမှု၊ လေးစားမှုတို့နဲ့ ချစ်မေတ္တာတွေ အုံကျင်းဖွဲ့နေခဲ့တာ မောင် ခံစားမသိနိုင်ခဲ့ဘူး။ မောင်ရဲ့ အားနည်းချက်တို့ကို ကျွန်မ သိနားလည်ပေးနိုင်ခဲ့ပေမယ့် ကျွန်မရဲ့ အားနည်းချက်ကို အပြစ်တစ်ခုလို့ မောင် မြင်တတ်ခြင်းဟာလဲ ကျွန်မ မယုံကြည်ခဲ့သော ကံတရားလို့သာ သတ်မှတ်စွပ်စွဲရုံကလွဲပြီး တခြား ဘာမှတ်ချက်မျိုးမှ မပေးချင်ပါဘူး မောင်။

“မင်းရောငါပါ အစကတည်းက မချစ်သင့်ခဲ့ကြဘူးကွ” တဲ့လား။ တကယ်ဆိုတော့ သင့်တယ် မသင့်ဘူးဆိုတာ အချစ်နဲ့ သက်ဆိုင်မှုမရှိတဲ့ စကားလုံးတွေပါ မောင်ရယ်။ ကျွန်မ မောင့်ကို ချစ်သင့်တယ် ထင်လို့ ချစ်ခဲ့တာမှ မဟုတ်တာ။ မောင်နဲ့ ကျွန်မဟာ ခံယူချက်မတူ ခံစားချက်ချင်းကွဲလွဲ ဦးတည်ရာအရပ်တွေ ဆန့်ကျင်နေကြတဲ့ သူတွေမှန်း သိသိရက်နဲ့ ချစ်မိခဲ့တာဟာ ရွေးချယ်မှုမှ မဟုတ်တာ။ ဖန်တီးယူလို့ မရသလို ဖျတ်ဆီးပစ်ဖို့လဲ ခက်ခဲတဲ့ ရင်ဘတ်ထဲက အချစ်တစ်ခုတည်းနဲ့ပဲ မောင်နဲ့ ကျွန်မ ချစ်ခဲ့ကြတာလေ။

အချစ်ဆိုတာ ခေတ်အစဉ်အဆက်က ဖြစ်ပေါ်လာပြီး ပျက်သုန်းမသွားနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုပါ၊ ကစားပွဲမဟုတ်တဲ့အတွက် အရှုံး၊ အမြတ်အနိုင်၊ အဆုံး ဘာကိုမှ သုံးစရာ တိုင်းတာစရာ မလိုပါဘူး မောင်။ ကျွန်မ မောင့်ကို ပေးလိုက်သေသာ အချစ်တို့အတွက် ပြန်ရလိုက်သောအရာတို့သည် ကျွန်မပေးလိုက်သော အချစ်တို့နဲ့ ထပ်တူမကျလို့သာ အချစ်မဟုတ်ရဘူးဆိုရင် မောင် အချစ်ကို ဘယ်လိုပုံစံ၊ နှုန်းထားမျိုးနဲ့ သတ်မှတ်သုံးစွဲနေပါသလဲ မောင်။

ကျား/မ၊ ရာထူး/ ဂုဏ်ရှိန်၊ အမည်/နာမ အားလုံးသော ၀တ်ရုံတို့ကို ဖယ်ရှားလိုက်ရင် လူဆိုတာပဲ ကျန်တာပါ မောင်ရယ်။ ကျွန်မက မောင်ဆိုသော မောင်ကိုသာ ချစ်ခဲ့တာပါ။ “မိုးထက်” ဆိုသော နာမည်ထက် မောင့်ကိုသာလျှင် ကျွန်မ ချစ်ခဲ့တာပါ။ “ဒေါက်တာ”ဟုသော ဂုဏ်ပုဒ်ထက် မောင့်ကိုသာလျှင် ကျွန်မချစ်ခဲ့တာပါ။ သူတို့တွေ မပါရှိလဲ မောင်ရဲ့ ဖြစ်တည်မှုကို ကျွန်မ ချစ်နေမှာပါ။

Tuesday, June 15, 2010

နံပါတ် 13 သို့မဟုတ် ကံမကောင်းသော ဂဏန်း

အတန်းပညာ မရှိသော တောခြုံအုံကြားမှ လူများမှ အစ၊ အတန်းပညာ မိုးထိအောင်မြင့်မားကြသော လူတန်းစားအထိအယူသီးမှုလေးများ ကိုယ်စီရှိကြသည်။ အယူသီးမှုတစ်ခုတိုင်းတွင် အခြေခံဇာစ်မြစ် ဇာတ်ကြောင်းကိုယ်စီတော့ ရှိနေကြသည်။ ပညာအဆင့်အတန်းနှင့် ဘ၀အနေအထား မည်သို့ပင် ရှိရှိ လူတိုင်းပင် တစ်ချိန်ချိန်တွင် အယူသီးမှု၏ ကျေးကျွန်ဖြစ်ကြရသည်။ အချို့သော အယူသီးမှုများကို လူအများစု လက်ခံကျင့်သုံးကြသည်ဖြစ်ရာ တစ်ခါတစ်လေ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု အစဉ်အလာဖြင့်ပင် လွဲမှားစွာ ခံယူသည်အထိ ဖြစ်ကြရသည်။ ထို့ကြောင့် အယူသီးမှုများ၏ ဇာစ်မြစ် နောက်ခံကို စူးစမ်းလေ့လာပြီး အယူသီးသင့်၊ မသီးသင့်ကို စဉ်းစားဆင်ခြင်အပ်ပေသည်။

အယူသီးမှုများအနက် ကမ္ဘာနိုင်ငံပေါင်းမြောက်များစွာက တစ်ညီတစ်ညွှတ်တည်း လက်ခံထားကြသော အယူသီးမှု တစ် ခုမှာ ကံမကောင်းသော နံပါတ် (13 ) ပင်ဖြစ်သည်။

13 ဂဏန်းနှင့် ပါတ်သက်ပြီး ကံမကောင်းစေသော ဂဏန်းအဖြစ် အယူသီးမှု၏ ဇာစ်မြစ်တစ်ခုကို ခရစ်တော်၏ နောက်ဆုံးညစာစားပွဲတွင် တွေ့ရှိရသည်။ 12 ယောက်သော သာဝကတို့  န်းရံထိုင်လျှက်ရှိသော ဆယ့်သုံးယောက်မြောက် ခရစ်တော်သည် ထိုညစာစားပွဲ၏ နောက်ရက်တွင် ကားစင်တင်ကာ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် 13 ဂဏန်းအားကံမကောင်းခြင်းနှင့် သေခြင်းတို့၏ နိမိတ်ဆိုးအဖြစ် မှတ်ယူခဲ့ကြသည်။

အပြီးတိုင်

မလိုတော့လို့ ချန်ထားတဲ့အခါ
ကြည်ဖြူစွာ နေခဲ့ပေးမှာပါ
စကားလုံးသာသာ စကားတွေကို
ဟန်ဆောင်ပြီး ပြောနေဖို့ မလိုပါဘူး မောင်။

မချစ်တော့လို့ ဖယ်ခွာတဲ့အခါ
တို့လက်တွေ ဖြေလျှော့ဖို့သာ ရှိတာပဲမို့
စိတ်ချထားပါကွယ်...
ကျွန်မ မျက်ရည်တို့နဲ့ အသနားမခံပါဘူး....။

တစ်ခန်းရပ်သွားတဲ့ ဒီဇာတ်လမ်းမှာ
ကျွန်မကိုယ်တိုင်က အညှာလွယ်ခဲ့သူမို့
အမည့်ခြွေခြွေခဲ့လေသူရယ်လို့
တစ်ဖက်သက်အပြစ်တွေလဲ မတင်ချင်ပါဘူး....။

ကျွန်မရဲ့ ရင်ခွင်ဟာ..မောင့်အတွက်
ကွန်းတစ်ထောက် နားခိုရာသက်သက်ဆိုပေမယ့်
လက်ခံရလိုက်တဲ့ အဖြစ်တို့အတွက်
နောင်တဆိုတာ ကင်းမဲ့ပါတယ် မောင်...။

မောင် ဆက်လျှောက်မယ့်လမ်းမှာ
ကျွန်မ အနီးကပ်လိုက်ပါခွင့်မရပေမယ့်
ရင်ထဲက ဆုတောင်းမိပါရဲ့
အေးချမ်းပျော်ရွှင်မှုတွေကိုသာ
ကျွန်မချစ်သော မောင် ပိုင်ဆိုင်ပါစေ........။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Monday, June 14, 2010

သံယောဇဉ်ဆိုတာ

လူရယ်လို့ ဖြစ်လာရင် သံယောဇဉ်ဆိုတာ ရှိတက်ကြတာချည်းပါပဲ။ မိသားစု သံယောဇဉ်၊ မောင်နှစ်မ သံယောဇဉ်၊ သူငယ်ချင်း သံယောဇဉ်၊ ချစ်သူ ရည်စားအပေါ်ထားတဲ့ သံယောဖဉ်........ နောက်ဆုံး အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ ကြောင်လေးတွေ.....အတွက် သံယောဇဉ်.။ 

ဘယ်သူမှတော့ သံယောဇဉ်မကင်းတက်ကြပါဘူး။ အဲဒီအထဲမှာ ကိုယ်ကပဲ ပိုလို့ သံယောဇဉ်ကြီးတက်တဲ့သူ ပဲလားတော့ မသိဘူးဗျ။ အမြဲ သွားပိုးစားခံရတယ်။ ကိုယ်ကလဲ ကိုယ်ပါပဲလို့ ပြောရမှာပါပဲ...။ လေးယောက်ပဲ ရှိတဲ့ မိသားစုလေးမှာမှ မိဘကို ဘယ်လောက်အထိ သံယောဇဉ်တွယ်လဲ ဆိုရင်......... မိဘနဲ့ ခွဲပြီး ညအိပ်ခရီးဆိုတာ တစ်ညထက်ပိုပြီးတော့ အသက်(၂၀)အရွယ်အထိ မသွားဖူးဘူး။ မသွားနိုင်ခဲ့ဘူး။ ကျောင်းတက်ဖို့ဆိုပြီးတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ မိဘနဲ့ အချိန်ကြာကြာ ခွဲနေရတာ အသက်(၂၀)ကျော်မှလေ။ သုံးယောက်ပဲ ရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးရဲ့ အောက်ထပ်မှာ ညီမလေး မသိအောင် မျက်ရည်ကျ ၀မ်းနည်းတဲ့အထိကို မိဘကို သံယောဇဉ်တွယ်ခဲ့တာ။ 

အငယ်ရဲ့ရှေ့မှာ ကိုယ်က အဲလိုမဖြစ်သင့်ဘူးဆိုတဲ့ အသိနဲ့ ထိန်းနေရပေမယ့် မေမေနဲ့ဖေဖေ့ကို လွမ်းလို့ စိတ်ဓါတ်တွေ ပြိုလဲခဲ့တာက အကြိမ်ကြိမ်။ သာမန်ဖျားတာလေးကိုတောင် ဖုန်းဆက်ပြီး ပြောတက်ခဲ့တာ၊ ကျောင်းမှာ သူငယ်ချင်းတွေက ဘယ်လိုဆိုတာကအစ မေမေ့ကို ပြောချင်ခဲ့တာ။ အငယ်လေးက မိဘနဲ့ခွဲနေရလို့ တစ်ခါတစ်ခါ လွမ်းတက်တာက လွဲရင် ကိုယ်လို မဖြစ်တက်ဘူးဆိုတာလဲ သိနေတယ်။ ကိုယ်ကိုက သံယောဇဉ် ကြီးလွန်းနေတယ်ဆိုတာလဲ သိနေတယ်။ ဒါပေမယ့် မလျှော့နိုင်ခဲ့ဘူး။ ရလဒ်ကတော့ အိမ်ကိုပဲ ပြန်နေချင်ခဲ့တဲ့အတွက် ပြန်နေခဲ့တဲ့အတွက် သင်တန်းတွေ၊ သူငယ်ချင်းတွေ၊ အခွင့်အလမ်းတွေနဲ့ မျက်ခြေပြတ်ခဲ့ရတာပဲ။

