Pages

Thursday, October 6, 2011

မေမေက ကျား၊ သားလေးက ကန်


ဟယ်လို… ကျေးဇူးပြုပြီး ဒီဖုန်းနံပါတ်က ဘယ်ရောက်နေတာလဲ ဆိုတာ သိလို့ရမလားရှင်..
……..
သြော်.. ဘီယာဆိုင်လား.. ဒါဆို အဲ့ဆိုင်မှာ ဇူးဇူး ဆိုတဲ့နာမည်နဲ့ အမျိုးသမီးများ ရှိနေလား မသိဘူးနော်..
…….
ဟုတ်ကဲ့ ကျွန်မ သူနဲ့ စကားပြောခွင့်ရချင်ပါတယ်ရှင်…
…….
အခုပြောနေတာ ဇူးဇူးလား ညီမလေး..
……..
သြော်.. အစ်မ နန်းနုပါ ညီမလေး မန်းလေးက ဆက်တာပါ…
…….
အဟင်း အစ်မလဲ ညီမလေးကို မသိပါဘူးကွယ်….
…….
သြော်.. အစ်မ အမျိုးသားရဲ့ ဖုန်းထဲမှာ  ဇူးဇူး ဆိုတဲ့နာမည်နဲ့ ဒီဖုန်းနံပါတ်ကို တွေ့လို့ ဆက်ကြည့်လိုက်တာပါ…

Thursday, September 29, 2011

ချစ်သော ဧရာဝတီ

ကျွန်မ ကျွမ်းကျင် ပညာရှင် မဟုတ်ပါဘူး။ ဧရာဝတီ နဲ့ ပါတ်သက်ပြီး ရိုက်ကူးထားတာလေးတွေကို တက်သလောက် မှတ်သလောက် ဖန်တီးထားတာလေးပါ။
facebook မှာ Public Share ပေးထားပါတယ်။

video

Monday, September 26, 2011

ဧရာဝတီပါပဲ... ဒါပေမယ့် လမ်းတော့ မချော်စေချင်

နတ်ဆိုးလေး အစပြုခဲ့တဲ့ Bloggers for Ayeyarwady မှာ ဧရာဝတီမြစ်ဆုံဆည်နဲ့ ပါတ်သက်ပြီး ပို့စ်ရေးပေးဖို့ သတ်မှတ်ထားတာ ပြီးခဲ့တဲ့ သောကြာနေ့ (၂၃.၉.၂၀၁၁) ကပါ။ ဒါပေမယ့် အဲ့ဒီရက်မှာ ကျွန်မ စာဖတ်လို့ မပြီးသေးတဲ့အတွက် မရေးတင်နိုင်ခဲ့ပါဘူး။ ခုလဲ အဆင်သင့်တော့ မဖြစ်သေးပါဘူး.. ဒါပေမယ့် ကျွန်မ တစ်ခုခုကို တွေးပြီး စိတ်ပူလာတဲ့အတွက် ဒီပို့စ်ကို ရေးပြီး တင်လိုက်တာပါ။

ကျွန်မ နန်းလေပြေနုကို ပခုက္ကူဆိုတဲ့ မြို့မှာ မွေးခဲ့တာပါ။ ပခုက္ကူဆိုတာက ပုဂံ၊ညောင်ဦး တစ်ဖက်ကမ်း၊ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းနဖူးကို မေးတင်ထားတဲ့ မြို့လေးတစ်မြို့ပါ။ ကျွန်မ ချက်ကို မြုပ်ခဲ့တဲ့ သစ်ပင်ဟာ ဧရာဝတီမြစ်ရဲ့ မြောက်ဖက် ပေငါးဆယ်လောက်ပဲ ကွာဝေးတာပါ။ ဒါတွေကို အကြောင်းမဲ့ ရေးနေတာ မဟုတ်ပါဘူး။ ကျွန်မ ဧရာဝတီနဲ့ ဘယ်လိုဘယ်ပုံ ရင်းနှီးခဲ့သလဲ၊ ကျွမ်းဝင်ခဲ့သလဲဆိုတာကို မြင်သာအောင်လို့ပါ။

ကျွန်မ ဧရာဝတီကို ချစ်ပါတယ်။ ဘယ်လောက်ထိလဲဆိုရင်.... အိမ်မှာ ဖေဖေနဲ့ မေမေ ရန်ဖြစ်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စိတ်ကောက်တဲ့အခါ၊ ချစ်သူနဲ့ အဆင်မပြေတဲ့အခါ၊ ဧရာဝတီကမ်းနဖူးမှာ ရှိတဲ့ ဘုရားဘေး သစ်ပင်အောက်ကနေ ဧရာဝတီ နဲ့ တစ်ဦးတည်း စကားပြောနေတတ်တဲ့ ကျွန်မပါ။ ဧရာဝတီကို အမြဲလိုလို ထိတွေ့ခွင့်ရနေတဲ့ ကျွန်မ ဧရာဝတီမြစ်ကြီး ကန်းသွားမှာ သိပ်ကိုကြောက်ပါတယ်။

ကျွန်မ ဖြတ်သန်းခဲ့သော မြစ်ပြင်များ ဆိုတဲ့ ပို့စ်လေးက ကျွန်မရဲ့ ဧရာဝတီ အတွေ့အကြုံအစစ်တွေပါ။ ကျွန်မ ဧရာဝတီကို သိပ်မြတ်နိုးပါတယ်။ Hot Topic တစ်ခုမို့ ကျွန်မ ဧရာဝတီကို ချစ်ခင်ခြင်း မဟုတ်ပါဘူး။ ကျွန်မလည်း ဧရာဝတီ ဘက်တော်သား တစ်ယောက်ပါ။ ဒါကြောင့် ကျွန်မ ဧရာဝတီ အတွက် စိုးရိမ်ပါတယ်။ စိုးရိမ်လို့ ဒီပို့စ်ကို ရေးပြီး တင်ပါတယ်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း

ဧရာဝတီရဲ့ အစတည်ရာ မေခ နဲ့ မလိခ မြစ်ဆုံနေရာမှာ ဆည်တည်ဆောက်မယ်။ ရေအားလျှပ်စစ် ထုတ်မယ်။ တရုတ်နဲ့ ခွဲဝေသုံးစွဲရမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေလိမ့်မယ်။ တရုတ်ရဲ့ ဂုတ်သွေးစုပ်တာ ခံရမယ်.... စသည်ဖြင့်.................

မြစ်ဆုံဆည်ကို ကန့်ကွက်ပါသည်

ဒီလို ကန့်ကွက်လိုက်ရုံနဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ရပ်တန့်သွားပါ့မလား????

ဒီမေးခွန်းက တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ စီမံကိန်းကို အုတ်မြစ်ချတဲ့သူတွေကတော့ သူတို့မှာ ဘယ်လိုမျိုး အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်၊ ဘယ်လိုမျိုး ရင်းနှီးမြုပ်နှံမှုတွေ ပိုင်ဆိုင်နိုင်ပါတယ်၊ .......... ဆိုပြီး အချက်အလက် ကိန်းဂဏန်းတွေနဲ့ ငြင်းချက်ထုတ်သွားတဲ့အချိန်မှာ ကျွန်မတို့ဖက်ကရော သာမန်အရပ်သားတွေလို ...............

မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး......... ဒို့အရေး ........... လို့ အော်ဟစ်နေရုံမျှနဲ့ လုံလောက်နိုင်ပ့ါမလား????

ဆည် အမျိုးအစား ဘယ်နှစ်မျိုး ရှိလဲ။ ဘယ်အမျိုးအစားက ဘယ်အတွက် သုံးတာလဲ။ ဆည်ကနေ ရနိုင်တဲ့ အကျိုးက ဘာလဲ အပြစ်က ဘာလဲ။ Dam Failures တွေ ရှိလာခဲ့ရင် ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲ၊ ဘယ်လောက်အထိ ဆုံးရှုံးမှုတွေ ဖြစ်လာမလဲ။ ဆည်တစ်ခု ဆောက်လုပ်ဖို့အတွက် အဓိက ထည့်သွင်းစဉ်းစားရတဲ့ အချက် နှစ်ချက် ဖြစ်တဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ မကိုက်မှု၊ Environmental Impact Statement (EIS) နဲ့ အဆင်ပြေခြင်း ရှိမရှိ ဆိုတာတွေကို လေ့လာမှု မရှိပဲ သက်ဆိုင်ရာ အချက်အလက်တွေကို ကိန်းဂဏန်းတွေနဲ့ အတိအကျ မထုတ်ပြန်နိုင်ပဲ..............


မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး......... ဒို့အရေး ........... လို့ အော်ဟစ်နေရုံမျှနဲ့ လုံလောက်နိုင်ပ့ါမလား????

နောက်တစ်ချက်က ပွဲလန့်တုန်း ဖျာဝင်ခင်းတတ်သူများ အကြောင်းပါ။ ထိုကဲ့သို့သော သူများကို ကျွန်မ အကြီးအကျယ် ရွံ မုန်းပါတယ်။

ရွှေဝါရောင် တော်လှန်ရေးရဲ့ သန္ဓေက ကျွန်မရဲ့ ဇာတိမြို့ ပခုက္ကူမှာ စတင်ခဲ့တာပါ။ ရွှေဝါရောင် တော်လှန်ရေး ဘာကြောင့် ဖြစ်ပွားခဲ့ရသလဲလို့ မေးလိုက်ရင် အစစ်အမှန် အကြောင်းရင်းကို ဖြေနိုင်တဲ့သူ တော်တော်ရှားပါလိမ့်မယ်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာတဲ့အတွက် ဒါယိကာ၊ ဒါယိကာမတွေ အဆင်မပြေဖြစ်၊ ဆင်းရဲကြတာကို မတွေ့မြင် မကြည့်ရက်ကြတဲ့ သံဃာတော်များက ကုန်ဈေးနှုန်းကျဆင်းစေဖို့၊ ရန်သူမျိုးငါးပါးကနေ ကင်းလွတ်ဖို့ ဒုက္ခဆင်းရဲက လွတ်ကင်းစေဖို့ အေးချမ်းသာယာစေဖို့ ရည်ရွယ်ပြီး ပခုက္ကူမြို့ကို ပတ်ကာ စီတန်းမေတ္တာပို့ ပရိတ်ရွတ်ကြတာပါ။

ဒါကို အာဏာရူးအချို့က လက်နက်သုံး ဖြေရှင်းခဲ့တဲ့အတွက် တစ်နိုင်ငံလုံး ရွှေဝါရောင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတာပါ။

ဒါပေမယ့် တော်လှန်ရေးကြီး တစ်မြို့ပြီးတစ်မြို့ ကူးစက်သွားတဲ့အခါ မူရင်းရည်ရွယ်ချက် ပျက်ယွင်းပြီး နိုင်ငံရေး အသွင်ကို ဆောင်ခဲ့ရပါတယ်။ အဲဒီ့အတွက် ကျဆုံးသွားတဲ့ ကျွန်မတို့မြိုက သံဃာတော်တွေ အစား ကျွန်မ ရင်နာပါတယ်၊ လုံးဝ မကျေနပ်ပါဘူး။ အခုချိန်ထိ သပိတ်ပြန်မလှန်သေးတဲ့ ကိုယ်တော်တွေ ကျန်ရှိနေသေးပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကောင်းမွန်စွာနဲ့ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှု တစ်ခုကနေ မသမာတဲ့ လူအချို့ကြောင့် ရည်ရွယ်ချက်လည်း ပျောက်ဆုံး တော်လှန်ရေးလဲ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။

ဒီအဖြစ်အပျက် နမူနာ ရှိနေတဲ့အတွက် .. အခု ကျွန်မ စိုးရိမ်ပါတယ်။

ဧရာဝတီကြီး ကောသွားမှာ စိုးရိမ်သလို မြစ်ဆုံဆည်စီမံကိန်းတော်လှန်ရေးကြီး လမ်းချော်သွားမှာ ကျွန်မ စိုးရိမ်ပါတယ်။

အုပ်ချုပ်သူ လူတန်းစားကို မုန်းတီးရုံမျှနဲ့ သူတို့လုပ်ရပ်တွေကို ရှုတ်ချချင်ရုံမျှနဲ့ မှန်းသမ်း၊ ရမ်းသမ်း အချက်အလက်တွေကို အသုံးချပြီး ကန့်ကွက်ပါသည် ထိုင်အော်နေမယ့်အစား............