Sunday, June 13, 2010

သူမေးသမျှ သူသိလိုရာ

ဦးသစ်ကို  နဲ့ မေးဖြစ် ဖြေဖြစ်ခဲ့တာလေးကို အမှတ်တရ ကူးတင်ခြင်း ဖြစ်ပါသည်။

သစ် - ကဲ မနန်းရေ .. အမွှေလေးလို့ပဲ ပြောရင်ပြောတော့း)
ကျနော်မာတည်မှာ ရှိနေတုန်း မနန်းလဲ မာတည်မှာရှိနေတုန်း ကျနော် သိချင်တာလေးတွေ မေးချင်တယ်ဗျာ
ဟိုနေ့တည်းက မနန်းကို Request လုပ်ထားတာ .. ခု တင်လိုက်တော့ ပထမဆုံး ကျေးဇူးတင်ပါတယ်ပဲ ပြောပါရစေဗျာ
နန်း - ရပါတယ်ရှင် ... ကဲ အဆင်ပြေသလိုသာ မွှေပါ..:)



သစ် -း) ကျနော်ကတော့ မနန်းရော ကျနော်ရော နှစ်ဦးစလုံးက ဝါသနာရှင်အဆင့်မှာပဲ ရပ်တည်နေကြသေးတယ် ဆိုတော့
ဒီအင်တာဗျူးက မေးသူနဲ့ ဖြေသူကြားမှာ မျှတမှုလေးရှိမယ်လို့တော့ မြင်မိပါတယ် ဒါပေမယ့် မနန်းကတော့ ကျနော့်ထက် ပိုမယ် ထင်တယ်နော် တခါတုန်းကပြောဖူးသလားလို့ မဂ္ဂဇင်းကို စာမူပို့ဖို့ ကြိုးစားဖူးတယ် ဆိုတာ
အဲ့သည့်အဖြစ်အပျက်လေး မျှဝေပေးပါဦးလား
နန်း - အင်း ဦးသစ်ရေ... အရင့်အရင်လူတွေက ပြောတတ်ကြပါတယ်.. သူတို့ကိုယ်တိုင်ကလဲ အပယ်ခံဘ၀က တက်လာတာပါ. ဒါဟာ မှတ်တိုင်တစ်ခုအနေနဲ့ပေါ့.. နန်းလဲ မဂ္ဂဇင်းကို စာမူပို့ဖို့ ကြိုးစားဖူးပါတယ် ၀ါသနာရှင်တွေအတွက် နေရာပေးတဲ့ အချို့မဂ္ဂဇင်းတွေကိုပါ။ စာမူတွေကို စာအိပ်ထဲထည့် ပို့မယ်လို့ လုပ်ထားတာတွေ နန်း အံဆွဲထဲမှာ အများကြီး ရှိတယ်။ အရင်ပို့ထားတဲ့ သုံးစောင်လောက်က လုံးဝကို သတင်းမကြားရတာပါ။ နန်းဖက်က ၀မ်းစာလိုအပ်နေသေးလို့ ဖြစ်ပါလိမ့်မယ်.. ဒါပေမယ့် နန်း ဆက်မပို့ဖြစ်တော့ဘူး အဓိကကတော့ တွန်းအားပေါ့ နန်း အပယ်ခံရတာ များလာရင် ယုံကြည်မှု ပျောက်သွားမှာ စိုးတာပါ ဒါကြောင့် 2006 နောက်ပိုင်းကစပြီး နန်း ဘယ်ကိုမှ ထပ်မပို့ဖြစ်တော့ဘူး..



သစ် - မနန်းက ကဗျာတွေအပြင် ဇာတ်လမ်းတိုလေးတွေလဲရေးတယ်နော်၊ ဇာတ်လမ်းတိုလို့ သုံးလိုက်လို့ စိတ်တော့မရှိနဲ့ မနန်းရေ ကျနော့်အမြင် မနန်း စကားပြေအများစုကို ဝတ္ထုတိုစာရင်းထဲ မထည့်ချင်ဘူး ဒီတော့ ကဗျာနဲ့ စကားပြေ ရေးတာ မနန်း ဘယ်ဟာကိုပို အားရမိလဲ
နန်း - ဟုတ်ပါတယ် နန်း စကားပြေပုံစံမျိုးပဲ ရေးဖြစ်တယ်။ ကဗျာထက် စကားပြေကို ပိုအားရတယ်လို့ ပြောရမယ် ထင်တယ်။
စကားပြေမှာက နန်းပြောချင်တာကို ပုံဖော်လို့ ရတယ်။ ကဗျာမှာကျ ဦးသစ်လို ကျစ်ကျစ်လစ်လစ် နန်း မရေးနိုင်လို့ပါ :)



သစ် - ဟဟ လုပ်ပီဗျာ မနန်းကတော့ ဗျူးတဲ့သူကို မေးခွန်းခက်ခက်တွေ မမေးအောင် မြှောက်လိုက်ပြန်ပြီဗျို့
ဒါပေမယ့် မရဘူးနော် ကျနော်က ရအောင်မွှေမှာ ဒါကြောင့် Gtalk တောင်ပိတ်ထားတာ တော်ကြာ ခင်ဗျား အော်နေမှာ စိုးလို့
ကဲ နဲနဲ ဆက်လိုက်ဦးမယ်၊စာရေးဖြစ်တာ အချို့က ပင်ကိုယ်ဗီဇတွန်းအားကြောင့်ရေးဖြစ်ကြတယ် အချို့ကြပြန်တော့လဲ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေအရဝေဒနာတွေဖြစ်လာလို့ ရေးဖြစ်ကြတယ် ဒီတော့ မနန်းအနေနဲ့ရော ဘယ်လိုတွန်းအားကြောင့် စာနဲ့ကဗျာကို ရေးဖြစ်ခဲ့တာများလဲဗျ
နန်း - ပင်ကိုယ်ကတည်းက ဗီဇပါလာတယ်လို့ ပြောရမယ်.. နန်းတို့ငယ်ငယ်တုန်းက အိမ်မှာ စာအုပ်အငှားဆိုင်လေး ဖွင့်တယ်ရှင့်။ သူများ သုံးတန်းကလေးတွေ စာလုံးပေါင်းဖတ်နေရတဲ့အချိန်မှာ နန်းက ၀တ္ထုတွေ ဖတ်နေပြီဆိုရင် ယုံကြမှာ မဟုတ်ဘူး။ နန်းရဲ့ အားသာချက်တစ်ခုပေါ့လေ စာဖတ်အရမ်းသန်တယ်..။ ဖေဖေရဲ့ ပြုစုပျိုးထောင်မှုလဲ ပါပါတယ် သူက စာအရမ်းဖတ်စေချင်တာလေ။ နန်းရဲ့ တစ်နေ့စာဖတ်နှုန်းက တခြားသူတွေ ခန့်မှန်းထားတာထက် ပိုပါတယ်။
အဲ ဒါဆို အပြင်ပတ်ဝန်းကျင် ရိုက်ခတ်မှုအရ ဝေဒနာတွေဖြစ်လာလို့ မပါဘူးလားဆိုတော့ ပါတာပေါ့ရှင်။
နန်း ယုံကြည်တာတစ်ခုက ရင်ထဲမှာ ဘာမှ ရှိမနေရင် ချရေးလို့မရဘူး ဆိုတာပါ.. ပင်ကိုယ်ဗီဇကြောင့် စာရေးဖြစ်ပါတယ်ဆိုရင် ပြင်ပဝေဒနာက ပံ့ပိုးမှုတစ်ခုလို့ပဲ နန်းကတော့ ယူဆပါတယ်


Friday, June 11, 2010

မှော်ဝင်နေတဲ့ ကဗျာ

သူမသည် ထိခိုက်ကြေကွဲလွယ်သူ တစ်ယောက်ဖြစ်ပါရက် မုန်းမေ့ဖို့ ခဲယဉ်းသောသူ။ အချစ်ဆိုတာကို အချစ်ဆိုတာထက် ပိုပြီး အဓိပ္ပါယ် မဖွင့်ဆိုတတ်သူ။ အသွေးအမွှားကအစ အရာရာကို အလေးနက်ထား ခံစားကာ ထိုလေးနက်မှုနှင့်ပင် တစ်ဖက်သူအား ၀န်ထုပ်ပိစေသူ။

သူသည် ချစ်စကားကို လွယ်လင့်တကူ မပြောတတ်သော်ငြား ကျောခိုင်းပြတ်တောက်ဖို့ ဆုံးဖြတ်ချက် မြန်ဆန်သူ။ အချစ်ဆိုတာကို အချစ်ဆိုတာထက် ပိုပြီး မခံစားတတ်သူ။ အရာရိာု လှစ်လျူရှု့ဖို့ ကြိုးပမ်းရင်း ထို မသိကျိုးကျွန်ပြုမှုနှင့်ပင် တစ်ဖက်သူအား ၀မ်းနည်းထိခိုက်စေသောသူ။

သူမနှင့် သူတို့၏ တွေ့ဆုံမှုမှာ သမရိုးကျ ဆန်သော သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုသာ ဖြစ်သည်။

FriendNet ဟုသော ကဖေးဆိုင်လေးမှာ တိတ်ဆိက်ငြိမ်သက်စွာ အနားယူဖို့ အဆင်ပြေသော နေရာလေး ဖြစ်သည်။ wi fi ပေးထားသည့်အတွက် သူမအတွက် ပို၍အဆင်ပြေသည်။ ကော်ဖီကို တစ်စိမ့်စမ့် နှစ်ခြိုက်စွာ သောက်ရင်း စာရေး၊ စာဖတ်ခြင်းသည် သူမ အနှစ်သက်ဆုံးပင် ဖြစ်သည်။ အထူးသဖြင့် ကြီးမားကျယ်ပြန့်သော မှန်ပြင်များမှ တဆင့် မြင်နေရသော ခြံထဲမှ သစ်ပင်များကို ကြည့်ငေးရင်း ၀တ္ထုတိုလေးများ စဉ်းစားဖန်တီးခွင့်ရသည်မှာ ဒီကဖေးဆိုင်လေးဆီ စွဲစွဲမြဲမြဲ လာနေဖို့ လုံလောက်သည့် အကြောင်းရင်းပင်ဖြစ်သည်။

ထို့နေ့က.... သူနှင့် ပထမဆုံး စဆုံသည့်နေ့က....။

အပြောင်းအလဲများတဲ့ ရာသီ


ပြောင်းလဲလွန်းတဲ့ ရာသီတွေက

ထိုင်နေရင်းတောင် အဖျားတက်တယ်။

တကယ် တကယ်......!

ခုကိုပဲ မင်း အမုန်းမိုးတွေ ရွာတယ်

ခဏနေ အလွမ်းပန်းတွေ ပွင့်ဦးမယ်

မသိလိုက်သလိုနဲ့ပဲ အနမ်းနေခြည်ဝေဦးမှာ

နောက် သူစိမ်းအကြည့်တွေ နှင်းလိုကြွေမယ်

“မိန်းမတွေက မြို့ဝင်ဆိုင်းဘုတ်တွေလိုပဲ

မျက်နှာနှစ်ဖက်နဲ့ သိပ်ကြောက်ဖို့ကောင်းတယ်” တဲ့

ဟ....ဟ......ဟ!

မင်းပြောင်းလဲတာက နာရီမျက်နှာပြင်လိုပဲ

စက္ကန့်အလိုက် ရွေ့လျှားနေတယ်

တကယ်ပါ

ရာသီတွေ အပြောင်းအလဲမှာ

ထိုင်နေရင်းနဲ့ကို အဖျားတက်ခဲ့တယ်။


ရင်ငြိမ်းပန်း(ပခုက္ကူ)

နွေအေးချောင်း


”မမသန်း နွေအေးချောင်းလေး စားချင်လို့ ၀ယ်ကျွေးစမ်းပါဟာ နော်..”
ဆေးရွက်ကြီးတွေကို တစ်ပုံစီ ပုံရင်း ရေတောက်နေသော မသန်းဦး မောင်ငယ်၏ စကားကြောင့် တွေဝေသွား ပါသည်။ အိမ်ရဲ့ စီးပွားရေးလိုအပ်ချက်ကြောင့် ဒီမြို့သာပွဲကို မောင်နှစ်မနှစ်ယောက် ဆေးရောင်းလိုက်ခဲ့ရပေ မယ့် အစ်မဖြစ်တဲ့ မသန်းဦးကိုယ်တိုင်က ဆယ့်ငါးနှစ်မပြည့်တက်သေး။ ဒီမောင်ငယ်က ခုနှစ်နှစ်ခန့်ငယ်သည် ဆိုတော့ ကျောင်းနေတယ်ဆို နှစ်တန်းကျောင်းသားလောက်ပေါ့။ လူကြီးမပါ၊ ဘာမပါနဲ့ ရွာထဲက တခြား ဆေးရောင်းသူတွေကို အဖော်ပြုအားကိုးကာ လိုက်လာရပေမယ့် မသန်းဦး နည်းနည်းတော့ အားငယ် သည်။

မသန်းဦး အပျိုဖော်ဝင်ကာစမှာပဲ အိမ်ရဲ့ စီးပွားရေးက နောက်ဆုတ်လာသည်။ တစ်ရွာလုံး လက်ညှိုးထိုး မလွတ်သော မိခင်ကြီးရဲ့ မြေကွက်တွေလည်း ဖခင်၏ အသုံးအဖြုန်း မကွဲပြားမှုကြောင့် လုံးပါးပါးခဲ့ရသည်။ ဖခင်ကို မပြောသာလို့ မပြောရပေမယ့် မသန်းဦး ရင်ထဲတွင် အစိုင်အခဲတစ်ခုလို ဖြစ်နေသည်။ အို.. အဖေက သဘောကို ကောင်းလွန်းတာ ပါ။ တကယ်ဆို ကိုယ့်ကားပေါ်မှာ လိုက်လာတဲ့ အမျိုးသမီး သွားစရာ၊ နေစရာ မရှိတာကို အိမ်ခေါ်လာဖို့ လိုလို့လား။ သူ့သူ အရက်မူး အိပ်ပျော်နေလို့ နွားခိုးခံလိုက်ရတဲ့ ဦးချက်ဖောင်း ကိုရော နွားတစ်ကောင် ခေါ်ပေးဖို့လိုလို့လား။

ပြောရရင်တော့ အမေလည်း မထူးပါဘူး။ လူချမ်းသာတွေရဲ့ တစ်ဦးတည်းသော သမီးပီပီ ဘာမှမလုပ်တက်၊ မကိုင်တက်နဲ့ အိမ်တော်စိုးတွေ စိတ်တိုင်းကျ ချယ်လှယ်တာပဲ ခံနေရတာပဲလေ။ မိုးလေးနည်းနည်းအေးတာနဲ့ ရင်ကြပ် ရောဂါထတတ်တဲ့ အဲဒီအမေက ခြင်ထောင်ထဲကနေ ဘယ်သူဘာယူသွားတယ်ဆိုတာ ဘယ်သိမှာ လဲ။ မိသန်းဦး က သိလို့ ပြောပြန်ရင်လည်း ”ငါ့သမီးရယ် ဒီလောက်လေးနဲ့ အမေတို့ ဘာဖြစ်သွားတာမှတ်လို့ သူတို့လည်း မရှိလို့ ယူတာပေါ့ ရှိရင် ဘယ်သူက သူခိုးအဖတ်တင်ခံမှာလဲ”တဲ့။ ဟွန်း...။ သူတို့ လင်မယား ဝေသန္တရာ လုပ်လိုက်တာ ခု ငါတို့မောင်နှစ်မ ဈေးလိုက်ရောင်းရပြီ။

”မမသန်း.. နော်လို့”
”အေးပါဟယ် ခဏနေပါဦး ဖိုးကြည်ရဲ့ ဒီနေ့ ဈေးဦးကို မပေါက်သေးဘူး ပြီးတော့ မမသန်း ၀ယ်ပေးပါ့မယ်”
မောင်ငယ်ရဲ့ မျက်နှာလေး ညှိုးသွားပြန်တော့လည်း သန်းဦး စိတ်မကောင်း။ ကလေးအရွယ်ဆိုတော့လည်း စားချင်တာပဲ သိတယ်မလား။ ပြီးတော့ နွေအေးချောင်းဆိုတာမျိုးက ခုလိုဘုရားပွဲလေး ဘာလေးရှိမှ စားရတတ်တာလေ။ အင်း မမသန်းလည်း ၀ယ်ကျွေးချင်တာပေါ့ မောင်လေးရယ်။ ဒါပေမယ့် ဒီရောက်တဲ့ သုံးရက်လုံးလုံး ရောင်းရတာက အိမ်ရောက်တာနဲ့ ဆန်ကြွေးပြန်ပေးဖို့တောင် မလောက်သေး။ ဒါတောင် ကလေးနှစ်ယောက်တည်း လာရောင်းတာမို့  ၀ိုင်းဝယ်ကြလို့ပေါ့။ မဟုတ်ရင်တော့ မိသန်းဦးတို့ ခြေဆင်းငိုဖို့ပဲ ရှိတော့တယ်။

Wednesday, June 9, 2010

မျှော်လင့်ခြင်း အကာသားနဲ့ ထုဆစ်ထားသော စိတ်ကူးများ

လရောင်ခပ်ပါးပါး ဆမ်းထားတဲ့
ဘ၀ဆိုတဲ့ လမ်းမှာ
လေတစ်ချွန်ချွန်နဲ့
ငါဟာ နောက်ပြန်လျှောက်လာခဲ့တယ်။

စိတ်ကူးထဲမှာတော့...
မင်းဟာ ငါ့ရင်ဘတ်ထဲက ထွက်လာတဲ့
ကဗွီးပင်တစ်ပင်ပေါ့။

မင်းရဲ့ နုပျိုတဲ့အလှ
ဝေဆာတဲ့ စိမ်းလန်းမှုကို
ငါ ဂုဏ်ယူလို့မှ မဆုံးသေးဘူး
မင်းရဲ့ သမုဒယ အမြစ်တွေနဲ့
ပတ်နှောင်တွယ်ထားလိုက်တာများ
ငါ့နှလုံးသားတောင် ကျုံဝင်သွားခဲ့တယ်။

ဒါပေမယ့် ငါလို မြေကြီးက
မင်းရဲ့ ရိုးတံပြတ်တွေ၊ ပွင့်ဖတ်ဟောင်းတွေ
နောက်ဆုံး...
မင်းအနေနဲ့ ကြင်နာမှုနဲ့ ဝေမျှပေးလိုက်တဲ့
အသီးတစ်ချို့ရဲ့ နာကျင်မှုကိုတောင်
မက်မက်မောမော ခံယူမိမှာပါ
ဒါတွေကိုကလည်း မင်းကို မြှင့်တင်ပေးမယ့်
ငါ့အတွက်ကတော့ အားဖြည့်လောင်စာပဲပေါ့။

ကံကြမ္မာနဲ့ စကားစမြည်

ငါ မယုံကြည်တဲ့ ကံကြမ္မာက ငါ့ကို ခဏခဏ စိန်ခေါ်တယ်

ငါ လိုက်မသွားနိုင်တဲ့ နေရာကိုမှ သူ ရွေးခေါ်တယ်............

တော်ပါပြီ မသိချင်တော့ပါဘူး

နားမည်မှုနဲ့ မတန်တဲ့ အပေးအယူဆန်တဲ့ လက်တွေ့တွေ

ပန်းဆိုတာက ပွင့်မြဲပွင့်နေတာပဲ ကြွေပြီးသား ပန်းအတွက် ၀မ်းမနည်းတော့ဘူး

ဒီပန်းတွေ အပွင့်ကျဲသွားပေမယ့် နောက်ပန်းတွေ ဝေလာတာပဲလေ

ဘာအတွက် ပူဆွေးနေတော့မလဲ

ပါးစပ်ကသာ ပြောနေတာပါကွာ...... အလကားပါ

မင်းရဲ့ အားငယ်တတ်တဲ့စိတ်က ငါ ငါးညှီနံ့ရရနေတယ်

တော်ပြီ ဒီတစ်ခါ အနံ့ထွက်လာရင် စဉ်းတီတုံးပေါ်သွားတင်ပစ်လိုက်မယ်

ဟုတ်တယ်. တကယ်! (စိတ်ပေါက်စွာဖြင့်)

စိတ်ကသာ ကြိုးတစ်ချောင်းဖြစ်ခဲ့ရင် အခါခါတင်းရလွန်းလို့ ပြတ်ကြာလှပေါ့

ဘာမှစဉ်းစားမနေနဲ့ ခေါင်းရှုပ်တယ်

အသက်ကို ပြင်းပြင်းရှု၊ ဖြေးဖြေးချင်းထုတ် မေတ္တာသာ ပွားနေလိုက် အဲဒါ အေးချမ်းတယ်

တစ်ချို့စကားတွေက ပြောလို့သာ လွယ်တာ လိုက်နာဖို့ ခက်တယ်ဗျ

အနားသတ်မဲ့မျဉ်း


စကားတွေ မပြောချင်ဘူး
တိက်တိက်လေးပဲ နေချင်တယ်...။

မနက်ဖြန်ကို တွေးရင်း
ချခဲ့မိတဲ့ သက်ပြင်းတွေ
ကွင်းပြင်တစ်နံတစ်လျားမှာ
တစ်စစီ တစ်ခုစီ ပြန့်ကျဲလို့.................။

တစ်ခုတည်းသော
ကိုးကွယ်ယုံကြည်ရာ
မျှော်လင့်ချက် အလင်းရောင်ကလည်း
မှိန်ပျအေးစက်လို့...............။

ချစ်သူ့အိမ်လေးအတွက်
ထားရှိခဲ့တဲ့ နှုတ်ကတိစကားတွေနဲ့ သစ္စာတရားတွေက
လက်တွေ့ဘ၀နဲ့ ယှဉ်လာတဲ့အခါ
အားလုံးဟာ မှုန်ဝါးသွားတယ်။

ရှေ့တစ်လှမ်းအတွက်
နောက်နှစ်လှမ်းဆုတ်ပြီး အားယူနေရသူအဖို့
တစ်နေ့တော့ ရောက်မယ့် ပုဂံဟာ
တကယ်ဆိုတော့ ဝေးနေသေးတယ်။

မှားတဲ့ဖက်မှာ ဘယ်သူရှိလဲလို့
လူပြန်စစ်ကြည့်လိုက်တဲ့အခါ
ကိုယ်ကိုကိုယ်ကလွဲလို့
အပြစ်ဖို့စရာရယ် မရှိဘူးလေ။

သတိရခြင်းအပါအ၀င်
အားလုံးကို လက်လွှတ်လိုက်ရချိန်မှာ
စကားတွေ မပြောချင်ဘူး
တိတ်တိတ်လေးပဲ နေချင်တော့တယ်။

ရင်ငြိမ်းပန်း(ပခုက္ကူ)

ကျွန်မ ရင်ဘတ်ထဲက မြန်မာအက္ခရာများ

မြန်မာအက္ခရာထဲမှာ ဗျည်း သုံးဆယ့်သုံးလုံး ရှိတယ်ဆိုပေမယ့် ကျွန်မရင်ဘတ်ထဲမှာတော့ မြန်မာအက္ခရာ လေးလုံးပဲ ရှိတယ်။ အက္ခရာစဉ်အလိုက် စီထားတာမဟုတ်ဘူး။ ရင်ဘတ်ထဲကို ၀င်လာတဲ့အချိန်အလိုက် စီထားတာလို့ ပြောရင် ရမယ်ထင်တယ်။ ဘယ်လိုပဲ စီထားထားပါ ကျွန်မရင်ဘတ်ထဲမှာ အက္ခရာလေးလုံး ရှိနေတာတော့ သေချာတယ်။