မှန်ကန်မျှတတဲ့ သဘောထားအမြင်ပေါ်မှာ အခြေခံပြီး ခိုင်မာတဲ့ အချက်အလက်တွေကို ရှာဖွေကိုင်ဆောင်ကာ စွဲမြဲတဲ့ ယုံကြည်ချက်တို့နဲ့ မတိမ်းမချော်တဲ့ လမ်းကြောင်းမှန်ပေါ်မှာပဲ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သင့်တယ်လို့ ကျွန်မ ထင်မြင်ပါသည်။

(လူတစ်ကိုယ် စိတ်တစ်မျိုးမို့ စိတ်တိုင်းကျ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါသည်)

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

Monday, September 12, 2011

ဘလော့ဂါတွေ ပြောတဲ့ Blogger ဆိုတာ

ရှေ့နေ ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) နဲ့ နတ်ဆိုးလေး က တဂ်ထားတဲ့ ပို့စ်လေးပါ။

“တစ်ခြမ်းမြင့် အပြုံးတွေ ပြုံးတတ်လာပြီဆိုတဲ့ ပခုက္ကူရီးယန်း ဒေါက်တာနန်းလေပြေနု” လို့ တဂ်ထားတာက တစ်ကြောင်း….. Blogger ဆိုတဲ့ ခေါင်းစဉ်ကြီးကြောင့် တစ်ကြောင်း… ရေးဖို့ရာ ကျွန်မ တော်တော်တွန့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ သုတေသနလုပ်ငန်းတွေ စတင်နေတဲ့ ကျွန်မ ဒေါက်တာ မဖြစ်သေးသလို Blogging မလို့ ခြေလှမ်းစနေသူမို့ Blogger လဲ မဟုတ်သေးဘူးလေ။

ကျွန်မ Ning ဆိုဒ် တစ်ခုမှာ ရေးခဲ့ဖူးတယ်။ Multiply မှာ ရေးခဲ့ဖူးတယ်။ Wordpress မှာ ရေးဖူးတယ်၊ ကျွန်မ ဘလော့ဂါ ဖြစ်ပါသလား။

ကိုမြစ်ကျိုးအင်း ရဲ့ ဘလော့ဂါ ပွဲဈေးတန်းမှာ ကျွန်မ ဆိုင် မပါလာလို့ စိတ်ကောက်တဲ့ အကြောင်း သွားပြောစဉ်က “သူကဖြင့် ဘလော့လောကထဲ မရှိပဲနဲ့” တဲ့။
ဒီစကားကို ထောက်ချင့်ရင် ကျွန်မ ဘလော့ဂါ မဟုတ်ဘူး သေချာတယ်( :P) ။

ထားပါတော့လေ.. ဘလော့ဂါ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူများက တဂ်လာပီဆိုတော့လည်း ရေးရတာပေါ့။ Tag တယ်ဆိုတာ နောက်ဆက်တွဲ အညွှန်းတပ်ပေးတာ မဟုတ်လား။ ဒီတော့ကာ ကိုးကားဖို့၊ ရည်ညွှန်းဖို့ Google လိုက်တယ်။ ရလာတဲ့ Result ကိုကြည့်ပြီး ဘလော့ဂါ မဟုတ်တဲ့ ကျွန်မက ဘလော့ဂါတွေ ပြောတဲ့ ဘလော့ဂါ ဆိုတာ ကို ပြန်လည်စမြုံပြန် မျှဝေဖို့ အကြံရလိုက်တယ်။ ဒီလိုနဲ့ပဲ…..


“ဘလော့ဂါဟူသည် ကိုယ်ကိုတိုင်အောင် မသိလိုက်မိပဲ စာပေကို ရူးသွပ်စွာ ခုံမင်နှစ်သက် မြတ်နိုး နေကြသူများ” By http://angelhlaing.blogspot.com

“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ" By http://kokomaunguk.blogspot.com, http://www.auntytint21183.net, http://kyawkyawthet.blogspot.com

“ဘလောဂ့်ဂါ ဆိုတာ... မည်သူတဦးတယောက် ရဲ့ လွှမ်းမိုးခြင်း ကို မှ မခံယူဘဲ .. နှလုံးသားထဲက ဆန္ဒ အစစ်အမှန် နဲ့ အမှန် တရားလေး တွေ ကိုသာ ဖော်ထုတ် ရေးသား နေတဲ့.. Free Land က Free Person များ” By http://www.shwezinu.com/