တ၀မ်းပူ
ကျွန်မရင်ဘတ်ထဲက ပထမဆုံး အက္ခရာ။
တိုမိုကိုလေး လို့ ခေါ်တဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော ညီမလေး။ ကျွန်မဘ၀ရဲ့ အရေးကြီးဆုံးသော လူတစ်ယောက်။ တွယ်တာစရာ ရှိတဲ့အထဲမှာမှ အတွယ်တာဆုံးသော အက္ခရာ။ ချစ်တယ်ဆိုသော သူတွေထက် ပိုချစ်ရသော သူ။ ကျွန်မဘ၀ရဲ့ အချိန်တော်တော်များများမှာ တ၀မ်းပူအတွက် စဉ်းစားရင်း ကြိုးစားရင်း ကုန်ဆုံးခဲ့ရတာ။ မိသားစုဆိုတာတောင် ဖေဖေနဲ့ မေမေထက် ပိုလို့ တွယ်နှောင်မိတဲ့ သူ။

ခခွေး
ကျွန်မရင်ဘတ်ထဲက ဒုတိယ အက္ခရာ။
ချိုကြီးလို့ ခေါ်တဲ့ ကျွန်မရဲ့ အစ်မအရင်းသဖွယ် ချစ်ခင်ရသော သူငယ်ချင်း။ ခိုကိုးရာမဲ့တိုင်း သူ့လက်ကို ဆွဲကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတဲ့အထိ စောင့်ရှောက်ပေးနိုင်သူ။ ကျွန်မ ပြုံးနေရင်တောင် နင် ဘာလို့ ငိုနေတာလဲ ဟု ဟိုးရင်ဘတ်ထဲထိ လိုက်ကြည့်ငေး မေးတတ်သူ။ ကျွန်မ ကိုယ်တိုင် မသိတဲ့ ကျွန်မရဲ့ ခံစားမှုတွေကို အလိုလို သိရှိနားလည်သူ။

နငယ်
ကျွန်မရင်ဘတ်ထဲက တတိယ အက္ခရာ။
နော်ကို လို့ခေါ်တဲ့ ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်း။ ကျွန်မဘ၀ရဲ့ နေ၀င်ချိန်လို့ ပြောရမယ့် လဲပြိုချိန်၊ ကျဆုံးချိန်၊ နစ်မွန်းချိန်တွေမှာ ပြစ်တင်စကားသော်လည်းကောင်း၊ ဝေဖန်စကားသော်လည်းကောင်း အားပေးစကားသော် လည်းကောင်း တစ်ခွန်းမျှ မဆိုပဲ တိက်ဆိတ်စွာ နေပေးခြင်းဖြင့် ကျွန်မကို အားအင်ဖြည့်တင်းပေးသောသူ။ အတိက်နေ့ရက်တွေမှာ နငယ်သာ ကျွန်မဖက်က မရပ်တည်ခဲ့ဖူးဆိုရင် အခုလို ကျွန်မ စာရေးနေနိုင်ပါ့မလားဆိုတာ သံသယ၀င်မိတဲ့အထိ ကျွန်မအပေါ်မှာ သက်ရောက်မှုများသူ။

ဇကွဲ
ကျွန်မရင်ဘတ်ထဲက စတုတ္ထ အက္ခရာ။
ကျွန်မဘ၀တစ်သက်လုံးစာအတွက် ဝေဒနာ၊ သေရာပါမယ့်အထိ စူးနစ်လွန်းတဲ့ ကျွန်မရဲ့ ဒဏ်ရာ။ ဖျော့ဖျတ်လို့ မရနိုင်တဲ့ ကျွန်မရဲ့ မှတ်ညဏ်၊ ချန်ထားလို့ မရနိုင်တဲ့ ကျွန်မဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း။ ပျော်စေလိုလဲ သူ၊ ငိုစေလိုလဲ သူ၊ ခံစားချက်အားလုံးကို သိမ်းပိုက်ထားသောသူ။

ဘယ်လိုဖြစ်စဉ်မျိုးပဲ ဖြစ်လာလာ၊ ဘယ်လိုအကြောင်းရင်းမျိုးပဲ ရှိလာလာ ကျွန်မရင်ဘတ်ထဲက ဒီအက္ခရာလေးလုံးကတော့ လျော့သွားလိမ့်မယ် မဟုတ်ဘူး။ ကျန်နေသေးတဲ့ ဘ၀ရဲ့ ခရီးစဉ်မှာ ဒီအက္ခရာတွေရဲ့ ကူညီလမ်းပြမှုနဲ့ ဆက်လျှောက်သွားမှာမို့ ကျွန်မဘ၀ရဲ့ မှတ်တိုင်တွေလို့ပဲ ဆိုကြပါစို့ရှင်။

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း - 3 -


နန်း ဂုဏ်ထူးတန်းအရောက်မှာပဲ တ၀မ်းပူက ပထမနှစ် စတက်ရတယ်။ မန္တလေးမြို့ရဲ့ မိန်းမလှကျွန်းလို့ သတ်မှတ်ရလောက်အောင် မိန်းကလေးကျောင်းသူများ ကြီးစိုးရာ M.U.F.L။ နန်း တစ်ခေါက်တစ်ခါမှ မရောက်ဖူးတဲ့ ကျောင်းဖြစ်ပေမယ့် ရှစ်တန်းကျောင်းသူ ဘ၀ကတည်းက ယူလာခဲ့တဲ့ ကျောင်းအပ်တာဝန်ကို နန်းပဲ ဆက်လက်ထမ်းဆောင်ရတာလေ။



မြေညီထပ်က ကျောင်းသားရေးရာမှာ ဖောင်ဝယ်ဖြည့်၊ ပထမထပ်က ငွေစာရင်းဌာနမှာ ငွေသွင်း၊ ဒုတိယထပ်က ဂျပန်ဘာသာ ဌာနမှာ လက်မှတ်ထိုး..။ သုံးထပ်ကို လူးလာခေါက်ပြန်လုပ်ရင်း ကျောင်းအပ်ပြီးသွားတော့ “အငယ်လေးရေ ဒါက မေဂျာသင်ရမယ့် အခန်း၊ ဒါက မိုင်နာအခန်း၊ မိုင်နာကျရင် ဘာသာစုံကျောင်းသားတွေ လာတက်မှာနော်၊ ဒါကတော့ LAB ခန်း” ဆိုပြီး တစ်ခန်းချင်း စီ နေရာလိုက်ပြပေးနေတဲ့ နန်းကို တ၀မ်းပူလေး ပြောလိုက်တာက.........။ “မကြီး Toilet က ဘယ်နားမှာလဲ ပြပေးခဲ့ဦး” တဲ့။ အဲလို အစ်မကို နေရာတကာ အားကိုးတတ်တဲ့ တ၀မ်းပူ။



မိန်းထဲက တိုက်အမှတ် 22 မှာ အဆောင်သာ ထားခဲ့ရတာ ကလေးကို စိတ်မချဘူး။ အိမ်မှာ ဘာမှမလုပ်ဖူးတဲ့ ကလေးဆိုတော့ လေ။ နေ့တိုင်း ဖုန်းဆက်၊ တစ်ပါတ်တစ်ခါ စားစရာပို့။ တစ်လတစ်ခါ လွှဲတဲ့ငွေတောင် ဘဏ်သွားမထုတ်တတ်လို့ ဦးလေးကနေ တဆင့် လွှဲပို့ပေးရတာလေ။ အဲ...။ ပထမနှစ်ပြီးလို့ ပြန်သွားကြိုတော့ ဖေဖေ့မိတ်ဆွေတစ်ယောက်ရဲ့ သားက ကားမောင်းပို့ပေးတာ။ အဲ့အစ်ကိုကြီးက တိုးတိုးလေး လာကပ်ပြောတယ်။ “အကြီးမ.. နင့်ညီမ ခြင်းထဲမှာ ဖဲထုပ်တွေ တွေ့တယ်” တဲ့။ စိတ်ပူပြီး မေးကြည့် တော့ အဆောင်က အစ်မကြီးတွေနဲ့ စက္ကူပိုက်ဆံကြေး ကစားတာတဲ့။ ဖဲချိုးတာများ တော်ရုံဖဲသမားတောင် သူလို လှအောင် မချိုးတတ်ဘူး။ အဲလို တ၀မ်းပူ။



နေ့လည်စာ ထမင်းသွားစားမယ်.. ဘယ်ဆိုင်ကောင်းလဲဆိုတော့.. “ ညီမလေးက ပုံစားဆိုင်ပဲ သိတာ” တဲ့။ မန်းလေးမှာက ထမင်း ပေါ်မှာ အသားနှစ်မျိုး၊ အရွက်နှစ်မျိုး ဟင်းတွေကို ပုံပေးပြီး ရှမ်းထမင်းဆိုပြီး ရောင်းကြ၊ စားကြတာလေ။ အစ်ကိုကြီးက ငါ ပုံစား တော့ မစားနိုင်ဘူး လို့ ပြောပြီး ဖရန့် လဖက်ရည်ဆိုင်ကို မောင်းတယ်။ အဲ့ဒီမှာ တ၀မ်းပူလေး မှာစားတာက ကြက်ကီးမား။ ကီးမား ကို ခက်ရင်းနဲ့ ဖြဲပြီး တစ်ဇွန်းစာ ပါးစပ်ထဲ သူထည့်လိုက်တယ်။ နန်း ကြည့်နေတယ်။ မျက်နှာက ရဲလာပြီး မျက်ရည်တွေ ၀ဲလို့။ “ အငယ်လေး ထွေးလိုက်လေ.. ပူသေးတယ်မလား” ပြောတယ်။ ဆိုင်ထဲမှာဆိုတော့ ရှက်ရှက်နဲ့ မထွေးပဲ ဒီတိုင်း ကြိတ်ခံနေတာ အာခေါင်တွေ အပူလောင်သွားတယ်။ အဲလို တ၀မ်းပူ။



သူတို့ နိုင်ငံခြားဘာသာတက္ကသိုလ်က ပွဲတော်တော်များတဲ့ ကျောင်း။ လစဉ်လတိုင်း ပွဲတစ်ခုမဟုတ် တစ်ခု ရှိနေတာလေ။ လေမှုတ် ပိန်ပေါင် ပြိုင်ပွဲ၊ ထမင်းနှဲထိုးပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ မော်ဒယ်လ်ရှိုး၊ ခြင်းခတ်၊ သစ်ပင်စိုက်၊ ဘယ်တော့မှ မရိုးဘူး။ တစ်ရက် .. တ၀မ်းပူလေးက ပြောလာတယ်။ “မကြီး.. ညီမလေး လမ်းလျှောက်ပြိုင်ပွဲ ၀င်မလို့ ဖိနပ်ဝယ်ပေးပါ”တဲ့။ နန်း ညီမလေး က အားကစား စိတ်ဝင်စားသားပဲပေါ့..။ ဖိနပ်ဆိုင် သုံးနေရာလောက် ပြောင်းပြီး သူ့စိတ်ကြိုက် ဖိနပ်ကို ၀ယ်ပေးလိုက်တာပေါ့။ ပြိုင်ပွဲက ပြန်လာရင် အဆင်သင့်စားဖို့ သူကြိုက်တတ်တာလေးတွေ ၀ယ်ပြီး နန်းက စောင့်နေတာ။



ပြန်လာတော့ စူပုတ်စူပုတ်နဲ့...။ အခြေအနေ ဘယ်လိုလဲဆိုတော့ မဖြေဘူး။ ကိုရီးယားဘာသာက သူ့သူငယ်ချင်းလေးက ၀င်ဖြေ တယ်.။ နောက်ကရေရင် ဒုတိယတဲ့။ နန်းတို့ အတူတူနေတဲ့ မေကျော်အပါအ၀င် သူငယ်ချင်းတွေ အကုန်ရယ်ကြပါလေရော။ စိတ်ကောက်ပြီး အပေါ်ထပ်ကို ခြေဆောင့်တက်သွားတယ်။ သူ့သူငယ်ချင်းမလေးက ဆက်ပြောတယ်။ “ဒါတောင် နောက်ဆုံး တစ်ယောက်က ခဏထိုင်နားလိုက်လို့ သူ့နောက် ရောက်သွားတာ”တဲ့။ သူ ရှီဆူအိုကာ မှာ ကျောင်းဆက်တက်မယ်ဆိုတော့.. ဖေဖေက ပြောတယ် နိုင်ငံခြားက ကျောင်းတွေမှာ အားကစားပါ ထူးချွန်ရတယ်တဲ့ သမီးငယ် ဘာကစားတတ်လဲတဲ့။ သူက ဖြေတယ် “ဖဲ”တဲ့။ အဲလို အားကစား ထူးချွန်တဲ့ တ၀မ်းပူ။

Monday, June 7, 2010

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း - 2 -

တ၀မ်းပူလေးက အအိပ်မက်တဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ တက္ကသိုလ်ဝင်တန်းမှာ နန်းက ဒုတိယနှစ်လေ။ ကလေးကို ကောင်းကောင်းမောင်းတာပေါ့။ အဲဒီတော့ ဒေါ်တိုမိုကိုလေး လူလည်မက ခဏ ခဏ ဖျားတယ်။ တစ်ချက်လောက် ဆူမိရင် မျက်ရည်ကျတယ်။ သူ ငိုပြီဆိုတာနဲ့ မေမေက “ နင့် ငါ့သမီးကို ဆူစရာမလိုဘူး သူ့သူ ကျက်နိုင်သလောက် ကျက်လိမ့်မယ်” ဆိုပြီး နန်းကိုပဲ မဲတာလေ။ နန်းကလဲ မေမေ လစ်ရင် လစ်သလို ခေါင်းခေါက်တယ် လိမ်ဆွဲတယ်။ အလကားနေရင်းတော့ ဘယ်ဟုတ်မှာလဲ သူ အိပ်ငိုက်ရင်တို့ စကားများရင်တို့ ပေါ့။ ညီမ၀မ်းကွဲလေး တစ်ယောက်ပါ ရှိတာဆိုတော့ သူတို့ စာကြည့်စားပွဲထိပ်မှာ နန်းက ထိုင်ပြီး ကိုယ့်စာကို ကြည့်တယ်။ သူတို့ အိပ်မငိုက်ရဲအောင်ပေါ့လေ။

နှစ်ယောက်စလုံး နန်း ရှိတဲ့အချိန်ဆို စာကို အသားကုန်ကျက်ကြတာ။ အသံတစ်ချက်လေးမှ မလျော့ဘူး။ နန်းကတော့ ပီတိတွေဖြာလို့ပေါ့လေ။ သိပ်မကြာပါဘူး... အိပ်ငိုက်တဲ့ ပြစ်မှုနဲ့ ကလေးကို စိတ်ဆိုးဆိုးနဲ့ အော်လိုက်တာ.. တိုမိုကိုလေးတို့ ဖျားပြန်ရော..။ အဲ့ဒီအချိန်မှာ နန်းကလဲ လေးဖက်နာရောဂါ စဖြစ်တဲ့အချိန်ဆိုတော့ ဆေးကုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နန်းကို ရန်ကုန်ကို ပို့လိုက်ကြတယ်လေ။ နန်းလဲ မရှိရော.. ဟိုတစ်ယောက်က ရည်းစားထား၊ တိုမိုကိုလေးလဲ စပါယ်ရှယ် အိပ်။ နန်းလဲ စိတ်ဆိုးဆိုးနဲ့ စာမေးပွဲဖြေခါနီးမှကို ပြန်လာတယ်။ အောင်စာရင်းလဲ ထွက်ရော ဟိုတစ်ယောက်က အောင်ရုံ၊ တိုမိုကိုလေးက ဂုဏ်ထူးနှစ်ခုလားပါတယ်လေ။

ကျောင်းသားတို့ထုံးစံလေ ဘယ်လောက်ပဲ ပေါ့လျော့နေခဲ့ခဲ့ အချိန်တန်ရင်ကျ အမှတ်လေးက ကောင်းချင်ကြသေးတာကိုး..။ အောင်စာရင်းမှာ ဂုဏ်ထူးနှစ်ခုတည်းပါတာလို့လဲ ပြောရော.. လူကြားထဲ သတိလစ်သွားသလို ကြောင်ကြောင်ကြီး ရပ်နေတာ။ မသိရင် စိတ်ထိခိုက်သွားတာလိုလိုပေါ့လေ။ အမှန်က အစ်မလုပ်သူက ဆူမှာသိလို့ ကြိုပြီး အကာအကွယ်ယူထားတာ။ ဒါကို သိပေမယ့်လည်း နန်း က ဘယ်ဆူရက်တော့မှာလဲ။ ပြီးလဲပြီးသွားပြီလေ..။ အဲလို Defence ကောင်းတဲ့ တ၀မ်းပူ။

စာမေးပွဲပြီးတာနဲ့ တစ်နေကုန်အိပ်ပလိုက်မယ်လို့ စာမေးပွဲဖြေနေရတဲ့ ကျောင်းသားတိုင်း ကြိမ်းဝါးတတ်ကြပါတယ်။ တကယ်တမ်းပြီးတော့ ဂိမ်းကစားချင်တာ၊ ရုပ်ရှင်ကြည့်ချင်တာ... များစွာနဲ့ မအိပ်ဖြစ်တတ်ကြဘူးလေ။ ဟင့်အင်း တိုမိုကိုလေးကတော့... ကြိမ်းဝါးထားတဲ့အတိုင်း အိပ်တာ။ စာမေးပွဲနောက်ဆုံးနေ့ ပြန်လာတာနဲ့ အိပ်တယ်။ ညစာ ထမစားဘူး။ နောက်နေ့ မနက်ကို နေမြင့်မှ ထတယ်။ မျက်နှာလေးသစ် ထမင်းလေးစားပြီး ခဏလှဲလိုက်တာ နေ့လည် တစ်နာရီကျော်တဲ့အထိ မထဘူး။ မေမေက “ဘယ်လောက်အထိ အိပ်နိုင်မလဲ ထားကြည့်ဦးမယ်” တဲ့။ ညနေ လေးနာရီထိုးတဲ့အထိပေါ့။

“သမီး ညနေဖက်ကြီး မအိပ်ရဘူး ဖျားတတ်တယ် ခဏထဦး”ဟု ပြောကာ နှိုးယူရသည်။ ထိုသို့ နေ့ခင်းဖက်ကို တစ်နေကုန်၊ တစ်နေခမ်း အိပ်ပြီးတော့.. ညဖက်ကျ တိုမိုကိုလေး ထငိုပါလေတော့သည်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မပျော်လို့တဲ့။ ဘယ်ပျော်မှာလဲ တစ်နေကုန်အိပ်ထားတာကိုး။ သူက ထငိုတော့ အိမ်ကလူတွေလဲ အငြိမ်မနေရ အိပ်ရေးပျက်ရော။ နောက်ဆုံး ဖေဖေက အိမ်ကလူတွေကို မှာထားရတယ် “ သမီးငယ်ကို နေ့ခင်း ပေးမအိပ်ရ” တဲ့။
အဲလို အိပ်ရေးမက်တဲ့ တ၀မ်းပူ။

အိပ်ရာကနေ နိုးလာရင်လဲ မျက်လုံးသာ ကောင်းကောင်းမဖွင့်တာ ရေခဲသေတ္တာဆီကိုကျ ခြေလှမ်းက အမှန်။ ရေဘူးကို အရှိန်နဲ့ မော့။ ပြီး ပြောလိုက်သေးတာ အိပ်ယာထဲကို ရေပိုက်လေး သွယ်ထားရရင် ကောင်းမယ်တဲ့။ ထသောက်ရတာက အိပ်ရေးပျက်တယ်လေ။ လူနံပိန်၊ ကျွဲချိုလိမ် ဆိုတာ အားသန်တာလား အစားသန်တာလား အတိအကျ မသိပေမယ့်.. တိုမိုကိုလေးအတွက်တော့ အစားက ပိုမှန်မယ်ထင်တယ်။ လူကောင်သေးသလောက် စားနိုင်တယ်။ သူ အကြိုက်ဆုံးက ငှက်ပျောသီး။ ငှက်ပျောတစ်ဖီးကို တစ်ထိုင်တည်းနဲ့ စားနိုင်တာ သူပဲ ရှိမယ်ထင်တယ်။ အဲလို အစားသန်တဲ့ တ၀မ်းပူ။

အဲလို အိပ်ရေးမက်တဲ့ တိုမိုကိုလေးတစ်ယောက် တစ်ညမှာတော့ ဧည့်ခန်းထဲမှာ တစ်ကုပ်ကုပ်နဲ့ တစ်စုံတစ်ရာကို လုပ်နေတာ တွေ့ရတယ်။ စားပွဲပေါ်မှာလဲ ဘော်ကြယ်ပွင့်လေးတွေနဲ့။ ထူးထူးဆန်းဆန်း ဖြစ်နေပေမယ့် ဘာတွေလုပ်နေတာလဲဆိုတာ နန်း မမေးလိုက်မိဘူး။ မနက်ဖက် နန်း အိပ်ယာနိုးတော့ နန်း ခေါင်းအုံးဘေးမှာ စာရွက်လေးတစ်ရွက် ရောက်နေတယ်။ ကြည့်လိုက်တော့.. ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ ဆိုတာကို ဂျပန်လို ရေးပေးထားတဲ့ စာရွက်လေး။ ဘောပင်နဲ့ ရေးထားတာ မဟုတ်ပဲ ကြိုးမျှင်လေးတွေနဲ့ ရေးထားတာလေ။ စာရွက်နောက်ကျောဖက်ကို လှန်ကြည့်တော့ .. နန်း သဘောကျတယ်လို့ ပြောခဲ့ဖူးတဲ့ ကောင်းကင်က ကြယ်စုလေးတွေကို ပုံဖော်ပြီး ဘော်ကြယ်ပွင့်လေးတွေနဲ့ သီထားတာ။ အဲ့သီထားတဲ့ ကြိုးမျှင်က တစ်ဖက်မှာ May 4 ဆိုတဲ့ စာတမ်းလေး ဖြစ်နေစေတာလေ။

နန်း မျက်ရည်ဝဲမိတဲ့အထိ.. ကြည်နူးသွားတာ။ နန်း မွေးနေ့ကို နန်းကိုယ်တိုင် မေ့နေပေမယ့်.. ဆယ့်နှစ်နာရီကျော်တဲ့အထိ မအိပ်ပဲ စိတ်ကူးကောင်းကောင်းလေးနဲ့ Hand Made လုပ်ပေးထားတဲ့ တ၀မ်းပူလေး။ အဲလို ချစ်စရာကောင်းတဲ့ တ၀မ်းပူ။

Sunday, June 6, 2010

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း - 1 -

တ၀မ်းပူဆိုတာ နန်း ရဲ့ တစ်ဦးတည်းသော ညီမလေးရယ်လို့ တော်တော်များများ သိထားကြမယ် ထင်ပါတယ်။ နန်းထက် သုံးနှစ်လောက် ငယ်ပေမယ့် နန်းထက် သုံးဆလောက် လည်တဲ့ ကလေးမလေးပါ။ သူရဲ့ နစ်နိမ်းက တိုမိုကိုလေး ဖြစ်တဲ့အတွက် နန်းက သူ့ကို တ၀မ်းပူ လို့ အမည်ဝှက်လေး ပေးဖြစ်ခဲ့တာ။