“ဘလော့ဂါဆိုတာလည်း ကိုယ့်ခံစားချက်အတွက်ဖြစ်စေ၊ ကိုယ်ချစ်သောသူ အတွက်ရည်စူး၍ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ နာမည်ကျော်အောင်မြင်ချင်လို့ဖြစ်စေ၊ မသိလိုက်မသိဘာသာ ဘလော့ဂါဖြစ်လာတာပဲဖြစ်စေ သူလုပ်လိုက်တဲ့ ဘလော့တစ်ခုဟာ အမည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါ” By http://www.kokoeaimmdy.info/

" စာရေးတာ ၀ါသနာပါသူတစ်ယောက်က ကိုယ်ရေးချင်တာ၊ ရှယ်ပေးချင်တာလေးတွေကို လာဖတ်သူတွေ အပျင်းပြေအောင်၊ (ဗဟုသုတရအောင်) ကိုယ်လဲ အပျင်းပြေအောင် (တစ်ခါတရံလဲ ပီတိစားရအောင်) အင်တာနက် web page တစ်ခုကနေ ရေးပေးနေတာ၊ ရှယ်ပေးနေတာ ဘလော့ဂ်ဂါပေါ့ " By http://auntysweet.blogspot.com

“စာပေလေးစားမှု စာပေအကျင့်သီလစောင့်ထိန်းမှု နဲ့ နောင်လာနောင်သား လူငယ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် လမ်းပြပေးတဲ့ စေတနာရှင်” By http://www.lynnkhitdeno.com/

“ဘလော့ဂါဆိုတာ တစ်ယောက် အန်ဖတ်ကို တစ်ယောက်က တန်ဖိုးထားကြသူတွေ ဖြစ်တယ်။ ဘလော့ဂါဆိုတာ အထူးချွန်ဆုံး တရားပြဆရာ ဖြစ်တယ်။ ဘလော့ဂါဆိုတာ စိတ်ပျက်စရာ စစ်မြေ၊စစ်တလင်း ကို ဖန်တီးသူ ဖြစ်တယ်။ ဘလော့ဂါဆိုတာ အသက်သာဆုံး သမဆေးဆိုင် ဖြစ်တယ်။ ဘလော့ဂါဆိုတာ အပြည့်စုံဆုံး စာကြည့်တိုက်တစ်ခု ဖြစ်တယ်။ ဘလော့ဂါဆိုတာ အကျွမ်းကျင်ဆုံး စာဖိုမှုးဖြစ်တယ်။” By http://madankoo.blogspot.com

“ဘလော့ဂါဆိုတာ အနည်းဆုံးတော့ စာပေမြတ်နိုးသူတွေမို့ အချင်းချင်း ကောင်းရာမွန်ရာလေးတွေ မျှဝေရင်း စိတ်ချင်းဆက်သွယ်နေသူတွေပါ” By http://theingara.blogspot.com

“ဘလော့ဂါဆိုတာ အမေတစ်ယောက်တည်းက မမွေးပေမယ့် Blogger.com ကနေ မွေးထုတ်ပေးလိုက်တဲ့ ညီအကို၊မောင်နှမတွေ ဖြစ်ပါတယ်။” By http://www.alinthit.co.cc

“ဘလော့ဂါဆိုတာ မိမိသိသမျှ၊တွေး မိသမျှ၊မိမိမြင်တွေ့သမျှ၊အစစအရာရာကို မျှဝေခံစားပေးကြတဲ့ လူသားများသာ” By http://mglay97.blogspot.com

“ဘလော့ဂါဆိုတာ မိဘတွေလိုပါပဲ...သူတို့ရေးတဲ့စာတွေကတော့ သူတို့ရဲ့ သားသမီးတွေပေါ့” By http://jasminesweet.blogspot.com

“ဘလော့ဂါဆိုတာ ဘလော့ဂ်ပေါ်မှာ စာမရေးရမနေနိုင်တဲ့ ရောဂါရနေတဲ့ လူတန်းစားတွေပါ။” By http://hankyi.blogspot.com/

“ဘလော့ဂါတွေဟာ ကိုယ်သန်ရာ သန်ရာ ကဏ္ဍတွေကနေ ကိုယ့်ရဲ့ ဗဟုသုတ၊ အသိပညာ၊ စိတ်ခံစားချက် တွေကို ဝေမျှ နေတဲ့သူတွေပါ။” By http://nyiyethit.blogspot.com