တ၀မ်းပူက နန်းနဲ့တော့ ပုံစံမတူဘူး။ နန်းက သူငယ်ချင်းအပေါင်းအသင်း ပေါတယ်။ စကားပြောတယ်။ ဟိုနေရာ စပ်စပ် ဒီနေရာ စပ်စပ်နဲ့။ တ၀မ်းပူမှာ ရှိတဲ့ သူငယ်ချင်းဆိုတာ လက်ချိုးရေလို့ ရတဲ့အထိ နည်းပါးတယ်။ ပြီး အစ်မရဲ့ သူငယ်ချင်းတွေကို လိုက်ကပ်ပေါင်းတယ်။ စကားလည်း နည်းတယ်။ ဒါပေမယ့် တစ်ခွန်းဆို တစ်ခွန်း ထိမိအောင်တော့ ပိဿာလေး ဘေးပစ်သလို ပြောတတ်တယ်။ အနေအေးတယ်လို့ ဆိုကြပါစို့။ သူ့အကြောင်း အမှတ်တရတွေကို စာရေးမယ်ဆိုပြီး စိတ်ကူးရလာတာနဲ့ ဒီပို့စ်လေးကို ဖန်တီးခဲ့တာပါ။

တစ်ရက် .. နန်း တို့ ညီအစ်မနှစ်ယောက် တီဗီရှေ့မှာ ကာတွန်းကားထိုင်ကြည့်နေကြတဲ့ အချိန်မှာ မေမေက ရှေ့ကနေ ဖြတ်သွားရင်း စကားတစ်ခွန်း ပြောသွားတယ်။ “ဘယ်သူ့ ဘယ်သူမှ မပြောလောက်” တဲ့။ မေမေ့နောက်ကျောကို ငေးပြီး မေ ဘာပြောသွားတာလဲ မသိဘူး ဆိုတဲ့ အတွေး ခဏ၀င်လာပြီး နန်း တီဗီပဲ ဆက်ကြည့်နေတာပေါ့။ ဒါပေမယ့် တ၀မ်းပူက ရုတ်ချည်းဆို ထသွားတယ်။ နန်းကတော့ တီဗီကြည့်မပျက်ဘူးလေ။ ခဏနေတော့ တ၀မ်းပူရယ်လေ မုန့်ထုပ်ကြီး လက်ကဆွဲလို့ ပြန်ထွက်လာတယ်။ ဘာတွေလဲလို့ နန်းက မေးတော့.. “ဘယ်သူ့ ဘယ်သူမှ မပြောလောက် ဓနုဖြူက ငှက်ပျောခြောက်” တဲ့။ မေမေ ပြောသွားတာကို စဉ်းစားပြီး လိုက်ရှာတာလေ။ အဲ့လို တ၀မ်းပူ။

“မမကြီး.. 2 နဲ့ 2 ပေါင်း ဘယ်လောက်လဲ”
”4 ပေါ့ဟ လွယ်လွယ်လေး”
“မှားတယ်... ပေါင်မုန့်လေးလုံး”
အဲဒါက ပေါင်မုန့်စားချင်တဲ့ အချိန်မှာ နန်းကို မေးတတ်တဲ့ တ၀မ်းပူရဲ့ ပဟေဠိ။ အာလူးကြော်စားချင်တဲ့ အချိန်ဆိုရင်တော့ “မှားတယ် အာလူးကြော် လေးထုပ်”။ ဖျော်ရည် သောက်ချင်တဲ့ အချိန်ဆို “မှားတယ် ဖျော်ရည် လေးဗူး”။ ငှက်ပျောသီးစားချင်တဲ့ အချိန်ဆို “မှားတယ် ငှက်ပျောသီး လေးလုံး”။ အဲလို လူလည်ကျတတ်တဲ့ တ၀မ်းပူ။

မန်းလေးမှာ ကျောင်းတက်စဉ်ကပေါ့.. နန်း နဲ့ သူ ဈေးထဲမှာ ရှမ်းခေါက်ဆွဲ စားနေတုန်း ဆိုင်ထဲကို ကောင်လေးတွေ နှစ်ယောက်ဝင်လာကြတယ်။ ဆိုင်ရဲ့ ပုံစံက ခေါက်ဆွဲပြင်တဲ့ စားပွဲကို ထိုင်ခုံတွေ ၀ိုင်းပတ်ထားတာမျိုးလေ။ အဲ့ကောင်လေးတွေ ထိုင်တဲ့နေရာက နန်းတို့နဲ့ဆို တိုင်တစ်လုံးပဲ ခြားတာ။ ကောင်လေးတွေ ၀င်လာကတည်းက တ၀မ်းပူ က နန်းကို ကာပြီး ကွယ်ကွယ်လေး နေနေတာ။ ကောင်လေးတွေကလဲ ကြည့်ကြည့် ကြည့်ကြည့်နဲ့ပေါ့။ နန်းကလဲ ဘာကောင်တွေလဲ ဆိုတဲ့ အထာနဲ့ မျက်စောင်းထိုးနေတာ။ တ၀မ်းပူကလဲ နန်းနောက်ကိုပဲ မရရအောင် ကာထားတာ။ အဲ... ကောင်လေးတွေ ထပြန်သွားတော့မှ.. “မကြီး အဲဒါ ငါတို့ အတန်းထဲက အီးစီ ” တဲ့။ စကားပြောရမှာ၊ နှုတ်ဆက်ရမှာ ကြောက်လို့လေ..။ ထို့သို့ တ၀မ်းပူ။

အမှတ်တရတွေ များလွန်းလို့ အပိုင်း ခွဲထားခြင်း ဖြစ်ပါသည်။

ငယ်ငယ်တုန်းကလို

နန်းမှာ ချိုကြီးလို့ ခေါ်တဲ့ မိန်းကလေး သူငယ်ချင်းတစ်ယောက်ရှိတယ်။ ညီအစ်မအရင်းလို ချစ်ရတဲ့ သူငယ်ချင်းပေါ့။ နန်းတို့ နှစ်ယောက်က သိပ်တော့ နူးနူးညံ့ညံ့ မဟုတ်ဘူး။ ဘောလုံးကန်လိုက်၊ ရန်ဖြစ်လိုက်၊ ဗျောက်ဖောက်လိုက်၊ ဂိမ်းဆော့လိုက် ပေါ့။ နန်းတို့ တက်တဲ့ အထက်တန်းကျောင်းရဲ့ နောက်ဖေးအထွက် တံခါးပေါက်ဘေးမှာ မုန့်ပြားသလက် ရောင်းတဲ့ဆိုင်လေး ရှိတယ်။ ဆန်မှုန့်ကို ရေနွေးနဲ့ဖောက် ထန်းလျှက်ကို ကျိုပြီး အိုးခင်းလေးထဲမှာ ထည့်ပြီး မီးဖုတ်ရတဲ့ အစားအစာမျိုးလေ။ 

နန်းတို့ နှစ်ယောက်က အစားလဲ ပြူးတယ်။ အိမ်က မုန့်ဖိုး ဘယ်လောက်ပေးပေး မလောက်တတ်ဘူး။ အဲ့ဒီအခါ တိုမိုကိုလေး လို့ ခေါ်တဲ့ နန်း ညီမလေးဆီကနေ ပိုက်ဆံချေးတတ်တယ် (ပြန်တော့ မဆပ်ဖူးပါဘူး ဟီး)။ အိမ်က ပိုက်ဆံတော့ မသိအောင် မယူဖူးဘူး။ မုန့်စားလို့လဲ ဘယ်တော့မှ မ၀ဘူး။ အဲဒီတော့ သူငယ်ချင်းနှစ်ယောက် ဆားချက်ကြတယ်။

ဘယ်လိုမျိုး ဆားချက်လဲဆိုတော့... နန်းက နန်းတို့အိမ်ကနေ ဆန်ကွဲ (ဇကွဲ ဟု အသံထွက်ပါရန်) နှစ်ဗူးလောက်ကို အိတ်လေးနဲ့ ထည့်လာ။ ချိုကြီးက သူ့အိမ်ကနေ ဆန်ကွဲ နှစ်ဗူးလောက်ကို အိတ်လေးနဲ့ ထည့်လာ။ ပြီး အဲ့ဒီ ဆန်ကွဲတွေကို မုန့်ပြားသလက်နဲ့ လဲစားကြတယ် ဟီး။ မီးဖိုလေးဘေးမှာ ငုပ်တုပ်လေးတွေ ကိုယ်စီထိုင်ပြီး ဆန်ကွဲနဲ့ မုန့် လဲစားခဲ့ကြတာကို ခုထိ နန်း သတိရနေမိတုန်းပါ။ အလယ်တန်းကျောင်းသူဘ၀ ငယ်ငယ်တုန်းကပေါ့။

ခုလဲ ငယ်ငယ်တုန်းကလို.....................။

Wednesday, June 2, 2010

ကျွန်မ၏ မြို့ကလေး

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟုသော စကားပုံကို လက်ခံလိုက်နာခြင်း မဟုတ်ပဲ မိမိ အလိုရှိရာ နည်းပညာနှင့် အတက်ပညာများ ပေါင်းစုဆုံရာ မြို့ကြီးတစ်မြို့ဆီသို့ ကူးပြောင်းခြင်းနှင့် ဇာတိချက်ကို မြုပ်ရာ မြို့ကလေးက ထွက်ခွာခြင်းဖြင့် မြို့ပြစီးဆင်းမှုထဲ လေးနှစ်တာ ကြာအောင် ကျွန်မ စီးမျောခဲ့သည်။ ထိုလေးနှစ်အတွင်း အလိုရှိသော နည်းပညာ၊ အတက်ပညာများအပြင် လက်ခံရရှိရန် ဆန္ဒမရှိခဲ့သော  စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာပေါင်းများစွာ ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ မြို့ကြီးပြကြီးတွေရဲ့ တိုးတက်မှု အရေခွံအောက်က ဆုတ်ယုတ်နေသော ယိုယွင်းနေသော စာရိတ္တတွေ၊ ကိုယ်ကျင့်သိက္ခာတွေ၊ ဟန်ဆောင်လိမ်ညာမှုတွေ၊ အပေါ်ယံ သဘောထားကြီးမှုတွေကြားထဲမှာ ပွင့်လင်းပြီး အရှိအတိုင်း ပြောတတ်သူ ကျွန်မ လူးလိမ့်နေအောင် အနှယ်ခံခဲ့ရသည်။ ထို့သို့ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ ခေတ်မှီတဲ့ နည်းပညာ တွေ မပြည့်စုံသော်ငြားလည်း နဂိုရည်အတိုင်း မာန်မာနမထားတတ်တဲ့ မြို့ကလေးကို ကျွန်မ ပြင်းပြင်းရှရှ သတိရမိလာသည်။ ထိုသို့သောအခါ အလဲလဲအဖယ်ဖယ် တပ်ဆင်ထားခဲ့သော မျက်နှာဖုံးတို့ကို ခွာချထားလျှက် မြို့ကလေးဆီသို့ အစောတလျင် ထွက်ခွာလာခဲ့သည်။

အလိုရမ္မက်ကြီးမားစွာ သူ့အား စွန့်ပစ်ထားခဲ့သော ကျွန်မကို အပြစ်တင်ငြူစူခြင်း အလျင်းမရှိပဲ မြို့ကလေးက နွေးထွေးစွာကြိုဆိုခဲ့သည်။ သူ၏ သဘောထားကြီးမှုအောက်မှာ ကျွန်မ ရှက်ရွံ့ဖို့ သတိမရလောက်အောင်ပင် မြို့ကလေးက နူးညံ့သည်၊ တင်းအိသည်။ သူ့ရင်ခွင်မှာ ပန်းလှလှတွေ ဝေဆာမနေပါ သို့သော် မြို့ကလေးမှာ နှစ်သက်ဖွယ်ရနံ့တွေ ၀န်းရံလျှက်။ ဧရာဝတီရဲ့ အနောက်ဖက်ကမ်းမှာ မေးတင်ထားတဲ့ မြို့ကလေးက နှင်းဆီတစ်ပွင့်သဖွယ် အစွမ်းကုန်ပွင့်လန်းဖို့ ရဲတင်းစွာ နီစွေးလျှက်၊ ကလေးငယ်တစ်ဦးသဖွယ် ပွင့်လင်းလွတ်လပ်စွာ ရယ်မောမှု ပျော်ရွှင်မှုတွေနဲ့ ကခုန်လျှက်၊ မြီးကောင်ပေါက်မလေးသဖွယ် ပိုင်ဆိုင်ထားသော အလှတရားတို့ကို မ၀ံ့ရဲရဲ ဖော်ပြလျှက်၊ တစ်ခါတစ်လေမှာတော့ ဖွံဖြိုးစ လူငယ်တစ်ယောက်လို စူးစမ်းချင်တဲ့ စိတ်နဲ့ အရာရာကို ပုန်ကန်လျှက်၊ ပညာရည်ပြည့်ဝပြီးသော သက်ကြီးပုဂ္ဂိုလ်တစ်ယောက်လို အိနြေ္ဒအပြည့်နဲ့ တည်ငြိမ်လျှက်။

Monday, May 31, 2010

အွန်လိုင်းပေါ်မှ ချစ်ပုံပြင်

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ တစ်ချက်ချင်းပေါ်လာတဲ့ စာသားတွေကို ကြည့်ရင်း နန်း လက်ဖျားတွေ အေးစက်လာ တယ်။ မျက်နှာပေါ်က အပြုံးတို့ တဖြည်းဖြည်းချင်း လွှင့်စင်ကာ မျက်လုံးတွေေ၀၀ါးလာတယ်။ တဆက်ဆက် တုန်နေတဲ့ နှုတ်ခမ်းဆီက ဘာသံမှ ထွက်မလာပေမယ့် သိသာထင်ရှားလောက်အောင် နန်း ရုပ်ပျက်နေပြီ...။ မေးလ်ထဲက စာတွေကို အလွတ်မပေးပဲ အတင်းကြည့်နေပေမယ့် ဘာကိုမှ မမြင်နိုင်အောင် ဖြစ်နေပြီ။

”ဟင့်အင်း... မဟုတ်ဘူး ဟင့်အင်း မဖြစ်နိုင်ဘူး... ”
ဆိုတဲ့စကားကို စိတ်ထဲက အခါခါ ရွတ်ဆိုရင်းနဲ့ ကီးဘုတ်ပေါ် မျက်နှာအပ်ကာ အသံမထွက်ပဲ တသိမ့်သိမ့်တုန်သည် အထိ နန်း ငိုမိသည်။ ဘေးဘီမှာ ဘယ်သူရှိနေမလဲ.. ။ ဘယ်သူတွေ နန်းကို ကြည့်နေမလဲ နန်းမသိတော့ဘူး။ နန်း ရင်ထဲမှာ ၀မ်းနည်းနာကျင် နှမြောတသမှုတွေပဲ ရှိတယ်။ ဘာကိုမှ နန်းသတိမထားနိုင်တော့ဘူး။ နန်း တကယ်ကို ခံစားကြေကွဲရပါတယ် စိုင်းရယ်။

စိုင်း.........။

အဝေးရောက်ချစ်သူ

မင်းမှာလဲ အတိတ်ရှိသလို ငါ့မှာလဲ အတိတ်နဲ့ပဲလေ...
လူဆိုတာ အတိတ်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မင်းအနာဂတ်နဲ့ ငါ့အနာဂတ် တူညီနေဖို့ လိုတာပါကွာ

မင်းထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
ငါ့စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
ငါ့ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မင်း အရှေ့က လမ်းကူပြမယ်...

မင်းနဲ့ငါကြားမှာ
လေဟာနယ်တွေရှိမယ်...
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်...
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်...

ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မင်း အသံအက်ရှရှတွေရယ်...
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မင်း အပြုံးပွင့်တွေရယ်...

အနားမှာ ရှိမနေပေမယ့်..
မင်း ရင်ခွင်မှာ ငါ ခိုဝင်တယ်...
အနားမှာ ရှိမနေပေမယ့်..
ငါ့ပုခုံးထက်မှာ မင်း မှီတွယ်တယ်..

ချစ်သူရယ်...
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Sunday, May 30, 2010

ချစ်သူ့စကားသည်သာ

လက်မောင်းတစ်ခုလုံး ထုံကျင်စွာနဲ့ ရွှေစင် နိုးထလာသောအခါ မနက် ငါးနာရီကျော်နေပြီ ဖြစ်သည်။ ညက ကိုပိုင် ပြန်အလာကို စောင့်ရင်း ကီးဘုတ်ပေါ်လက်တင် ခေါင်းအုံးကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ ထိုင်လျှက်အိပ်ပျော် သွားခြင်း ဖြစ်၍ နာနေသော ခါးကို လက်သီးဆုပ်ဖြင့် နောက်ပြန်ဖြေရင်း ရွှေစင် မက်ထပ်ထ ရပ်လိုက်သည်။ အခန်းကို ဝေ့ကြည့်လိုက် တော့ မနေ့ကအတိုင်း ဘာမှအရာမယွင်း။ ယုတ်စွအဆုံး ကိုပိုင် လောလော လောလောနှင့် ပစ်တင်ထားခဲ့သော မျက်နှာသုတ်ပုဝါကအစ ဒီအတိုင်းတိုင်း။ သက်ပြင်းတစ်ချကို ရှည်လျားစွာ ချလိုက်မိသည်။ ဖုန်းကို ဖွင့်ကြည့်တော့လဲ ဘာမှမထူးခြား၊ မေးလ်ဘောက်စ်မှာတော့ မဆေ့ခ်ျ ရှိနိုင်ကောင်းပါရဲ့လေ. ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖွင့်ကြည့်သော်လည်းပဲ ဘာမှမရှိ။

မျက်လုံးကိုမှိတ် ခေါင်းမော့ပြီး အသက်တစ်ချက်၀၀ ရှုလိုက်သည်။ မနေ့က ဘာများဖြစ်ခဲ့ပါလိမ့် စဉ်းစားကြည့်မိသည်။ ထိုနေ့က စနေနေ့။ တစ်မြို့တည်းနေပြီး အလုပ်ကိုယ်စီနှင့် မတွေ့ဖြစ်သော ချစ်သူကို တမ်းတလွမ်းဆွတ်သော စိတ်ဖြင့် ကိုပိုင်ဆီကို သူမ ထွက်လာခဲ့သည်ပဲ။ မနက်ဖြန် တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သောကြောင့် ကိုပိုင်နှင့် တစ်ညလုံး ဂစ်တာတီးမယ် သီချင်းဆိုမယ် စကားပြောမယ် ဆိုသည့် အတွေးတို့နှင့် ဖြစ်သည်။ သူကြိုက်တတ်သည့် သီးစုံပဲဟင်း ချက်ကျွေးရန် လိုအပ်သည့် အသီးအနှံများ ၀ယ်ယူကာ လာခဲ့သော ရွှေစင်အား သော့ပိတ်ထားသော အခန်းက ကြိုနေခဲ့သည် မဟုတ်လား။

“အဲ့ဒီ ကိုပိုင် တစ်ယောက်ဟာလေ ရုံးပိတ်ရက်လဲ ဘယ်သွားနေမှန်း မသိဘူး ဖုန်းလေး တစ်ချက် မဆက်ချင်ရင်တောင် မဆေ့ခ်ျလေးတောင် ချန်ထား သင့်တယ်ကွာ” ရွှေစင် ညည်းညူစွာ တစ်ကိုယ်တည်း ပြောဆိုရင်း တစ်ယောက် တစ်ချောင်းစီ ကိုင်ဆောင်ထားသော သော့နှင့် အခန်းအား ဖွင့်ဝင် လိုက်သည်။ ဘယ်လောက်ပဲ အချိန်နည်းနည်း အခန်းကို အချိန်ယူပြီး ရှင်းတတ်တဲ့ ကိုပိုင့်အကျင့်လေး ကြောင့် အခန်းလေးက ရှင်းသန့်နေသည်။ ၀ယ်လာသည့် ပစ္စည်းတွေကို မီးဖိုခန်းထဲက စင်ပေါ်တင်ပြီးသည်နှင့် အခန်းပြတင်းပေါက်တွေကို လိုက်ဖွင့်လိုက်သည်။ သူ ပြန်လာမှပဲ ပူပူနွေးနွေး ချက်စားမယ်ဆိုသည့် စိတ်ကူးနှင့် ရွှေစင် ကွန်ပျူတာရှေ့ကို ထိုင်လိုက်သည်။

ကျွန်မ၏ ပဲ့ကိုင်ရှင်

ကျွန်မတို့ မိသားစုသည် ဖေဖေ၊ မေမေ၊ ညီမလေး နှင့် ကျွန်မသာ ပါဝင်သော မိသားစုလေးတစ်ခုဖြစ်သည်။ ဖေဖေသည် တည်တံ့သော မျက်နှာနှင့် တင်းကြပ်သော စည်းကမ်းများနှင့် စကားကို မလိုအပ်ပဲ မပြောတတ်သူ ဖြစ်သည်။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်သာ မကပဲ ကျွန်မတို့ အိမ်သို့ အလည်ရောက်လာတတ်သော ကျွန်မတို့၏ သူငယ်ချင်းများပါ ဖေဖေ့ကို ချစ်၊ ကြောက် ရိုသေခဲ့ကြရသည်။ သူ၏ ပင်ကိုစရိုက်ကြောင့် မျက်နှာထား တင်း သော်လည်း ခင်မင်အားနာတတ်သူလဲ ဖြစ်သည်။ အပေါင်းအသင်း များနှင့် ဆုံရင်တော့ ပုံတိုပတ်စလေးများ၊ ဟာသများ၊ သူ၏ ဘ၀အတွေ့အကြုံများကို မျှဝေကာ ပျော်ပျော်နေတတ်သူ ဖြစ်သည်။

ယောင်္ကျားတော်တော်များများက အရက်သောက်ထားရင် သွေးဆိုးတတ်ပေမယ့် ကျွန်မ၏ ဖေဖေကတော့ အရက်သောက်ထားလေ ပိုပြီး ချစ်ဖို့ကောင်းလေ ဖြစ်သည်။ ပုံမှန်က တည်တင်းသော မျက်နှာနှင့် ဖေဖေသည် အနည်းငယ် သောက်ထားပြီဆိုသည်နှင့် အိမ်ရှိလူကုန်ကို လိုက်နောက်ကာ စကားတွေ အများကြီး ပြောတတ်သည်။ ထိုသို့အခါတွင် ကျွန်မတို့ ညီအစ်မနှစ်ယောက်နှင့် မေမေတို့ ပျော်ရွှင်ရယ်မောနေကြရသည်။ သားအဖတတွေ ၀ိုင်းကြီးပတ်ပတ် ကစားခဲ့ရဖူးသည်။ မေမေ့ လက်ကို ဆွဲကိုင်ပြီး ကပြခဲ့ဖူးသည်။

စည်းကမ်းတကျ နေတတ်သော ဖေဖေရဲ့ အုပ်ချုပ်မှုအောက်တွင် ကျွန်မတို့ ညီအစ်မ အိမ်လည်မထွက်ခဲ့ဖူးပါ။ ကျွန်မတို့ အိမ်သို့သာ သူငယ်ချင်းများ လာရောက်လည်ပတ် ကစားခဲ့ရသည်။ နယ်မြို့လေးရဲ့ ရိုးရာ တန်ဆောင်တိုင်ပွဲတိုင်း ကျွန်မတို့ညီအစ်မ အပြင်မထွက်ရပါ။ လမ်းထိပ်မှ ဖိုးရှမ်းတို့ မောင်နှစ်မ နှစ်ယောက်ကို ခေါ်ပေးပြီး လေးယောက် တည်းနဲ့ အိမ်ထဲတင် ပိုက်ဆံကြဲကာ ကောက်စေခဲ့သော ဖေဖေပင် ဖြစ်သည်။