“Virtual World မှာ Real Feelings တွေ ဖြစ်နေပေမယ့် ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတတ်တာ “ဘလော့ဂါ ” By http://kyanaww.blogspot.com/

( နှစ်သက်ရာ Blogger ဆိုတာ တွေကို ကူးယူဖော်ပြရာတွင် မည်သူ့ကိုမှ အသိပေး ခွင့်တောင်းခဲ့ခြင်း မရှိပါ၍ သက်ဆိုင်ရာ ဘလော့ဂါ များအား တောင်းပန်အပ်ပါသည်)

ချစ်ခင်စွာဖြင့်

နန်းလေပြေနု

Monday, September 5, 2011

ချစ်သူဖတ်ဖို့ ရေးတဲ့စာ

ကျွန်မ ဝတ္ထုတိုလေး တစ်ပုဒ် ကြိုးစားရေးနေတယ်။ ထုံးစံအတိုင်း လက်စမသပ်နိုင်ခင်မှာပဲ အပါတ်စဉ်၊ လစဉ်၊ အကြို၊ အစစ် စတဲ့ စာမေးပွဲစီးရီးကြီး ဝင်လာခဲ့တယ်။ ဒါကြောင့် ဆားချက်တဲ့အနေနဲ့ ကျွန်မ ချစ်သူ သင်တန်းမှာ ဖတ်နိုင်ဖို့ ရေးထားခဲ့တဲ့ ချစ်သူဖတ်ဖို့ ရေးတဲ့စာလေးကို တင်ပေးလိုက်ပါတယ်။ ချစ်သူသာ မဟုတ်ဘဲ မောင်နှစ်မ၊ သူငယ်ချင်းတွေအကြားမှာ ဖတ်မိခဲ့ရင်လဲ ပိုပြီး အဆင်ပြေချစ်ခင်စေချင်တဲ့ ဆန္ဒပါ။ နောက်တစ်ခုက ကျွန်မ Wordpress ကနေ Blogger ကို ပြန်ရောက်လာပြီ ဖြစ်ကြောင်းပါ။

ချစ်သူ/-
လူနှစ်ယောက်ဟာ တစ်ထပ်တည်း၊ တစ်သားတည်း ဖြစ်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ အကျင့်၊ စရိုက်၊ ဝါသနာ၊ စိတ်နေသဘောထား ... အရာအားလုံးဟာ အနည်း၊ အများသာ မတူရင်နေမယ် ကွဲလွဲချက်ကလေးတွေ ရှိနေကြမှာပါပဲ။

အကယ်၍များ ချစ်သူနဲ့ ကျွန်မ အကြား သဘောထား၊ ခံယူပုံချင်း မတူညီခဲ့ရင် ...

(၁) နားလည်ပေးလို့ ရခဲ့ရင် နားလည်ပေးကြမယ်။
(၂) နားလည်မပေးနိုင်ခဲ့ရင် သည်းခံပေးကြမယ်။
(၃) သည်းမခံနိုင်တော့တဲ့အဆုံး ခွင့်လွှတ်ပေးကြမယ်နော်။

လူသားပေါင်း သန်းပေါင်းများစွာထဲကနေ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ တွေ့ဆုံမှုလေးကို မြတ်နိုးတန်ဖိုးထားပြီး တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတွေ ဝေမျှကြရမယ်နော်။

ချစ်ခြင်းအားဖြင့်
နန်းလေပြေနု

Monday, August 9, 2010

သူ့ဝန်ထမ်း

တာဝန်နဲ့ ၀တ္တရားဆိုတဲ့
ကမ်းပါးနှစ်ခုကြားမှာ
မြစ်ကျိုးအင်းတွေ ဗရပွနဲ့
ဒဏ်ရာရမြစ်တစ်စင်း
ဖြစ်မှန်းမသိ ဖြစ်ခဲ့သူ။ ။

ရင်ငြိမ်းပန်း(ပခုက္ကူ)

Friday, August 6, 2010

ငါ၏ ကျဆုံးခြင်း

ခွင့်လွှတ်မှု
နားလည်မှုတွေနဲ့
ကိုယ့်ကိုကိုယ်
ပိုက်ထွေးထားလိုက်ရတာ
ငါဆိုတာတောင် ရှာမတွေ့တော့ဘူး။ ။


ရင်ငြိမ်းပန်း(ပခုက္ကူ)