မောင်နှစ်မနည်းသော ကျွန်မတို့ ညီအစ်မနှစ်ယောက်ကလဲ သူငယ်ချင်း ကို အလွန်ခုံမင်တွယ်တာတတ်သည်။ မေမေ ထမင်း ခွံ့ကျွေးချိန်တိုင်း နှစ်ယောက်တည်း စားရသည်ကို ပျင်းသည်။ မေမေ ထမင်းခူးတာ မြင်သည်နှင့် လမ်းထိပ်က ဖိုးရှမ်းတို့ မောင်နှစ်မကို ပြေးခေါ်သည်။ ပြီး မေမေခွံ့သည့် ထမင်းလုပ်ကို လေးယောက် အလုအယက်စားသည်။ လေးယောက် ပါးစပ်ကို အလျင်မှီအောင် ခွံ့ရသော မေမေ့ကို ကြည့်ပြီး ကျွန်မတို့ ပျော်ရွှင်ရသည်။

ဖေဖေနှင့်မေမေသည် နှစ်ဖက်မိဘတွေ အခက်အခဲရှိရက်နှင့် ရအောင်လက်ထပ်ယူထားကြသော ဇနီးမောင်နှံဖြစ်သည်။ သို့သော် အခြေခံမတူသော ဘ၀ကိုယ်စီကလာသူတွေမို့ အမြဲလိုလို စကားများ ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်တိုင်း မေမေက ညီမလေး၏ လက်ကို ဆွဲကိုင်ကာ အိမ်ပေါ်က ဆင်းသည်။ အကြီးဖြစ်သော ကျွန်မကတော့ ထွက်ခွာသွားသည့် မေမေနှင့် ညီမလေးကို ကြည့်ကာ မျက်ရည်ဝဲကာ ကျန်ရစ်ခဲ့ရတာချည်းပင်။

ဖေဖေ နှင့် ကျန်နေခဲ့ရသော ကျွန်မအတွက် ဘာမှမလိုအပ်ခဲ့ပါ။ ထမင်းဟင်းကို ဆိုင်မှာ သွားစားကာ ကျောင်းပို့သည့်အခါတွင်လည်း မေမေကဲ့သို့ ဖွယ်ဖွယ်ရာရာ စီစဉ်မပေးနိုင်သည့် ဖေဖေက မုန့်ဖိုးကို အများကြီး ပေးလိုက်လေ့ရှိသည်။ မေမေ ကျောင်းလိုက်ပို့သော ညီမလေးကတော့ ထမင်းဘူးနှင့် မုန့်ခြင်းနှင့် ဖြစ်သည်။ ကျောင်းရောက်မှ ဆုံရသော ကျွန်မတို့ ညီအစ်မမှာ ကျွန်မက ပါလာသော ပိုက်ဆံဖြင့် ညီမလေးကို မုန့်ဝယ်ကျွေးသည်။ ညီမလေးက မေမေ ထည့်ပေးလိုက်သော မုန့်တို့အား ကျွန်မကို ကျွေးသည်။

Friday, May 28, 2010

ညီမလေးသို့ အိတ်ဖွင့်ပေးစာ



ညီမလေးရေ

တို့မြန်မာ မိသားစု ရိုးရာ

အထက်အောက်ဆိုတဲ့
အစဉ်အလာဟောင်းထဲက ဖောက်ထွက်ခဲ့ပါ။

အကြီးနဲ့ အငယ်ကို
ဖယ်ထားလိုက်ရင်

ညီအစ်မဆိုတာပဲ
ကျန်မှာ မဟုတ်လား။

ငါ မှားပြီး မင်းမှန်တဲ့အခါ
မင်း အစ်မလုပ်ပြီး ဆုံးမပေါ့……..

မင်းမှားပြီး ငါမှန်တဲ့အခါ

မင်း ညီမလုပ်ပြီး နာခံလိုက်ပေါ့……။

ငါ့ရယ်သံတွေ
မင်းနှုတ်ခမ်းက ထွက်ကျတဲ့အထိ
မင်း ငိုရှိုက်သံတွေ
ငါ့နှုတ်ခမ်းက ပွင့်အန်တဲ့အထိ
ရင်ချင်းထပ်လို့ ချစ်ခဲ့ကြတာပဲ။

မင်းကြုံလာတဲ့ ကိစ္စတိုင်းမှာ
ရှေ့ကနေ ငါ မားမားရပ်ခဲ့သလို
ငါကြုံခဲ့တဲ့ ပြဿနာတိုင်းမှာ
နောက်ကနေ မင်း ကြံ့ကြံ့ခိုင်ပေးခဲ့တာပဲ။

မင်း စိတ်ဆိုးအောင် ငါလုပ်ခဲ့ဖူးသလို
ငါ ဒေါသထွက်အောင် မင်း စခဲ့ဖူးတယ်
စိတ်ကောက်၊ ရန်ဖြစ်ပြီး
သဘောထားတွေ ကွဲလွဲခဲ့ဖူးတယ်။


မင်းဖျားတုန်းက ငါလိုက်ဖျားခဲ့သလို
ငါ မျက်ရည်ကျတော့ မင်းလိုက်ငိုခဲ့ဖူးတယ်
သုံးနှစ်ကျော် ကွာပေမယ့်
အမြွာတွေ ထင်ရလောက်အောင်
တို့နှစ်ယောက်စည်းလုံးခဲ့ဖူးတယ်။

Thursday, May 27, 2010

ဖြတ်သန်းခဲ့သော မြစ်ပြင်များ


ကျွန်မ ရေမကူးတတ်ပါ။ ပို၍ တိကျစွာ ပြောရလျှင် ရေထဲတွင် ကိုယ်ကိုဖော့၍ ခြေရော လက်ပါ လှုပ်ရှားကာ ကူးခပ်ရသော အတက်ပညာကို ကျွန်မ တက်မြောက်ခြင်း မရှိပါ။ သို့သော်.. ခရီးသွားလာရန်ဖြစ်စေ၊ ဘ၀ရပ်တည်မှု အတွက် ဖြစ်စေ၊ အခြားသော အကြောင်းအရင်း ပေါင်းများစွာဖြင့် မြစ်ပြင်များကို ကျွန်မ ဖြတ်သန်းခဲ့ ရသည်မှာ ငွေရတု တိုင်လာသော အသက်အပိုင်း အခြားတွင် ကြိမ်ရေ ရာချီနေပြီ ဖြစ်သည်။

ကျွန်မ ဘ၀ရဲ့ ကနဦး မြစ်ဖြတ်ကူးခဲ့ရခြင်းမှာ မိဘ တည်းဟုသော အကာအရံ တို့နှင့် ဖြစ်၍ ဖေဖေ၏ စောင့်ရှောက်မှု မေမေ၏ နွေးထွေးမှုတို့ အကြားမှာ လှိုင်းဆိုတာလဲ ကျွန်မ ကြောက်ရွံ့ရကောင်းမှန်း မသိခဲ့ပေ။ လေထန်၍လည်း ငိုကြွေးဖို့ သတိမရလောက်အောင် မိသားစုအတွင်းမှာ ပျော်ရွှင်ခဲ့သည်သာချည်း ဖြစ်သည်။ ကစားစရာ အသစ်အဆန်း တစ်ခုကို တွေ့မြင်ရသည့် ကလေးတစ်ဦးသဖွယ် မြစ်ရေတို့အား ထိတွေ့ကိုင်တွယ်လိုစိတ်နှင့် ကျွန်မ တက်ကြွခဲ့သည်။

မိဘ၊ မိသားစု မပါပဲ ဖြတ်ကူးခဲ့ရသော မြစ်ကူးခရီးစဉ်မှာ ချစ်သူနှင့် ဖြစ်သည်။ ချစ်သူနှင့်အတူ သွားလာစဉ် မြစ်ပြင်ပေါ်မှာ တည်ငြိမ်သည်လဲ ရှိသည်၊ လူးလွန့်သည်လဲ ရှိသည်။ ရင်ခုန်မှု၊ ယုံကြည်မှုတို့နှင့် ကျွန်မ ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်မလာခဲ့။ ချစ်သူ၏ ပုခုံးကို မှီနွဲ့ရင်း စိုးထိတ်ဖို့ ကျွန်မ မေ့လျော့ခဲ့သည်။ ချစ်သူ့လက်ကို ဆွဲရင်း မြစ်ပြင်ကိုပင် အကြိမ်ကြိမ် ကူးဖြတ်ခဲ့သည်။


ဘ၀ဟူသည် မျှော်မှန်းထား၍ မရသော အပြောင်းအလဲ၊ အချိုးအကွေ့များနှင့် ပြည့်နှက်နေသော အရာပင် ဖြစ်သည်။ ချစ်သူအတွက် မြစ်ပြင်ကို ပျော်ရွှင်စွာ ဖြတ်ကူးခဲ့သော ကျွန်မ မြစ်ပြင်ပေါ်မှာပင် ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရသည်။ ကိုင်ဆွဲစရာ လက်မရှိတော့သော ကျွန်မ သတိသက်ဝင်လာသောအခါ ကျွန်မ၏ ပတ်ဝန်းကျင်သည် ရေချည်းအတိသာ ဖြစ်သည်။


Tuesday, May 25, 2010

ကျွန်မ မောင့်ကို ချစ်သည်။

ကျွန်မ : လက်တစ်ဝါးစာ ရင်ဘတ်ကလေးနဲ့ မိုးကောင်ကင်လောက် ခံစားသူ။
မောင် : ကျွန်မ မပိုင်ဆိုင်သော ကျွန်မ၏ ဒုတိယအသက်။
ချစ်သည် : ချစ်သည်ဟု ဆိုရာဝယ် “အချစ်” ဆိုသည့် စကားကို ထပ်မံညွှန်းဆိုရန် လိုမည် ထင်သည်။
အချစ် : လူအမျိုးမျိုး၊ စိတ်အထွေထွေ တွင် အချစ်သည် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရပ်တည်နေပါလိမ့်မည်။

တစ်ချို့က အချစ်ဆိုတာ ချိုလဲချို၊ ခါးလဲခါး၊ မာလဲမာ၊ ပျော့လဲပျော့၊ ပူလဲပူ၊ အေးလဲအေးသည်ဟု ဆိုသည်။ တစ်ယောက်ကလဲ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းဟု ပြောသည်။ ပေးဆပ်လိုက်ရသူ တစ်ယောက်ကလည်း အချစ်ဆိုတာ စွန့်လွှတ်ခြင်းဟု၍ ပြောပါလိမ့်မည်။ အချစ်ဆိုတာ ရေခဲတုံးလိုပဲ စားခဏမှာ အေးပြီး ရင်ထဲရောက်ရင် ပူတယ်ဟု ဆိုသူက ဆိုပြန်သည်။ အချို့သော သူတွေအတွက်တော့ အချစ်ဟာ ခွန်အားတစ်ခု ဖြစ်သလို အချို့အတွက်တော့ အချစ်ဟာ နတ်ဆိုးတစ်ပါး ဖြစ်နေလေရဲ့။

44 ခုမြောက် နံနက်ခင်း

 သူမ ၏ 44 ခုမြောက် နံနက်ခင်းသည် သူမ ဖခင်၏ သက်ပြင်းဖွဖွချသံ တစ်ခုဖြင့် စတင်ခဲ့ရခြင်း ဖြစ်သည်။ ဖခင်၏ စိတ်အားလျော့နေမည့် မျက်လုံးတွေကို သူမ မမြင်ရက်သောကြောင့် မျက်လုံးများ ဖွင့်ရမည်ကို ၀န်လေးနေခဲ့သည်။ သို့သော် မဖွင့်ပဲ နေမည်ဆိုလျှင်လည်း မေမေရော ဖေဖေပါ စိတ်ပူနေကြဦးမည်။

မျက်လုံးအစုံကို ဖွင့်လိုက်တော့ နွမ်းနယ်နေပေမယ့် သနားကြင်နာမှုအပြည့်နှင့် ဖခင်ကို သူမ မြင်တွေ့လိုက်ရသည်။ “သမီးကြီး ... နိုးပလား.. အမေကြီးရေ သမီးနိုးပြီကွ.. ဆန်ပြုတ်လေး ယူခဲ့ပေး တိုက်ရအောင်” သူမကို မေးရင်း မေမေ့ကိုပါ တဆက်တည်း ပြောလိုက်သော ဖခင်ကို သူမ ခေါင်းပဲ အသာငြိမ့်ပြလိုက်သည်။